【 ဆောင်းပါး 】 လွမ်းစရာ ဇာတ်ပွဲများ

【 ဆောင်းပါး 】 လွမ်းစရာ ဇာတ်ပွဲများ

နတ်တော်-ပြာသို၊ ပြာသို-တပိုတွဲလများဆို ကျနော်တို့ဘက်မှာ ဘုရားပွဲတွေ ဆက်တိုက်စပြီ။ 
 
ကျနော်တို့ဘက်ဆိုတာ ပဲခူး၊ စစ်တောင်းဘက် သနပ်ပင်၊ ဝေါ၊ အဗျား စသည် ပဲခူးမြစ်ဘေးက နယ်တွေ။ဒီလိုနယ်တွေမှာ ပျော်စရာဆိုလို့ နွေပေါက်သည်နှင့် ဘုရားပွဲတွေ အလှူပွဲတွေသာရှိသည်။ 
 
ဘုရားပွဲဆိုလျှင် မပါမဖြစ်က ဇာတ်ပွဲဖြစ်သည်။ကျနော်တို့ ငယ်စဉ် ကျောင်းတွေပိတ်ပြီဆို ပျော်စရာကောင်းသည်။ရွာထဲ စပါးသိမ်းပြီဖြစ်သလို မိုးယွန်းကြီးဘက်မှာ ရေကျပြီဖြစ်သဖြင့် ငါးကပေါပြီ။ကျနော်တို့ ကလေးတွေမှာ လယ်ကွင်းထဲ ရှုပ်မလား၊ တူးမြောင်းဘက် ရှုပ်မလား။ဒီလိုမှမဟုတ်လျှင် ရွာဘုရားပွဲအတွက် ပြင်ဆင်တာမှာ သွားရှုပ်မလားဖြင့် ခုချိန်ပြန်တွေးတော့ ပျော်စရာ။ 
မနက်မိုးလင်းလို့ သနပ်ပင် လှေဆိပ်မှာ ဇာတ်ကားတွေရောက်နေပြီ။မော်တော်နဲ့ သွားကဲ့နေပြီဆို ကျနော်တို့ ကလေးတွေမှာ နေမရတော့။တူးမြောင်းဘေး ရွာလှေဆိပ်ကနေ ဖင်တကြွကြွ လည်တမျှော်မျှော်။ဒီလို အပျော်အပါးကို ခုံမင်သည့် စိတ်သည် ဆိုင်းသံဆိုသံ၊ ကသံခုန်သံဖြင့် ဇာတ်ပွဲထဲမှာ အိပ်ရသည့် အရသာကနေ စသည်။
 
ဘုရားပွဲစပြီ။ဇာတ်ဝင်ကာ စင်ထိုးသည်နှင့် စင်ထိုးလို့မပြီးခင်ကပင် ဖျာစုတ်ကို ပိုက်ကာ နေရာဦးသည်။ကိုယ်ဦးထားသည့်နေရာ ကိုယ့်ဖျာကို သူများဖယ်မှာစိုးသဖြင့် တစ်နေ့လုံး ဘယ်မှ မသွားနိုင်။ဘုရားပွဲခင်းထဲမှာ တစ်နေ့လုံး ကိုယ့်လိုနေရာလာဦးသည့်သူတွေနှင့် ခုန်ကြလွှားကြ ရန်ဖြစ်ကြ၊ ကစားကြ။ဘုရားပွဲမှာ ကျွေးသမျှ စားပြီး ညဘက် ဇာတ်ကသည့်အခါ ကျနော်တို့ ကလေးတွေ မောမောနှင့် တစ်ခန်းရပ်ပြဇာတ် မလာခင်ပင် ပွဲခင်းအလယ် အိပ်ကြပြီ။နှစ်ပါးသွားမစခင် အားလပ်ချိန်ပေးတော့ ကျနော်တို့ ကလေးတွေ နိုးပြီ။ဒီမှာ တစ်စခန်းထကာ ပွဲခင်းစျေးထဲ မကုန်သည့် ကောက်ညှင်းပေါင်း၊ အကြော် စသည့် မုန့်များကို ဝယ်တာနည်းနည်း အပိုတောင်းတာများများဖြင့် အ၀စားကြသည်။  
 
ကျနော်တို့ဘက်က ဇာတ်ပွဲ၊ အငြိမ့်ပွဲဆိုသည်မှာ ရန်ကုန်ကလို ရုံသွင်းပြတာ မဟုတ်။ဗလာဇာတ်လို့ခေါ် သည့် ဘုရားရှိရာ ဘုန်းကြီးကျောင်းဝင်းထဲ စင်ထိုးကာ ကကြရခြင်းဖြစ်သည်။လာသည့် ဇာတ်တွေက စင်ထိုးရန်လိုသည့်ပစ္စည်း အပြည့်အစုံပါပြီးသား။ဒီတော့ ဇာတ်ပွဲအငြိမ့်ပွဲကို စင်ဆောက်သည်ကနေ ညဘက်ကသည်အထိ ကျနော်တို့ ကလေးတွေမှာ ဇာတ်ပွဲနားတောက်လျှောက်ရှိနေသည်မှာ ဇာတ်သမားတွေ ပြန်သည်အထိ။ဒီလောက်အားပေးသည်မှာ ကျနော်တို့ ကလေးတွေသာရှိမည် ထင်သည်။ဒီလိုစိတ်က ကြီးပြင်းလို့ ရန်ကုန်ကိုပြောင်းမှ လျော့တော့သည်။ဒါတောင် ကျနော်နေသည့် အနီးနားတွင် ဇာတ်ပွဲတွေ ဘုရားပွဲသံတွေကြားလျှင် ခေါင်းကထောင်မိသေးသည်။
 
ဇာတ်ကသည့်ရက်နှင့် အလုပ်ပိတ်ရက် ကြုံပါက ညလယ်လောက်ထိ သွားကြည့်သေးသည်။မအားပါက ပွဲစျေးတော့ ရအောင်လျှောက်သည်။ရန်ကုန်မှာ ဇာတ်ပွဲအစ သမိုင်းကျိုက်ဝိုင်းကလို့ ဆိုသည်။ကျိုက်ဝိုင်းကနေ တစ်ဆင့်ပြီး တစ်ဆင့် နောက်ဆုံး သန်လျင် ကျိုက်ခေါက်မှာဆုံးသည်ဟု ဆိုသည်။
 
ကျနော့်အဖို့ ဇာတ်ပွဲများရှိသည့်နေရာသို့ မရောက်နိုင်လျှင်တောင် ညဘက် ဇာတ်ပွဲကနေ ဆိုင်းသံကို နားထောင်ကာ  စိတ်က ပွဲခင်းအလယ် ရောက်နေသည်။
 
ကျနော်တို့ သက်တမ်းတွင် ဇာတ်ပွဲများ အငြိမ့်များ အစည်ကားဆုံးအချိန်ကာလသည် ကိုးဆယ်ကျော်ကာလတွေဖြစ်မည် ထင်သည်။ရန်ကုန်မှာသာမက နေရာစုံတွင် ပွဲလမ်းသဘင်တွေရှိသလို အခါကြီးဖြစ်သည့် သီတင်းကျွတ် တန်ဆောင်မုန်း အချိန်အခါမျိုးတွင် အရပ်တိုင်း စင်တွေထိုးကာ ကကြခုန်ကြဖြင့် စည်ကားလှသည်။ 
 
ကျနော်က ရန်ကုန်ကို ၈၀ ဝန်းကျင်ကတည်းက ရောက်နေတာဖြစ်သည်။ရန်ကုန် ဆင်မလိုက် သုံးတောင်ကွေ့က ဘုရားပွဲကိုလည်း နွှဲဖူးသည်။သီတင်းကျွတ် ရေကျော်ပွဲစျေးလည်း မလွတ်။တကယ်က ပွဲကိုကြိုက်လို့ဖြစ်ပြီး အထူးသဖြင့်ပွဲခင်းထဲထိုင်ကာ မြန်မာ့ဆိုင်းဝိုင်းမှ ပတ်လုံးစမ်းတာ၊ ဟိုယိမ်း၊ ဒီယိမ်းဖြင့် တီးတဲ့အသံကို နားထောင်ရတာ ကြိုက်လို့ ဖြစ်သည်။    
 
တစ်ခါကဆို ညဘက် အိပ်နေရင်း ဆိုင်းသံကိုကြားသဖြင့် နိုးလာသည်။အချိန်က အရုဏ်တက် အုန်းမောင်းတောင် မခေါက်သေး။ဆိုင်းသံက လေသင့်ရာဆိုတော့ ဘယ်ဘက်ကလာမှန်းမသိ။ဆောင်းတွင်းလည်းဖြစ် အေးကလည်း အေးဆိုတော့ ပြန်အိပ်မရမယ့်အတူတူ စောင်ခြုံပြီး ဆိုင်းသံကြားရာလိုက်ရာ လမ်းမှာ ကင်းသမားတွေက အထင်လွဲသဖြင့် အတော်ရှင်းယူရဖူးသည်။နောက်မှ ထိုဆိုင်းသံမှာ သမိုင်း ကျိုက်ဝိုင်းဘက်က ဇာတ်သွင်းလို့ဆိုတာ သိရသည်။
 
ဇာတ်ပိုးဆိုတာ ရှိသည်။ဆိုင်းသံကြားလျှင် မနေနိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။ကျနော်ကတော့ ဇာတ်ပိုးမဟုတ်။ဇာတ်ကတာကို ကြည့်ရတာ၊ ဆိုင်းသံကို နားထောင်ရတာ၊ ဇာတ်ပွဲဆိုင်းပွဲ အငွေ့အသက်ရှိရာမှာနေရတာ ပျော်ခြင်းဖြစ်သည်။ပြောရမည်ဆိုလျှင် ၁၂ ပွဲစျေးသည်ဘ၀လို ပွဲရှိရာလိုက်ပြီး နေချင်သူဖြစ်သည်။
 
ယခုတော့ ပွဲမကြည့်ရတာ၊ ဆိုင်းသံမကြားရတာ ကြာပြီဖြစ်သည်။မရှိဆို သုံးလေးနှစ်မကတော့။တိုင်းရေးပြည်ရေး မကောင်းတော့ ဇာတ်သမားတွေလည်း ဟိုရောက်ဒီရောက် ကြားသည်။ကိုယ်လည်း ဟိုရောက်ဒီရောက်။တစ်ခါတလေတော့ တမ်းတမိသည်။ဆောင်းလေအဝှေ့ ပွဲခင်းအလယ်မှာ ငုတ်တုပ်ထိုင်ရင်း ဇာတ်မင်းသားနှင့် ဆိုင်းဆရာ ပညာပြိုင်ကာ ကကြတီးကြသည့်  တီးလုံးမျိုး မြင်ချင် ကြားချင် ကြည့်ချင်မိပါသေးသည်။
 
ဪ…….လွမ်းလိုက်သည် ဖြစ်လေခြင်း။
 
ဖြိုးဝေလှ
Photo Credit - ရခိုင်ပြည်နယ်က ဇာတ်သဘင်ချစ်သူများ