【 ဆောင်းပါး 】 လှလိုက်တဲ့ ပုဂံ

【 ဆောင်းပါး 】 လှလိုက်တဲ့ ပုဂံ

ခရီးသည်များအားလုံး မင်္ဂလာပါလို့ မိုက်ခရိုဖုန်းထဲက ထွက်ပေါ်လာတဲ့အသံက အိပ်ရေးကျနေတဲ့ အာရုံကို ရေတစ်ခွက်နဲ့ ရုတ်တရက်ပက်လိုက်သလိုမျိုး ဖြန်းခနဲ နိုးသွားတယ်။အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်သဲ့သဲ့တောင် ပျိုးနေပြီ။

တကယ့်ကို မင်္ဂလာရှိလိုက်တဲ့ အသံ။ကိုယ့်အသက်ကိုယ် ပြန်ရလိုက်ကြောင်း သိမှတ်လိုက်ရတဲ့ အသံလည်းဖြစ်နေတော့ ဝမ်းသာရ။ညက တစ်ညလုံး နာမည်ကျော် သေမင်းတမန် အမြန်လမ်းပေါ်မှာ သတ်မှတ်ကီလိုထက် ကျော်လွန်ကာ ဝုန်းဒုန်းကြဲလာတဲ့ ခရီးသည်တင်ယာဉ်ပေါ် ဘယ်အချိန်ကားမှောက်သေမလဲ တထိတ်ထိတ်နဲ့။အခုတော့ ကျနော်တို့မသေတော့တာ သေချာ၊ သိပ်ကိုရောက်ဖူးချင်နေတဲ့ ပုဂံသို့ ဖြည်းဖြည်းသက်သာနဲ့ ကားကဝင်လာခဲ့ပြီ။

မကြာမီ ကားဂိတ်ရောက်တော့မှာမို့ အထုပ်အပိုးပြင်ထားကြဖို့ မိုက်ခရိုဖုန်းထဲက အသံထပ်ကြားရပြန်တော့ တစ်ကားလုံး လှုပ်လှုပ်ရွရွ။ကိုယ်ကတော့ ကျောပိုးအိတ်ထဲ စာအုပ်တစ်အုပ် ထိုးထည့်လိုက်ရုံနဲ့ ကိစ္စပြီးလေတော့ အလင်းရောင်သဲ့သဲ့မှာ ရှေးဟောင်းအုတ်တံတိုင်းတွေနဲ့ ရှေးကမှန်းသိတဲ့ ဘုရားတွေကိုသာ လိုက်ငေးကာ ရှေးခေတ်ဟောင်းအရသာမှာ မျောနေမိတော့တယ်။

မကြာခင် ပုဂံအဝေးပြေးဂိတ်ကို ရောက်တယ်။ကားပေါ်ကဆင်း၊ ကားဝမ်းဗိုက်ထဲက အိတ်ကိုယူပြီးနောက် ကိုယ်တည်းမယ့် ဟိုတယ်အရောက် ကားသေးလေးနဲ့ နောက်တစ်ဆင့်ထပ်ပို့ပေးမှာမို့ ကားထပ်ငှားပြီး ထပ်အလုပ်ရှုပ်စရာမလိုတော့။အခုလို လိုက်ပို့တာကလည်း ဗီအိုင်ပီကားစီးလာသူတွေမို့ လိုက်ပို့တာလို့ သိရ။ညက ကားကို ထင်ရာစိုင်းမောင်းလို့ စိတ်ပျက်ခဲ့သမျှ မနက်မှာ ကျေနပ်ရပြန်တယ်။

ကိုယ်တွေ ကြိုတင်ငှားထားတဲ့ ဟိုတယ်က ပုဂံမြို့သစ်၊ မြင်းကပါရွာက ယွန်းမြို့သူဆိုတဲ့ ဟိုတယ်။ခရီးသွားလည်းမများ၊ ကြားရက်လည်းဖြစ်တဲ့ ၂၀၁၇ ခုနှစ် နွေတစ်ရက်မို့ ဈေးကလည်း ကိုယ်တွေ လူလတ်တန်းစားတစ်နိုင်။လမ်းကြောင်းတူရာစုပြီး ကားသေးလေးနဲ့ လိုက်ပို့တဲ့ လမ်းတစ်လျှောက် ရှေးနှစ်များစွာက ပုဂံပုံရိပ်တွေ လွှမ်းမိုးထားတာမို့ အိပ်ချင်စိတ်မရှိ။

ဟိုတယ်ကိုရောက်တော့ ဟိုတယ်က သိပ်မကြီးတဲ့ လူလတ်တန်းစားတို့ တည်းခိုနိုင်မယ့် ကျပ် ၅ သောင်းဝန်းကျင် ပေးရတဲ့ အမျိုးအစားမို့ သိပ်ဇိမ်ခံလို့ရတဲ့ ရေကူးကန်တွေ ဘာတွေတော့ ဘယ်ပါမလဲ။ဟိုတယ်ရောက်လို့ အခန်းသော့ယူတယ်ဆိုရင်ပဲ သားသားနားနား ပုဂံလမ်းညွန်မြေပုံ စာရွက်ပေးတယ်။ပြီးတော့ အီးဘိုက်လည်း ဌားလို့ရတယ်တဲ့။ဈေးမေးကြည့်လိုက်တော့ အင်မတန်သင့်တဲ့ ဈေးနှုန်းမို့ ချက်ချင်း ခေါင်းညိတ်လိုက်တယ်။

အခန်းထဲရောက်တော့ ခဏနားမလား၊ ရေမိုးချိုးပြီး ချက်ချင်းထွက်မလား ဒီဘိတ်မှာ ၃ ဦးသဘောတူ ချက်ချင်းထွက်ကြမယ်လို့ အဖြေထွက်တယ်။အချိန်က ၃ ရက်တည်းရတာမို့ ဒီတစ်ရက်ကတော့ လမ်းမကြီးတစ်လျှောက်က ဘုရားတွေ အရင်ဝင်မယ်လို့ ပိုင်းဖြတ်လိုက်တယ်။

အီးဘိုက်က သန့်သန့်ပြန့်ပြန့်နဲ့ စီးချင်စရာ။ကျနော်တို့သားအဖက တစ်စီး၊ မိန်းမက တစ်စီး။အီးဘိုက်က ဆွဲသလောက်ပြေးပေမယ့် ကိုယ်က ငေးချင်သူမို့ ပုံမှန်အတိုင်း ဖြည်းဖြည်းနဲ့ ငေးငေးပဲ။ဟိုတယ်ကနေထွက်ပြီး အလွန်ဆုံးကြာ ၅ မိနစ်၊ကားလမ်းမနံဘေး မနူဟာဘုရားဆိုတာကို မြင်လိုက်ရလို့ စိတ်ထဲဖြန်းခနဲဖြစ်ရတယ်။

ကျနော် ဟိုး .. ငယ်ငယ်တုန်းက ပုဂံကိုသွားမယ်ဆိုတော့ အဘွားက ကိုယ့်ဘုရင်တည်ခဲ့တဲ့ဘုရား ရောက်အောင် သွားဖူးခဲ့ပါတဲ့။မနူဟာဘုရား သွားဖူးဖို့ အဘွားက အဲဒီလိုညွှန်းဆိုတယ်။ကျနော်တို့ မွန်ဘုရင် မနူဟာလို့ဆိုတဲ့ မကုတဘုရင်။စစ်ရှုံးဘုရင်အဖြစ်နဲ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နန်းစည်းစိမ်ကို စွန့်ခွာ ပုဂံမှာ အကျယ်ချုပ် အိမ်နိမ့်စံဘဝနဲ့ ဘယ်ပျော်လိမ့်မလဲ။ပြေးစရာမြေမရှိ၊ အနာဂတ်ဆိုတာမရှိတဲ့ ဘဝကြီးမှာ အရှိတရားတွေနဲ့ ဝေးသထက်ဝေးအောင်နဲ့ အရှိတရားကို ခံနိုင်ရည်ရှိအောင် ဗုဒ္ဓရဲ့အရိပ်အာဝါသအောက်မှာပဲ ပုံအပ်ခဲ့လေသလား။ကျနော်က ခံစားချင်သူမို့ ညခင်းအေးအေးအချိန်ကျမှ မနူဟာဘုရားဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အီးဘိုက်နောက်ကနေ ငေးချင်တိုင်းငေးနေတဲ့ သားက သူတစ်ခါမှ မမြင်ဖူးတဲ့ ရှေးဟောင်းဘုရားများစွာကို အံ့အားသင့်စွာ။

“ပုဂံခေတ်က လူတွေ ဘာလို့ ဒီလောက်ငွေအကုန်ခံပြီး ဘုရားတည်ကြတာလဲ” လို့ သားကမေးတော့ ကျနော်ဖြေရခက်လှ။ပုဂံခေတ်ပြည်သူတွေ စီးပွားရေးသောင်သာတာက သေချာတယ်။စီးပွားရေးအဆင်ပြေပြီး ငွေပိုငွေလျှံတွေရှိနေတော့ သူတို့ယုံကြည်ရာ နောင်သံသရာတွေ ဘာတွေအတွက် ရည်မျှော်ကာ ဘုရားတည်ခြင်းဟာ ယဉ်ကျေးမှုတစ်ရပ်အသွင် ထွန်းကားခဲ့တာများလား။

ဟိုး .. ပုဂံခေတ်မတိုင်ခင် ပျူခေတ်မှာကတည်းက တည်လိုက်ကြတဲ့ ဘုရားတွေ၊ပုဂံခေတ်ရောက်တော့လည်း လက်ညှိုးထိုးမလွဲ ဘုရားတွေ ဘုရားတွေ။ပြီးတော့ ဒီဘက်ခေတ်အဆက်ဆက် ဒီနေ့ထိတိုင် မပြီးဆုံးနိုင်တဲ့ ဘုရားတည်ခြင်းတွေ။ပုဂံခေတ်အပါအဝင် အရင့်အရင် ကိုယ့်ပိုက်ဆံမျှဝေစရာ သိပ်မရှိတဲ့ကာလတွေမှာ ဘုရားတည်ခြင်းဟာ ပြောစရာမရှိပေမယ့် ခေတ်သစ်ကမ္ဘာရဲ့ အမွဲဆုံးတိုင်းပြည်မှာ ဘုရားတွေ လျှောက်တည်နေတာ ဘယ်လိုစိတ်ထားနဲ့ ဘဝင်ကျရပါ့။

အဲဒီလို သားကိုရှင်းပြတော့ သူ့မှတ်ချက် ပြန်မလာ။လမ်းမကြီးနံဘေး တစ်နေရာရောက်တော့ ထုနဲ့ထည်နဲ့ ဘုရားကြီးတစ်ဆူကို ဝင်ဖူးဖြစ်။မိန်းမကတော့ ဘုရားမြင်တာနဲ့ တန်းဦးချကာ ဘာတွေဆုတောင်းနေမှန်းမသိ တော်ရုံနဲ့ လက်အုပ်ချီမရပ်။ကိုယ်ကတော့ ပုဂံခေတ် အံ့မခန်း ဗိသုကာ ထုနဲ့ထည်နဲ့ နက်ရှိုင်းပုံကို ငေးကာ ကိုယ်ဉာဏ်မှီသလောက် လျှောက်တွေးကြည့်မိတယ်။

ဘုရားပေါ်ကအဆင်း ဗိုက်ဖြည့်စရာ ဆိုင်တစ်ဆိုင်မြင်တော့ အသုတ်နဲ့ ထမင်းကြော်ရတယ်ဆိုတာနဲ့ ဗိုက်ဝင်ဖြည့်။ဈေးကပုံမှန်ဈေးအတိုင်းပဲမို့ ပုဂံဟာ ပုဂံလာဧည့်တွေကို ရိုက်စားဂွင်မဖန်ဘဲ လူကြီးလူကောင်းဆန်စွာ ရောင်းဝယ်ဖောက်ကားမှန်း သိကာ သိပ်ကျေနပ်မိတယ်။

အဲဒီဆိုင်မှာပဲ ပုဂံရဲ့ နာမည်အကြီးဆုံး လမ်းဘေးထမင်းဆိုင် ဘယ်နေရာမှာလဲလို့ မေးကြည့်တော့ ချက်ချင်းကို လမ်းညွှန်ပြရုံတင်မက ‘အမေလာစားပြီးကတည်းက နာမည်ကြီးသွားတာ လာစားတဲ့သူများလွန်းလို့ နည်းနည်းနောက်ကျရင် ကုန်ပြီ’ တဲ့။

ပုဂံကို လမ်းမကြီးတောက်လျှောက် တစ်ပတ် လျှောက်ပတ်ကြည့်တယ်။မသိရင် မြေပုံထုတ်ကြည့်တယ်။ဖြတ်ရင်းနဲ့ တွေ့တဲ့ဘုရား ကိုယ့်နားနဲ့ မစိမ်းရင် ဝင်ကြည့်တယ်။ဘုရားဝင်ဖူးနေတုန်း အီးဘိုက်ပျောက်မှာ ပူစရာမလို၊ ဖိနပ်ပျောက်မှာ ပူစရာမလို အဲဒီလိုလှနေတဲ့ ပုဂံမှာ ဘုရားတစ်ဆူဆူရောက်တိုင်း မိန်းမကို ဓာတ်ပုံရိုက်ပေးရတာလည်း ရေးကြီးခွင်ကျယ်အလုပ်ပါပဲ။

နေ့ခင်းရောက်တော့ အုံ့ဆိုင်းနေတဲ့ အရိပ်ကြီးအောက် အမေစားခဲ့တဲ့ဆိုင်မှာ အညာထမင်းဟင်း ကြက်ကြော်ကြီးကလည်းအယ်လို့၊ စားကောင်းကောင်းနဲ့ နင့်နေအောင်စားပြီးတော့ ဟိုတယ်ကိုပြန်၊ ညနေမှာ နောက်တစ်ကျော့ ထပ်နှင်ဖို့ ခဏတဖြုတ် မနားခင် လှလိုက်တဲ့ပုဂံလို့ ရေရွတ်မိတယ်။

ငြိမ်းဆက်