【 ဆောင်းပါး 】 ဝယ်နိုင်တာ နည်းလာတဲ့ စျေးဝယ်

【 ဆောင်းပါး 】 ဝယ်နိုင်တာ နည်းလာတဲ့ စျေးဝယ်

စျေးမဝယ်ဖြစ်တာ ကြာနေပြီ။
 
ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ မနက်ဘက် လဘက်ရည်ထွက်သောက်ရင်း အပြန်စျေးဝင်ဝယ်လာမည်ဟု အိမ်သူကိုပြောပြီး လဘက်ရည်ဆိုင်ဘက် ထွက်လာခဲ့သည်။
 
ဒီလိုအချိန်ဆိုတာ ယခင်နှစ်များဆို ရန်ကုန်မှာ နယ်အရပ်ကနေလာပြီး အလုပ်-လုပ်သူတွေ ဇာတိပြန်ကြသဖြင့် ရန်ကုန်ရှိ ရပ်ကွက်အတော်များများ လူရှင်းလေ့ရှိသည်။အညာသားတွေ၊ ရခိုင်တွေ လုပ်ကြသည့် လဘက်ရည်ဆိုင်တွေ၊ ပန်းတိမ်ဖိုတွေ၊ စတိုးဆိုင်တွေ၊ စျေးတွေဆို အလုပ်သမားမရှိလို့ ဆိုင်တွေပိတ်ကြသလို ဆိုင်တွေကလည်း အလုပ်သမား နယ်ပြန်တာကို အကြောင်းပြပြီး သင်္ကြန်ကာလ တစ်နှစ် တစ်ခါ ဆိုင်ပိတ်နားပြီး ပျော်ကြနားကြသည်။
 
ထို့ကြောင့် သင်္ကြန်ဆို လဘက်ရည်ဆိုင် ရှားသလို နေ့စဉ်ရောင်းသည့် အသုပ်ဆိုင်ဆိုတာတွေလည်း ရှားပါးသည်။
 
ယခုကတော့ သင်္ကြန်နားနီးနေတာတောင် ရပ်ကွက်ထဲက လဘက်ရည်ဆိုင်တွေလည်း ပိတ်ဟန်မပြ။စားပွဲထိုး အညာသားတွေလည်း နယ်ပြန်ကြသည့်ပုံမတူ။ဆိုင်ထဲမှာ ယခင်အတိုင်း။စားပွဲထိုးတွေလည်း ရှိနေကြအတိုင်း ရှိနေသဖြင့် ထိုင်နေကြ စားပွဲ ဝင်ထိုင်ပြီး လဘက်ရည်ကျစိမ့်တစ်ခွက် မှာသည်။လဘက်ရည် ဆိုင်‌ဘေးက အသုပ်မုန့်ဟင်းခါးဆိုင်ကနေ မုန့်ဟင်းခါးအလွတ်တစ်ပွဲ လှမ်းမှာစားသည်။မုန့်ဟင်းခါးစားပြီးလျှင် လဘက်ရည်သောက်မည်။ထိုင်နေကြ အသိတွေလာရင် စကားနာရီဝက်လောက်ပြောမည်။ပြီးလျှင် စျေးဝယ်ပြီး အိမ်ပြန်မည်ဟု စဉ်းစားထားသည်။
 
လဘက်ရည်ဆိုင်တွင် အတော်ကြာသည်အထိ အသိတစ်ယောက်မှ ပေါ်မလာ။ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်နေမှ တက္ကစီမောင်းသည့် အသိတစ်ယောက် ပေါက်ချလာသည်။ကျန်သည့်သူတွေက မနိုးသေးတာလား၊ မနက်ဘက် လမ်းထလျှောက်ရင်း တခြားဆိုင်မှာ ထိုင်နေကြလား မသိ။ကျနော်လည်း လာသည့် တက္ကစီမောင်းသောအသိနှင့် ဆီစျေးတက်တာ၊ လူတွေ ကားမစီးနိုင်ကြလို့ တက္ကစီအဆွဲမကောင်းတာ၊ စစ်မှုထမ်းကိစ္စတွေ ဒါတွေပြောရင်း ထိုသူက ဆီတန်းစီရမှာ စကားစဖြတ်တော့ ကျနော်လည်းတစ်ခါတည်း ကျသင့်တာရှင်းရင်း စျေးဘက်ထွက်ခဲ့သည်။
 
စျေးထဲမှာက ကျနော်ရောက်သည်အထိ လူရှင်းနေသေးသည်။စျေးက မနက်စျေးဖြစ်သော်လည်း ရပ်ကွက်ထဲမှာ ပျံကျလာရောင်းတာကနေ စျေးဖြစ်လာတာကြောင့် တစ်နေ့လုံး စျေးဖွင့်နေသလိုဖြစ်ရာ လိုတာဝယ်ဖို့ အချိန်မရွေးဝယ်လို့ရသည်။ဒါကြောင့် ဘယ်မှသွားဖို့လာဖို့မရှိသူနှင့် အိမ်မှာ ငိုတဲ့ရယ်တဲ့အရွယ် မရှိသည့်သူတွေက စျေးကို လူရှင်းချိန်ရောက်မှ လာဝယ်လေ့ရှိကြသည်။
 
ပုံမှန်အားဖြင့်တော့ စျေးအစည်ဆုံးမှာ အလုပ်သွားသူများ၊ မနက်စျေးထွက်သူများဖြင့် ဆုံကြသည့် ၇ နာရီကျော် ၈ နာရီ။အဲဒီအချိန်ဆို စျေးက ရောင်းသူဝယ်သူ ဆိုက်ကား၊ ကားဖြင့် လူတောင်မနည်းလမ်းလျှောက်ရသည်။ထိုအချိန်ကျော်သွားလျှင်တော့ စျေးဝယ်က တဖျောက်ဖျောက်။ဒါကြောင့် မနက်အလုပ်မသွားခင် စျေးဝယ်ပေးပြီးမှ ကျနော်က အလုပ်သွား သည်ဖြစ်ရာ ပုံမှန်ဆို မနက် ၇ နာရီဝန်းကျင် စျေးဝယ်နေရပြီ။ဒီနေ့တော့ ပိတ်ရက်။ဒါကြောင့် မနက် ၈ နာရီ စျေးအစည်ကားဆုံးအချိန်မှ စျေးဝယ်သည်ဖြစ်ရာ စျေးထဲ အရင်ရက်များလို လူမစည်သဖြင့် ငါများနောက်ကျနေတာလား၊ ဒါမှမဟုတ် စောနေတာလား၊ ဘာများ ရပ်ကွက်ထဲဖြစ်လို့လဲဟု ထင်မိသည်။
 
ထိုအထင်က စိတ်ထဲမှာ ပြီးမသွား။ကုန်စိမ်းသည်ဆီမှာ ကန်စွန်းနီဝယ်နေရင်း စျေးသည်ကောင်မလေးကို စကားစမိသည်။
 
“ဒီနေ့ စျေးက ပါးလှချည်လား။သင်္ကြန်နီးလို့ထင်တယ်” ဟု စကားစလိုက်သည်။
 
ဒီတော့ စျေးသည်က ကျနော်ဝယ်သည့် ကန်စွန်းနီသုံးစည်းကို လှမ်းပေးရင်း “လူတိုင်းကျပ်နေပြီလေ။အရင်ကလို စျေးဝယ်ဖို့ သိပ်မသုံးနိုင်ကြတော့ဘူး။အရောင်းအဝယ်ကလည်း အရင်လိုမကောင်းဘူး။အရင်ကဆို စျေးဗန်းခင်းတာနဲ့ စျေးဦးကပေါက်ပြီးသား။အခုက စျေးသည်တွေများလာတာနဲ့ စျေးဝယ်နည်းလာတော့ တစ်ရက် တစ်ရက် အရင်းရဖို့တောင် မနည်းရောင်းနေရတာ၊ ဒီနေ့ဆို မနက်ကတည်းက စျေးဦးမပေါက်သေးတာ အခုနလေးမှ စျေးဦးပေါက်တာ။တချို့ဆို အသားငါးသည်တွေဆို အခုချိန်ထိ စျေးဦးမပေါက်သေးဘူး။ဘာတွေဖြစ်မလဲ မသိပါဘူး။လူတွေလည်းမရှိတော့ တောင်းစား၊ တောင်းစားလို့မရတော့ လုစားတိုက်စားတောင် ဖြစ်နေပြီ”  ဟု စကားရှည်ရှည် ပြောလေသည်။
 
စျေးသည် ဒီလိုပြောတော့ ဟုတ်သားပဲလို့ ကျနော်တွေးမိသည်။ကျနော်တောင် အရင်လို စျေးမ ဝယ်တော့။အရင်က တနင်္ဂနွေဆို အိမ်မှာ အသားဟင်းဆီပြန်တစ်ခွက်နှင့် အရည်သောက်တစ်မျိုးမျိုး။ပြီးတော့ ငပိရည်ကို ပန်ထွေဖျော်လေးနှင့် ခရမ်းကျွတ်သီးဖြစ်ဖြစ်၊ သရက်ကင်းဖြစ်ဖြစ်။ဒီလိုရာသီမျိုး သရက်သီးတွေပေါ်ပြီဆို စိုင်သီးလေးနှင့်။ညနေဆို မနက်က ဟင်းအကျန်နှင့် ငပိချက်လေးတွဲကာ ပဲသီးလေးကြော်။ဒီလိုဖွယ်ဖွယ်ရာရာ ချက်လေ့ရှိသည်။စျေးကလည်းနီးတော့ အရည်သောက်အတွက် ကြိုမဝယ်။စားကာနီးမှ စျေးထဲဝယ်။
 
ယခုတော့ ဒီလိုမဟုတ်။အစစအရာရာ ချွေတာရေးလုပ်ရသည်။ရှိသမျှ မသုံးရဲ။ဘာတွေဆက်ဖြစ်မည်ဆိုတာလည်းမသိတော့ ရှိတာကို မသုံးရဲ။ချန်သင့်တာချန်၊ ခြေစောင့်လက်စောင့်ထားသင့်တာ ထားရသည်။ယခုလည်း ဘတ်ဂျက်စျေးသုံးအဖြစ် ငါးမြစ်ချင်းနှင့် ကန်စွန်းနီ ဝယ်မည်။ငါးက အမေအတွက် ငါးကြော်နှပ်လုပ်မည်။ငါးခေါင်းကိုတော့ ကန်စွန်းရိုးနီဖြင့် ချဉ်ရည်ဟင်းချက်မည်။ပြီးတော့ ငပိစိမ်းဆားထောင်းမည်။မိုးမျှော်လေးတွေ ကယားသီးတွေ စျေးမှာတွေ့လို့ ဝယ်လာသည်။ကင်ပြီး ငရုတ်သီးထောင်းကာ အငန်လေးလုပ်မည်။ညနေကျတော့ မနက်ကျန်တဲ့ ချဉ်ဟင်းကို လမ်းထိပ်အကြော်ဆိုင်ကနေ ဘူးသီးကြော်လေး တစ်ထောင်ဖိုးဝယ်ကာ စားမည်ဟု တွက်ထားသည်။အမေကတော့ ငါးကြော်နှပ်နှင့် ချဉ်ဟင်းနှင့်။
 
ယခင်နှင့် ယခု ဟင်းစားအတွက် အသုံးစရိတ်က အတော်ကို ကွာဟသွားပြီဖြစ်သည်။ဆန်စျေးက တက်လာသဖြင့် ဆန်အတွက် ငွေကို ပိုသုံးလာရသည်။ဆန်ကို မလျှော့ရဲ။အမေက အသက် ၈၀ ကျော်ဆိုတော့ ဆန်တိုင်း စားမဝင်။အမေစားသည့် ဆန်က ယခင်ကဆို တစ်ပြည်ကို နှစ်ထောင့်ငါးရာ။ဒါက ၂၀၂၀ လောက်က။နောက် စျေးတွေတက်တာ ၃ နှစ်အတွင်း ခုနစ်ထောင်ကျော်။ကျနော်တို့လို့ အိမ်သားသုံးလေး ယောက်သာရှိသည့် အိမ်တောင် ဆန်ဖိုးအတွက် ဟင်းစားအသုံးစရိတ် လျှော့နေရပြီဆိုတော့ တခြားမိသားစုများသည့်သူတွေဆို ဘယ်လိုများလုပ်နေရပြီလဲဆိုတာ တွေးလို့တောင်မရ။
 
စျေးထဲ ဝယ်သူနည်းလာခြင်းသည် စျေးကွက်သဘောဖြစ်သည့် ဝယ်သူအတွက် ရွေးချယ်စရာနည်းခြင်း၊ ကုန်စည်အမျိုးအစားကို မကြိုက်၍ မဝယ်ခြင်းမျိုးမဟုတ်ဘဲ ဝယ်စရာမရှိ၍ မဝယ်ကြခြင်းဆိုပါက သိပ်ကောင်းသော အခြေအနေမဟုတ်ချေ။ထိုသို့သောအကြောင်းတရားဆိုပါက ငွေလည်ပတ်မှုကို များစွာထိခိုက်ကာ ငွေကျစ်လာခြင်းကိုဖြစ်စေပြီး ရှိသည့်နေရာက မတရားရှိကာ မရှိသည့်သူက ရှိတာကို ထုခွဲရောင်းချခြင်းကြောင့် ဆင်းရဲနွမ်းပါးအခြေမဲ့သူများလာမည်ဖြစ်သည်။
 
ဝင်ငွေမှန်သမျှ စားသောက်မှုထဲသာ ထည့်နိုင်ခြင်းကြောင့် ရေရှည်တွင် စီးပွားရေးလည်ပတ်မှုကို ထိခိုက်မည်ဖြစ်သည်။
 
သို့သော် ခေတ်က ထိုသို့သော ဆိုးရွားလာနိုင်သောအခြေအနေမျိုးကို ထည့်သွင်းတွက်ချက်နိုင်လောက်အောင် အခြေအနေမပေး။
 
လူတိုင်းမှာ အပူဝိုင်းနေသည်။ဒီတော့ စျေးထဲ စျေးဝယ်သူမရှိတာထက်၊ စျေးမဝယ်နိုင်တာထက် လတ်တလော အသက်ရှင်နေသေးတာကိုပဲ ကြံဖန်ကျေးဇူးတင်နေရသည်ဖြစ်သည်။
 
သန့်စင် (DA)