【 ဆောင်းပါး 】 သတိနဲ့ စောင့်ရှောက်

【 ဆောင်းပါး 】 သတိနဲ့ စောင့်ရှောက်

လူများစုသည် သာမန်အချိန်တွင် အဖြူရောင်စိတ်ထားလေးတွေ ကိုယ်စီပိုင်ဆိုင်ထားကြပါသည်။အာရုံတစ်ခုခုနှင့် မတွေ့မချင်း ထိုအာရုံမှာ မငြိတွယ်မချင်း အေးအေးချမ်းချမ်း ဖြူဖြူစင်စင်နှင့် အလွန်ချစ်စရာကောင်းလှသည်။ရိုးသားသောစိတ်ကလေးသည် အလွန်လေးစား ဂုဏ်ယူစရာကောင်းလှသည်။အလွန်တန်ဖိုးရှိလှသည်။တကယ်လို့ အာရုံတစ်ခုခုနှင့် တွေ့လာပြီဆိုလျှင်တော့ ယခုခေတ်စကားနှင့်ပြောရလျှင် အာရုံနှောက်လာပြီဆိုလျှင်တော့ အဲဒီစိတ်ကလေးက အဖြူရောင် မဟုတ်နိုင်တော့ပြီလေ။အရောင်အမျိုးမျိုး ပြောင်းလဲလာသည်။အများအားဖြင့်တော့ နဂိုအဖြူရောင်စိတ်ကလေးကို သေသည်အထိ ပြန်မရရှိနိုင်တော့ချေ။

အဓိကအာရုံငါးပါးကတော့ မျက်စိနှင့်မြင်ရသည့် ရုပ်အဆင်းပုံသဏ္ဍာန်အမျိုးမျိုး၊ နားနှင့်ကြားရသည့် အသံအမျိုးမျိုး၊ နှာခေါင်းနှင့်ခံစားရသည့် အနံ့အမျိုးမျိုး၊ လျှာဖြင့်ခံစားရရှိသည့် အရသာအမျိုးမျိုး၊ ခန္ဓာကိုယ်တစ်နေရာရာနှင့် ထိတွေ့မိလျှင် ခံစားရသည့် သာယာမှုအမျိုးမျိုးတို့ဖြစ်သည်။

အာရုံငါးပါးကို ထပ်မံခွဲခြားရလျှင် သာယာနှစ်သက်ဖွယ် အာရုံများနှင့် စက်ဆုပ်ရွံရှာဖွယ် အာရုံများဖြစ်သည်။လောဘတက်စရာ တပ်မက်နှစ်သက်ဖွယ် အာရုံတွေနှင့်ကြုံလျှင် ထိုလောဘနောက်ကို လိုက်မသွားဖြစ်အောင် သတိထားရမည်။အာရုံတွေမှာ နစ်မြုပ်လာလေလေ ထိုအာရုံတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားရင်း အန္တရာယ်ကို ကာကွယ်ရန် သတိထားဖို့ မေ့လေလေ ဖြစ်လာတတ်သည်။အာရုံအပေါ် နစ်လာသည်နှင့်အမျှ မကောင်းတာ တွေးလာတတ်သည်။ကိုယ့်အကျိုးစီးပွား အကျင့်စာရိတ္တတွေ ပျက်စီးကုန်သည်။သူများကိုလည်း ဒုက္ခပေးတတ်လာသည်။သူများကို ရက်စက်ဖို့ တွေးလာတတ်သည်။

ဒေါသထွက်စရာ မကောင်းသည့် အာရုံတွေ တွေ့ရင်လည်း မပိုင်ဆိုင်ချင်သည့်အတွက် ဒေါသဖြစ်မသွားအောင် သတိထားရမည်။အာရုံနောက် ဆက်လိုက်သွားမိလျှင် အကုသိုလ်တွေ ဒုစရိုက်မှုတွေ တွေးမိပြောမိ လုပ်မိလိမ့်မည်။ကောင်းသည့်အာရုံဖြစ်စေ မကောင်းသည့်အာရုံဖြစ်စေ သူတို့ကိုမတွေ့ဖို့ချည်းမတွေးဘဲ ကိုယ့်စိတ်ကို သတိထားစောင့်ရှောက်ဖို့က အဓိကဖြစ်ကြောင်း သိထားရမည်။ငါးရာ့ငါးဆယ်လာ တေလပတ္တဇာတ်မှ ဘုရားလောင်း မင်းသားလေးသည် နှစ်သက်ဖွယ် အာရုံငါးပါးကို ကောင်းစွာ ရှောင်ရှားနိုင်သောကြောင့် ရည်မှန်းချက်အောင်မြင်ခဲ့ကြောင်း တွေ့ရသည်။

ဗာရာဏသီပြည်ဘုရင် ဗြဟ္မဒတ်မင်းတွင် သားယောင်္ကျားလေး တစ်ထောင်ရှိသည်။ဘုရားလောင်းသည် သားအထွေးဆုံးဖြစ်သဖြင့် သူ့အထက်မှာ အကိုတွေ ကိုးရာကိုးဆယ့်ကိုးယောက်ရှိသည်။ထို့ကြောင့် သူသည် ဖခင်၏ ထီးနန်းအမွေ ဆက်ခံနိုင်ခြေမရှိသလောက် ဖြစ်နေသည်။

ဖခင်ဘုရင်ကြီး ပင့်ဖိတ်ထားသဖြင့် ပစ္စေကဗုဒ္ဓါများသည် နန်းတော်သို့ နေ့စဉ်ဆွမ်းစားကြွလာသည်။တစ်နေ့ပစ္စေကဗုဒ္ဒါများ ဆွမ်းစားအပြီးတွင် ဘုရားလောင်း သားထွေးသည် သူ့အနေနှင့် ဖခင်၏ ထီးနန်းအမွေ ဆက်ခံနိုင်ခွင့် ရှိ၊ မရှိ မေးလျှောက်ကြည့်မိသည်။ထိုအခါ ပစ္စေကဗုဒ္ဓါတို့က ဖခင်၏ ထီးနန်းအမွေ ဆက်ခံနိုင်ခွင့် လုံးဝမရှိနိုင်ကြောင်း ပြောသည်။အကယ်၍ ယူဇနာတစ်ရာ့ရှစ်ဆယ်ကွာဝေးသော တက္ကသိုလ်ပြည်သို့ ခုနစ်ရက်အတွင်း အရောက်သွားနိုင်ရင် ဘုရင်ဖြစ်နိုင်ကြောင်း ဆက်ပြောသည်။သို့သော်လည်း ဖြတ်သွားရမည့် တောအုပ်အတွင်းမှာ ဘီလူးမများနေထိုင်ပြီး အာရုံငါးပါးနှင့် မြူဆွယ်ကြသဖြင့် တောအုပ်အတွင်း ဝင်ရောက်သူများ အသက်ရှင်ရက် ပြန်မထွက်နိုင်သောကြောင့် အလွန်အန္တရာယ်ကြီးကြောင်း ပြောသည်။

မင်းသားထွေးလည်း ဘီလူးမများကို မကြည့်မိအောင် သူတို့မြှူဆွယ်ရာနောက် အာရုံမလိုက်နိုင်အောင် စိတ်ကိုထိန်းချုပ်သွားမည့်အကြောင်း လျှောက်ထားပြီး အန္တရာယ်ကင်းအောင် ပရိတ်ချည် ပရိတ်သဲ ပရိတ်ရေများ တောင်းခံလိုက်သည်။ထို့နောက် သူ့သူငယ်ချင်း ငါးယောက်နှင့်အတူ တက္ကသိုလ်ပြည်သို့ ခရီးစတင်ခဲ့သည်။သူတို့ခြောက်ယောက် တောအုပ်အတွင်းရောက်ပြီးနောက် နတ်သမီးတမျှ လှပသော မိန်းကလေးများကို တွေ့ရသည်။ဘုရားလောင်းက ဘီလူးမတွေမှန်းသိသဖြင့် သူငယ်ချင်းများကိုလည်း သတိပေးပြီး သူကိုယ်တိုင်လည်း အာရုံနောက် မလိုက်ပါမိအောင် စိတ်ကို သတိကြီးကြီးထားကာ ထိန်းချုပ်၍ လာခဲ့ရသည်။သူ့သူငယ်ချင်းများကတော့ အာရုံကို မတားဆီးနိုင်ကြဘဲ တစ်ယောက်ပြီး တစ်ယောက် မိန်းမချောလေးများ အယောင်ဆောင်ထားသည့် ဘီလူးမများနှင့် ကျန်ရစ်ကာ ဘီလူးစားခံသွားကြရသည်။တောအုပ်ထဲမှ ပြန်အထွက်တွင် ဘုရားလောင်း မင်းသားထွေးလေးတစ်ယောက်သာ ကျန်တော့သည်။

တောအုပ်ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ ဘုရားလောင်းကို မြှူဆွယ်ခဲ့သည့် ဘီလူးမသည် မင်းသားကိုမှ မစားရလျှင် မပြန်ဟု ဆုံးဖြတ်ကာ မင်းသားနောက်သို့ ဆက်လိုက်လာခဲ့သည်။တက္ကသိုလ်ပြည်သို့ရောက်သောအခါ မင်းသားသည် မြို့အဝင် ဇရပ်မှာ တည်းခိုသည်။ဇရပ်အဝတွင် သူ့ကိုယ်သူ အလှဆုံးမိန်းကလေးအဖြစ် ဖန်ဆင်းထားသော ဘီလူးမက ဇွဲကောင်းကောင်းနှင့် စောင့်နေသည်။

လူတော်တော်များများကလည်း လှလွန်းသည့် မိန်းကလေးကို တအံ့အသြ ငေးမောကြည့်နေကြ၏။ထိုအချိန်တွင် တက္ကသိုလ်ပြည်ကို အုပ်ချုပ်သော ဘုရင်ကြီးသည် ဥယျာဉ်တော်သို့ထွက်လာရင်း ဇရပ်မှအဖြတ်တွင် လူယောင်ဆောင်ထားသော ဘီလူးမကိုမြင်ပြီး စွဲလမ်းမိကာ လင်ယောင်္ကျား ရှိ၊ မရှိ မေးသည်။ဘီလူးမက ဇရပ်ပေါ်မှာရှိသော မင်းသားကို ညွှန်ပြကာ သူ့လင်ယောင်္ကျားဖြစ်ကြောင်း ပြောသည်။ဘုရင်ကြီးက မင်းသားကိုခေါ်ပြီး ဘီလူးမပြောတာ ဟုတ်၊ မဟုတ် မေးတော့ မင်းသားက သူ့မိန်းမ မဟုတ်ကြောင်း လူယောင်ဆောင်ထားသော ဘီလူးမသာဖြစ်ကြောင်း ရှင်းပြသည်။သို့သော် ဘုရင်ကြီးအပါအဝင် မှူးမတ်များ အရပ်သားများအားလုံးက မင်းသားပြောတာကို မယုံကြည်ကြပေ။မင်းသားကိုလည်း အရူးတစ်ယောက်လို သဘောထားကြသည်။

ဘုရင်ကြီးကတော့ အားရဝမ်းသာဖြင့် ဘီလူးမကို မိဖုရားမြှောက်ကာ နန်းတော်သို့ ခေါ်သွားလေတော့သည်။နန်းတော်ရောက်ပြီးသော် ဘီလူးမ၏ ရည်ရွယ်ချက် ပြောင်းသွားသည်။ဘုရင်ကြီးနှင့်တကွ တစ်နန်းတော်လုံးစားရန် ကြံစည်တော့သည်။ဘုရင်ကြီးကလည်း ဘီလူးမ၏ လှပသောရုပ်ရည် နူးညံ့သောအထိအတွေ့တို့အပေါ်တွင် အသာယာကြီးသာယာကာ ဘီလူးမကို ပို၍စွဲလမ်းလာသည်။ဘီလူးမက သူ့ကို လမ်းပေါ်ကကောက်၍ မိဖုရားမြှောက်သည့်အတွက် တစ်နန်းတော်လုံးက မလေးစားကြ။ဒါကြောင့် သူ့ကို ဘုရင်ကြီးပြီးရင် အာဏာအရှိဆုံးအဖြစ်ထားရန် ပြောသည်။ဘုရင်ကြီးကလည်း ထိုအတိုင်း အမိန့်ထုတ်သည်။

ညဘက် ဘုရင်ကြီးအိပ်ပျော်သည်နှင့် ဘီလူးမသည် သူ့ဘီလူးအဖေါ်များကိုခေါ်ယူကာ တစ်နန်းတော်လုံးမှာရှိသူများကို ဝိုင်းဝန်းစားသောက်လေသည်။မနက်မိုးလင်း၍ ပြင်ပတွင်အိပ်သော အမှုထမ်းများ နန်းတော်သို့လာသောအခါ နန်းတော်တံခါး ပိတ်ထားသည်ကို တွေ့ရသည်။ထိုအမှုထမ်းတချို့နှင့် ပြည်သူအချို့သည် နန်းတော်တံခါးကိုဖျက်၍ နန်းတော်အတွင်း ဝင်သည်။လူဆိုလို့ တစ်ယောက်တောင်မကျန်ဘဲ အရိုးများသာ တွေ့ရသည်။ထိုအခါ ဇရပ်ပေါ်က မင်းသားပြောသည့်အတိုင်း ဘုရင့်မိဖုရားအသစ်သည် ဘီလူးမဖြစ်သည်ကို မျက်မြင်ဖြစ်နေလေသည်။ထို့ကြောင့် ကျန်ရှိသော အမှုထမ်းများနှင့် ပြည်သူများ စုဝေးတိုင်ပင်ကာ ဇရပ်ပေါ်မှ မင်းသားကို ဘုရင်တင်မြှောက်လိုက်ကြလေတော့သည်။

အဓိကအချက်တစ်ချက်တည်းပြောရလျှင် မင်းသားသည် သူ့စိတ်ကို တန်ဖိုးထားသည်။သူတန်ဖိုးထားသည့်စိတ်ကို သတိနှင့်မပြတ် စောင့်ရှောက်နိုင်ခဲ့သည်။ဒါသည်ပင် မင်းသား၏ အောင်မြင်မှုဖြစ်လေသည်။ကိုယ်က မြတ်နိုးတန်ဖိုးထားသည့် ပစ္စည်းဥစ္စာများ အဖိုးတန်ရတနာများကို လူဆိုးသူခိုးတို့၏ရန်မှ ကင်းဝေးအောင် လုံခြုံမှုပေးနိုင်သည့် အစောင့်အရှောက်ထားရှိရလေသည်။အစောင့်ရှိမှ လုံခြုံမှာဖြစ်သည်။မစောင့်ရှောက်နိုင်မချင်း ဘေးအန္တရယ်မကင်းနိုင်ပေ။ စိတ်၏ အစောင့်အရှောက်သည် သတိပင်ဖြစ်သည်။ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်လျှင် ကိုယ့်ဘဝတိုးတက်ချင်လျှင် ကိုယ့်ဘဝတစ်လျှောက် ဘေးအန္တရာယ်ကင်းချင်လျှင် စိတ်ကိုအစောင့်အရှောက်ထားရမည်။

မကောင်းသည့်အတွေး မမှန်ကန်သည့်အပြော မတရားသည့်လုပ်ရပ်များ မကျူးလွန်မိစေရန် စိတ်ကိုသတိနှင့် စောင့်ရှောက်မှသာ ကိုယ့်စိတ် ကိုယ့်အကျင့် ကိုယ့်ဂုဏ်သိက္ခာတန်ဖိုး မကျမှာဖြစ်ပေသည်။

ရိုက်မောင်း