【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၂) (ကျိုက်ခေါက် ဗုဒ္ဓပူဇနိယပွဲတော်)

【 ဆောင်းပါး 】 သန်လျင်မြေအလွမ်း (၂) (ကျိုက်ခေါက် ဗုဒ္ဓပူဇနိယပွဲတော်)

ပခုက္ကူတစ်မြို့လုံး ဘုရားပွဲကို ရွှေ့လာသလား ထင်မှတ်ရအောင် သနပ်ခါးဈေးတန်းကြီးသည် ထည်ထည်ဝါဝါရှိလှသည်။

သာမန်လူတန်းစားက ဆိုင်အသေးများမှာ တိုးကြိတ်နေကြသလို ရွှေသံတချွင်ချွင်ကြားရသော မမလှလှဝဝကြီးများကတော့ အနည်းဆုံး တစ်ထွာ၊ ထွာဆိုင် (လက်မချင်းထိ၊ လက်ခလယ်ချင်းထိသော အလုံးအထည်) မျှ ရှိသော သနပ်ခါးကိုင်းကို မက်မောမဆုံးရှိကြသည်။ဈေးကြီးကြီးကို မဝယ်နိုင်သော အမျိုးသမီးများက ငေးမောရင်း သွားရည်တမျှားမျှား ရှိနေကြသည်၊ သူတို့အတွက် ကိုင်းဖျားကိုင်းနားများတော့ ရှိနေပါသေးသည်။

ဘုရားပွဲများတွင် တွေ့ရတတ်သော စက္ကူနှင့်ပြုလုပ်ထားသည့် နွားရုပ်သေးသေးမှသည် အကြီးကြီးကိုလည်း တွေ့ရသောအခါ ထွေလာဂျီတွေ တဖြည်းဖြည်းများလာသည့်တိုင် နွားကိုတော့ မမေ့ကြသေးဟု တွေးကာ ကျေနပ်ရသည်။

ကမ္ဘာကြီးက တိုးတက်လာပြီး ကမ္ဘာကျော် အရုပ်ကုမ္ပဏီကြီးတွေက လွှမ်းမိုးထားလေတော့ အီလက်ထရောနစ်တွေ အိုင်တီတွေနှင့် ပေါင်းစပ်ထားသော အရုပ်တွေ တစ်မိုးလုံးဖျောက်ဖြစ်နေချိန်မှာ ရိုးရာအရုပ်ကလေးတွေ ရှိစေချင်သည်။အိုးပုတ် ဂျိုးရုပ်ကလေးတွေလည်း ရှိစေချင်သေးသည်။

ဘုရားရင်ပြင်တော်ပေါ်သို့ရောက်သည်တွင် ဦးချလိုက်သည်၊ ရွှေသင်္ဃန်းကပ်ထားသည်မှာ မကြာသေးဟု ထင်ရသည်။နေခြည်အကျမှာပင် ရွှေအရောင်အလျှံတွေ ဖိတ်ဖိတ်လက်နေလေသည်။ဤသည်မှာ ဘုရား၏ ဘုန်းတော် တန်ခိုးတော်ဟု ဆိုရပေမည်။

ရှင်ပင် ကျိုက်ခေါက်ဘုရားသည် နှစ်ပရိစ္စေဒ ရှည်လှပေပြီ၊ မြန်မာပညာရှိကြီး မေှာ်ဘီဆရာသိန်းက ဘုရားသမိုင်းကို ဤသို့မှတ်တမ်းတင်ထားလေသည်၊ အကျဉ်းမျှပြောရလျှင် --- (ခဏ္ဍ ဒုလ္လပဋိ သင်္ခရဏ ဗုဒ္ဓေဟိ ဝဏ္ဏိတ) ဟူသော ဒီဃနိကယ် အဌကထာပါဌ်နှင့်အညီ ကျိုးပျောက်ပျက် ပြိုယွင်းယို ဟောင်းနွမ်းသော အရာတို့ကို မြို့နယ်ကျေးရွာနေ သဒ္ဒါတရားနှင့်ပြည့်စုံသူအပေါင်းတို့စု၍ ပြုပြင်လုပ်ကိုင်လိုသော သဒ္ဒါစိတ္တုပ္ပါဒ်တရား ဖြစ်ပွားကြသည့်အလိုက် သိုက်သမိုင်းအစဉ် ရာဇဝင်စာတမ်း ကျမ်းဟောင်းဂန်ဟောင်းတို့နှင့် ရှေ့နောက် နှိုင်းညှိကြည့်ရှုထောက်လှမ်းရာ ၎င်းစေတီတော်မြတ်သည် သဓါတုကစေတီ အဓါတုကစေအားဖြင့် နှစ်ပါးနှစ်ဌာနရှိကြသည့်အနက် မြတ်စွာဘုရား၏ သဏ္ဍာန်တော်မှဖြစ်သော ဆံတော်သွားတော် သရီရဓာတ်တော်မွေတော်တို့၏ ကိန်းဝပ်တော်မူရာ သဓါတုကစေတီ အမှန်ဖြစ်သည်ဟု ယုံကြည်စိတ်ချဖွယ်ရှိပေကြောင်း) ဟူ၍ ညွှန်းပြုထားသည်။

ကလျာဏီသိမ်တော် ကျောက်စာ၌ ထွက်ဆိုသည်နှင့်အညီ အဝန်းသုံးပါးရှိသော ရမညတိုင်းကြီးသို့ သာသနာတော် သက်ရောက်ကြောင်း အကြိမ်မှာ ဒေဝဒဟပြည် ဘုရားဘိုးတော် အဉ္စနမင်းကြီး ဖြိုကြွင်းသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ ဂေါတမအမည်ဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် သံသုမာရဂီရိမြို့၌ ဝါဆိုတော်မူ၍ ရှစ်ဝါတိုင်မြောက် ရောက်တော်မူသည်တွင် ရှစ်ကျိပ်သော အသီတိ မဟာသာဝကအဝင် အရှင်ဂဝံပတိ ရဟန္တာမြတ်သည် ဘုရားရှင်သို့ ချဉ်းကပ် ပျပ်ဝပ် ပင့်ဖိတ်သည်ကို အကြောင်းပြု၍ သာသနာတော် တည်ထွန်းပြုစုရာ ၉ ဌာနအနက် သုဝဏ္ဏဘုမ္မိတိုင်း၊ သထုံမြို့သို့ ရဟန္တာအပေါင်းခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွတော်မူကြောင်း - ဟု ပြဆိုထားသည်။

ဆက်လက်၍ - ထိုအခါ အရှင်ဂဝံပတိရဟန္တာနှင့် အနန္တရဘဝက ညီအကိုဖြစ်ခဲ့ဖူးသော သထုံမြို့တည် သီဟရာဇာမင်းသည် ရဟန္တာအပေါင်းနှင့်တကွ မြတ်စွာဘုရားအား သတင်းသုံးတော်မူစေပြီးမှ ပူဇော်သက္ကာရ ပြုနေသည့်အတွက် ထိုထိုသော တောတောင်အရပ်အကွက်တို့၌ အာလာရရသေ့၊ ဥဒကရသေ့တို့ကဲ့သို့ ကာလမြင့်ရှည်စွာကပင်ရှိနေကြသော လောကီဘိဉာဏ် ဈန်ပြန်မုနေ့ ရသေ့ခြောက်ဦးတို့သည် ဘုရားသခင်ရှိကြောင်းကို သတင်းပျံ့နှံ့ချက်အရ မြတ်စွာဘုရားထံတော်မှောက်သို့ လာရောက်ဖူးမျှော်ကြရာ မြတ်စွာဘုရားသည် ရသေ့ခြောက်ဦးတို့အား နိဗ္ဓပုည ဗုဒ္ဓပူဇာ အမြဲဖြစ်စိမ့်သောငှာ ဆံတော်ဓါတ်မြတ်ခြောက်ဆူကို အသီးသီးချီးမြှင့်ဝေငှ ထောက်မ ပေးသနားတော်မူလိုက်ကြောင်း - ပြဆိုထားသည်။

တြိရင်္ဂကျွန်းမှာနေသော ရသေ့နှစ်ကျိပ်လေးယောက်အနက် ဥတ္တယင်္ဂကုန်းမှာနေသော ရသေ့ခေါက်သည် ဆံတော်ဓါတ်တစ်ဆူကို ရတော်မူ၍ သတင်းသုံးရာသို့ ပင့်ဆောင်လာပြီးလျှင် ရသေ့အပေါင်းနှင့်တကွ ဥက္ကလာပ သိသိရမင်းကိုယ်တိုင် ကြွရောက်၍ တည်ထားကိုးကွယ်သည်ဟု ဆိုသည်၊ မွန်ဘာသာ သထုံရာဇဝင်၌ ရသေ့ခေါက်တည်သောကြောင့် မွန်လို ကျိုက်ဣသိခေါက်၊ မြန်မာလို ရသေ့ခေါက်ဘုရားဟု ဆိုလိုသည်၊ မြန်မာတို့ခေတ်ကာလတွင် ရှင်ပင်ကျိုက်ခေါက်ဟု ကဗျာဆန်ဆန် သီကုံးကြသည် ဆို၏။

ဆက်လက်လေ့လာရာ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်၌ သတင်းသုံးစဉ် ရဟန္တာကြီးခြောက်ပါးက လူတို့ ကိုးကွယ်ရန် ဆံတော်ပေးအပ်စေလိုကြောင်း လျှောက်ထားသည်၊ ဆံတော်ခြောက်ဆူကိုရရှိလျှင် သင်္ဘောဖြင့်ပြန်လာကြရာ သင်္ဘောသူကြီးခုနစ်ယောက်တို့ ဒကာခံ၍ ရသေ့ခေါက်တည်သော စေတီတော်၌ ပါဒမြို့ကို စိုးစံသော အရန္ဒရာဇာမင်းနှင့်အတူ သွင်းနှံပူဇော်ကြောင်း မွန်ဘာသာ ထူပဝင် တွင်လာသည်။

ထိုမှတစ်ပါးလည်း ဘုရားရှင် လေးဆယ့်ငါးဝါတိုင်၍ ပရိနိဗ္ဗာန်ပြုသောအခါ ဂဝံပတိရဟန္တာသည် ဣဒ္ဓိတန်ခိုးဖြင့်ဝင်၍ သွားတော် သုံးဆယ့်နှစ်ချောင်းကို ဆောင်ယူခဲ့ပြီးလျှင် သွားတော်ဓာတ်တစ်ချောင်းကို ကျိုက်ခေါက်စေတီ၌ သွင်းနှံပူဇော်ကြောင်းလည်း မွန်ဘာသာစာဟောင်း စာတမ်းသမိုင်းတို့၌ အခိုင်အမာလာရှိကြောင်း ဆရာကြီး မှော်ဘီဆရာသိန်းက ဆိုသည်။

ထို့နောက် တစ်ဖန် မဇ္ဈိမဒေသမှ ရဟန်းတော်အရှင်မြတ်တို့ သွားတော်ဓါတ်ကို ပင့်ဆောင်လျက် သံလျင်မင်းကြီး မြို့တည်သည်ကိုစွဲ၍ ခေါ်ဝေါ်သော သံလျင်မြို့၌ စိုးစံသော ဘောဂသေနမင်းကြီးအား ပေးအပ်သည့်အတိုင်း မင်းကြီးက ကျိုက်ခေါက်စေတီတော်တွင် သွင်းနှံပူဇော်သည်ဟု မှတ်တမ်းပြုပါသည်။

မည်သို့ဆိုစေ သာသနာတော်နှစ် ၅၀၀၀ တိုင်အောင် ရည်မှန်းကာ တည်ထားပူဇော်ခဲ့သော သဓါတုက သာသနာ ဆံတော်စစ် သွားတော်စစ်တို့ ကိန်းအောင်းတော်မူသော စေတီတော်ကြီးဖြစ်ပေသည်ဟု ယုံကြည်လေးမြတ်စွာ ကိုးကွယ်သင့်ကြောင်း ဆရာသိန်းကြီးက အထူးဖော်ပြပါသည်။

ထိုကျိုက်ခေါက်စေတီတော်ကြီးကို ရှေးရှေးကုန်သော မွန်မင်း၊ မြန်မာမင်းတို့ အုပ်စိုးစဉ်အခါက မင်းနှင့်တကွ မှူးတော်၊ မတ်တော်၊ မြို့စား၊ ရွာစား စသည်တို့သည် ဟောင်းနွမ်းပျက်စီးသည်များကို ပြုပြင်ပူဇော်ခဲ့ကြပါသည်။

အင်္ဂလိပ်မင်းလက်ထက်တွင် သံလျင်မြို့အုပ်ကြီး ဦးသာထွန်းအောင်၊ စစ်ကဲတော်မင်း ဦးဝိုက်တို့က ပြိုပျက်သည်များကို အသစ်ပြင်၍ ရှေးအစဉ်အတိုင်း တပို့တွဲ ၈ ရက်နေ့က လပြည့်တိုင် ကျင်းပပူဇော်လာကြရာ ယခုဂေါပကလူကြီးများ၏ လက်ထက်အထိ ချီးမြှင့်ပူဇော်ခဲ့ကြတာကို တွေ့ရပါသည်။

ဆရာသိန်းကြီး၏ ကျိုက်ခေါက်စေတီတော် သမိုင်းမှာ “ဂဝံပတိရဟန်းတော်ကို အကြောင်းပြ၍ ဘုရားရှင် ဒေသစာရီ ကြွရောက်တော်မူသည်ကို သိရသော ဣသိခေါက်ရသေ့ကြီးသည် အရှည်ပူဇော်နိုင်ရန် တောင်းပန်လျှောက်ကြား၏။ဘုရားရှင်သည် သာသနာတော် အဓွန့်ရှည်မည်ကို မြင်တော်မူသဖြင့် ဆံတော်ဓါတ်နှစ်ဆူကို ပေးအပ်လိုက်သည်။ဆံတော်ဆောင်ယူ၍ ယခုနေရာ၌ ရှေးဦးစွာတည်ထားသည်။ကျိုက်ဣသိခေါက်ဟု ဘွဲ့တော်ချီသည်။ကျိုက်က - ဘုရား၊ ဣသိက - ရသေ့၊ ခေါက်က - ခါးကုန်း၊ ရသေ့ခါးကုန်းဘုရားဟု အဓိပ္ပါယ်ရသည်၊

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် သာသနာနှစ် (၂၃၆) ခုအလွန် ရဟန္တာအရှင်တို့ ဘုရားရှင်၏ သွားတော်မြတ်ကို ဆောင်ယူလာကာ သံလျင်ဘောဂသေနမင်းကြီးနှင့် သမီးတော် ရှင်မွေးလွန်းတို့ကို ကိုးကွယ်ရန် ပေးအပ်ရာ ဥတ္တယင်္ဂကုန်းတွင် မူလစေတီတော်ကို မြိုငုံကာ ပန်းတင်ခုံအကျယ်ပြု၍ နောင်တော်စေတီတော်အနောက်တွင် စေတီတော်ကြီးစိုက်ထူ၍ ဓါတ်တော်ကို ဌာပနာတည်ထား ကိုးကွယ်တော်မူသည်။

၁ - ခြင်္သေ့နှင့်တူသောကြောင့် သီဟဒီပကျွန်းဟု ခေါ်သည်။
၂ - ဘုရားလောင်း ဓတရဌဟင်္သာမင်း သမုဒ္ဒရာသို့မျောသွားရာ သိကြားမင်းသည် ပတ္တမြားကိုချ၍ ကျွန်းပေါ်ထွန်းစေသောကြောင့် မဏိဒီပကျွန်းဟုလည်း ခေါ်သည်။
၃ - ထိုကျွန်း၌ အကွေ့အကောက် သုံးခုရှိသောကြောင့် တြိယဝင်္ဂကျွန်းလည်း ခေါ်သည်။
၄ - မောင်သန်လျင် မြို့တည်ထောင်နေသောကြောင့် သံလျင်မြို့ဟု အများထင်ရှား ခေါ်ဝေါ်ကြလေသည်၊ စွမ်းအားဗလနှင့် ပြည့်စုံခြင်း အသွားအလာလျင်မြန်ခြင်းတို့ကို အနွတ္တပြု၍ သန်လျင်၊ ၎င်းမှ မောင်သန်လျင်၊ သန်လျင်မင်းဟူ၍ ခေါ်ကြလေသည်။

၎င်းဘုရားပွဲတော်ပြုလုပ်ခြင်းသည် ရှေးဦးမဆွ ပထမကစ၍ ယခုတိုင် ရွေ့လျောပြောင်းရွှေ့ခြင်းမရှိ၊ တပို့တွဲလပြည့် ယာဂုထမနဲ မီးပုံပွဲ ကျင်းပကြလေသည်၊၊

ဗဖူးနှင်းဆီ
ရည်ညွှန်း - မော်ပီဆရာသိန်း - စာပေါင်းချုပ်
Photo Credit - Myanmar Digital News