【 ဆောင်းပါး 】 သိန်းဖေမြင့်အဖွဲ့ ... ဒဂုန်တာရာအနွဲ့

【 ဆောင်းပါး 】 သိန်းဖေမြင့်အဖွဲ့ ... ဒဂုန်တာရာအနွဲ့

မြန်မာစာပေမှာ “ရုပ်ပုံလွှာ” အဖွဲ့ဆိုသော အမည်နာမနဲ့နဲ့ နေရာရလာတာ ၁၉၄၀ ခုနှစ်လောက်က ပေါ်ပေါက်လာတာလို့ တွက်ကြည့်လျှင် ၈၃ နှစ်ရှိနေပါပြီ။

ဒဂုန်တာရာက စတင်ရေးဖွဲ့ခဲ့သည်ဟု မှတ်သားမိသည်။အများသိကြသည်ကတော့ အောင်ဆန်း (သို့မဟုတ်) အရိုင်း၊ ဗဟိန်း (သို့မဟုတ်) ပဒုမ္မာကြာပွင့်အပြုံးရှင်၊ ညိုမြ (သို့မဟုတ်) မတုန်မလှုပ်ကျောက်ရုပ်၊ ဦးဘဆွေ (သို့မဟုတ်) လျှို့ဝှက်အပြုံး-စသဖြင့်-စသဖြင့်---။

တစ်နေ့တော့ ဆရာဒဂုန်တာရာက ဆရာဇော်ဂျီဆီ အမှာစာရေးရန် သွားရောက်ပြီး စာမူကိုဖတ်ကြည့်စေသည်။ဆရာဇော်ဂျီက ကြိုက်သည်။သို့သော် ဆရာတာရာ၏ “လူကိုလေ့လာခြင်း” ဟု အမည်ပေးထားသည်ကို မကြိုက်။ဆရာဇော်ဂျီ မကြိုက်ခြင်းမှာ ဆွဲဆောင်မှုနည်းသည်ဟု ယူဆ၍ဖြစ်သည်။ရုပ်ပုံလွှာအမည်ကိုတော့ကြိုက်သည်။ဒဂုန်တာရာက သူတစ်ခါက အိမ်ထောင်ရှိသူ ပန်းချီဆရာနှင့် မဒက်လင်းသွင်အမည်ရှိ အနောက်တိုင်းဆန်ဆန် အပျိုပေါက်ကလေးအကြောင်းဝတ္ထုကို ၁၉၄၀ က နဂါးနီဂျာနယ်တွင် ရေးခဲ့ဖူးသည်။ကောင်မလေး၏ ပုံတူပန်းချီကားကို ရုပ်ပုံလွှာဟု အမည်ပေးဖူးသဖြင့် “ရုပ်ပုံလွှာ” ဟူ၍ သုံးရန် ဆုံးဖြတ်လိုက်သည်။စာပေပုံသဏ္ဍာန်အနေဖြင့် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးဟူသော အမည်အသီးသီးရှိသည်၊ အတ္ထုပ္ပတ္တိအမည်လည်းရှိသည်၊ သို့သော် ဆရာတာရာရေးချင်သည်မှာ လူတစ်ယောက်ကို ဓာတ်ပုံနှင့်မတူစေဘဲ ပန်းချီဟန်ဖြင့် စာဖွဲ့လိုခြင်းဖြစ်သည်။ပုံတူပန်းချီကားကို ရုပ်ပုံလွှာဟု အမည်ပေးလိုခြင်းဖြစ်သည်၊ အဲဒါက အတော်ကြီးခက်သည်ဟု ကျနော်ထင်သည်။

အနောက်တိုင်းမှာ ရှေးဦးခေတ်များက သခင်ယေရှုပန်းချီကား မယ်တော်မာရီပန်းချီကား သာသနာ့အာဇာနည် စသည်တို့ကို ပန်းချီရေးဆွဲ ပူဇော်သည်။ထို့နောက် ဘုရင်၊ ‘ဘုရင်မ’ မင်းညီမင်းသား၊ ‘မင်းသမီးများ’ ပန်းချီရေးဆွဲပြီး ဂုဏ်လုပ်ကြသည်။အရမ်းတူတာပဲ တစ်ပုံတည်းပဲ တစ်ထေရာထဲပဲဟု ပြောခြင်းသည် အရေးခံသူအတွက် ဂုဏ်ရှိသလို ပန်းချီဆရာလည်း ဂုဏ်ရှိသည် နာမည်ကြီးသည်။နောင်အခါ ဓာတ်ပုံပေါ်လာသည်၊ ဓာတ်ပုံက အနုပညာမဟုတ် သိပ္ပံပညာဖြစ်သည်။မည်သို့ပင်ထုတ်လုပ်စေကာမူ တူဖို့သာလိုရင်းဖြစ်သည်။

ပန်းချီဆရာဖြစ်ရန် နှစ်များစွာ လေ့လာရ၊ ဆည်းပူးရ အခုတော့ ဓာတ်ပုံဆရာလောက်မှ အလေးစားမခံရ။ပန်းချီဆရာတွေ မာနကို ထိခိုက်လာသည်၊ ပန်းချီသည် ပန်းချီ၊ ဓာတ်ပုံသည် ဓာတ်ပုံ ကွဲပြားဖို့ လိုအပ်လာသည်။ ပုံတူလောက် ရေးဆွဲတတ်ခြင်းသည် အနုပညာမဟုတ်ဟုလည်း မြင်လာသည်။ဆရာဒဂုန်တာရာက “ရုပ်ပုံလွှာ” ဟု ပြောခြင်းသည် ပန်းချီဆန်သော စာပေအဖွဲ့အနွဲ့ကို ပြောခြင်းဖြစ်သည်။ဒဂုန်တာရာမှ အစပြုခဲ့သော “ရုပ်ပုံလွှာအဖွဲ့” ကို နောင်အခါ စာရေးဆရာ၊ ဆရာမများက အတုယူ၍ လေ့လာ၍ ရေးလာကြသည်ဟု ပြောရမည်။

သတိတရဖြစ်သော ဖတ်ဖြစ်နှစ်သက်ဖြစ်သော “ရုပ်ပုံလွှာအဖွဲ့” များရှိသည်၊ ဆရာ (ဦး) သိန်းဖေမြင့်- သူ့ကိုယ်ပိုင်သတင်းစာ “ဗိုလ်တထောင်” တွင် ရေးခဲ့သော ရုပ်ပုံလွှာအဖွဲ့များ၊ ပီမိုးနင်းမှသည် အင်ဒီရာဂန္ဒီအထိ ရေးခဲ့ဖူးသည်။

မောင်တို့ချယ်ရီမြေ ဇာတ်ကားကိုတည်၍ မင်းသားဝင်းဦး၏ ရုပ်ပုံလွှာလည်း ဖွဲ့ခဲ့ဖူးသည်။ဦးသိန်းဖေမြင့်က ရုပ်ပုံလွှာဟု ခေါ်မနေပါ။ဗိုလ်တထောင်သတင်းစာမှာ ဆောင်းပါးအနေဖြင့်သာ ရေးခဲ့ခြင်းဖြစ်သည်။ဗိုလ်တထောင် သတင်းစာခေတ်မှာ ကျနော် အလယ်တန်း အထက်တန်းကျောင်းသားလောက်မှာဖြစ်သည်။ကျနော်က စာဖတ်ဝါသနာရှိတော့ကာ ဖတ်ဖြစ်တာတွေရှိသည်၊ ဦးသိန်းဖေမြင့်သည် စာရေးအားအတော်ကောင်းသည်။ဗိုလ်တထောင် သတင်းစာမှာ နေ့စဉ်ခေါင်းကြီးရေးသည့်အပြင် “ပွင့်ပွင့်လင်းလင်း ပြောပါရစေ” အခန်းမှာ နေ့စဉ်ဆောင်းပါးရေးသည်။ “ဆရာကြီးပီမိုးနင်း” အကြောင်း ရုပ်ပုံလွှာကိုတော့ “အိုးဝေ” ဂျာနယ်မှာ “၁၉၃၈” က ရေးခဲ့ခြင်းဖြစ်သည်၊၊

၂၀၀၂ လောက်ကဟု ထင်သည်။မေ့တေ့တေ့။ဆရာ ဒဂုန်တာရာ အသက် (၈၃) နှစ်လောက်၊ ကျနော် ရန်ကုန်-ရွှေညောင်တစ်ကြော ကုန်သည်ဘဝနှင့် မျောနေတုန်း အောင်ပန်းကိုရောက်သွားသည်။ဆရာက လူငယ်များနှင့်တွေ့လျှင် ခေတ်ပြိုင်ကာလအကြောင်း စူးစမ်းတတ်သည်။ကဗျာအကြောင်း စာပေအကြောင်းလည်း သိချင်သည်။အသက် ၈၀ ကျော်ဝန်းကျင်တွင် ဆရာ့မျက်လုံးက မှုန်ဝါးဝါးသာမြင်ရတော့သလောက်ဖြစ်သွားသည်။သို့သော် သတိက အတော်ကောင်းသေးသည်။အတော်များများ မှတ်မိနေတတ်သည်။နေ့စဉ် ဘီဘီစီ၊ ဗွီအိုအေ၊ အောအိန္ဒိယ နားထောင်သည်။မြန်မာလိုရော အင်္ဂလိပ်လိုပါ နားထောင်တတ်သည်။

မျက်စိတဖြည်းဖြည်းအလင်းဓာတ်ဆုတ်လာသောအခါ ဆရာ့ဘဝက အသံလွှင့်ဌာနတွေကိုသာ “တစ်ဘဝ” ဟု ထင်နေရတော့သည်။အဲဒီအချိန်မှာ ကျနော်ကရောက်သွားတတ်ခြင်းဖြစ်သည်။ကျနော်က ဦးသိန်းဖေမြင့်၏ ဆောင်းပါး စုထွက်လာကြောင်း ဆရာမော်လင်း၏ စာအုပ်ဈေးစာပေမှ ထုတ်ဝေကြောင်း ပြောသည်။ဆရာက… “ဖတ်ချင်တယ်ဗျာ ဘာတွေပါသလဲဗျ” ဟု ပြန်မေးသည်။

“အင်ဒီရာဂန္ဓီအကြောင်းရော သခင်ဖိုးလှကြီးအကြောင်းရောပါတာပဲ ဆရာ။အစုံပဲ အတော်စုံပါတယ် ဆရာ” ဟု ပြန်ဖြေရသည်။

ဆရာ တာရာက ရုတ်တရက် “ပီမိုးနင်းပါသလား အဲဒါသိပ်ကောင်းတယ်။ကျနော်သိပ်ကြိုက်တယ် ပြန်ဖတ်ချင်တယ်ဗျာ” ဆရာက အတော်စိတ်လှုပ်ရှားစွာ ပြောလိုက်ခြင်းဖြစ်သည်။

ဆရာပြန်ဖတ်ချင်တောင်မှ မျက်စိကမှ မမြင်တော့ဘဲ၊ ကျနော့်မှာလည်း ဖတ်ပြချင်သော်မှ စာအုပ်ကမပါ။သိန်းဖေမြင့်က ဒဂုန်တာရာထက် ၅ နှစ်ကြီးသည်။ ဦးသိန်းဖေမြင့် (၁၉၁၄-၁၉၇၈)၊ ဒဂုန်တာရာ (၁၉၁၉-၂၀၁၃)၊ အသေအချာပြန်ဖတ်ကြည့်တော့မှ ဦးသိန်းဖေမြင့်၏ “ပီမိုးနင်း” အဖွဲ့သည် ဒဂုံတာရာကဲ့သို့ မနွဲ့လှဘဲ အတော်ကြီးကိုကောင်းသည်။သရုပ်အတော်ပေါ်သည်၊၊

(ဦး) သိန်းဖေမြင့်၏ စာအုပ်အမည်က “သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်” တဲ့၊ စာအုပ်အမည် ကလေးကလည်းကောင်းသည်။စာအုပ်ကို ၂၀၀၀ ခုနှစ်က ထုတ်ဝေသည်၊ စာအုပ်နှင့်ပတ်သက်၍ အမှာစာတွင် “ဆရာပါရဂူ” က ဤသို့ရေးသည်။

သိန်းဖေမြင့်သည် စာပေအမျိုးအစား စုံလင်စွာရေးခဲ့သည်၊ အမြောက်အများကျန်ရစ်သော စာပေအမျိုးအစားမှာ လူ့အကြောင်း လူ့အတ္ထုပ္ပတ်ဖြစ်သည်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းအကြောင်း၊ ပြည်ပပုဂ္ဂိုလ်တွေလည်းပါသည်။ပြည်ပက ဘာသာပြန်ဆို ထုတ်ဝေခဲ့တာတွေလည်းရှိသည်။ဤစာအုပ်သည် မြန်မာစာပေလောကတွင် သိန်းဖေမြင့်စာပေကဏ္ဍထဲက လူ့အကြောင်း လူ့အတ္ထုပ္ပတ် အစိတ်အပိုင်းကို ထပ်မံဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။

အလွန်အရေးကြီးသော အချက်တစ်ခုကို “ဆရာပါရဂူ” က ဤသို့မှတ်ချက်ချသည်။ “ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ချဉ်းကပ်ရာ၌ တချို့ကအစွဲကင်းသည်။တချို့က အစွဲကပ်ပါလာသည်။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အစွဲနှင့်ချဉ်းကပ်သူသည် အစွဲမျက်မှန်တပ်ထားသည်ဖြစ်၍ မိမိချဉ်းကပ်သော ပုဂ္ဂိုလ်၏ ပုံသဏ္ဍာန်ကို အရှိအတိုင်း မြင်နိုင်စွမ်းအားမရှိပေ။အစွဲကင်းသူကသာ မိမိချဉ်းကပ်သူ၏ပုံရိပ်ကို အမှန်အတိုင်းမြင်နိုင်စွမ်းလေသည်။”

ဆရာပါရဂူလိုပုဂ္ဂိုလ်က ဤသို့မှတ်ချက်ပြုသည်ကို ဖတ်ရသောအခါ အတော်နှစ်ခြိုက်သွားသည်၊ အဘယ်ကြောင့်ဆိုသော် ကျနော်ကြီးပြင်းအရွယ်ရောက်သောကာလမှာ ဆရာသိန်းဖေမြင့်နှင့်ပတ်သက်၍ မှတ်ချက်မျိုးစုံကြားခဲ့ရ၍ဖြစ်သည်။သိန်းဖေမြင့်သည် လွတ်လပ်ရေးမရမီက ကွန်မြူနစ်ပါတီက၊ ဒုတိယကမ္ဘာစစ်ကာလတွင် လွတ်လပ်ရေးလှုပ်ရှားမှု တာဝန်အရ အိန္ဒိယတွင် တာဝန်ကျသည်။လေနတ်သားအမည်ဖြင့် လေယာဉ်မှကြဲချသော လှုံ့ဆော်စာများမှာ သူ့လက်ရာများဖြစ်သည်။လွတ်လပ်ရေးရပြီး ပါတီတောခိုတော့ သူမလိုက်။စာရေးဆရာ သတင်းစာဆရာအဖြစ် မြေပေါ်မှာနေရစ်သည်။ဗိုလ်နေဝင်းအာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီလက်ထက်မှာ ခပ်မဆိတ်သာနေသည်။သို့ဖြင့် သိန်းဖေမြင့်ကို နိုင်ငံရေးတွင်မယုံရ။စာပေအနေဖြင့် သူ့စာတွေကိုကြိုက်လျှင် လက်ခံ၍ရသည်။

“စစ်အတွင်းခရီးသည်” မှာ အားထား၍ရသည်။ “အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီ” သည် ကျောင်းသုံးပြဋ္ဌာန်းခံရသည်။ “ကျနော်တို့မွန်မြန်မာ” သည် အတော်ဝေဖန်ခံရသည်။မဆလခေတ် ပြည်နယ်ကောင်စီဥက္ကဋ္ဌ၊ တိုင်းကောင်စီဥက္ကဋ္ဌတို့ တန်ခိုးကြီးနေကြသောအခါတွင် သူ၏ခရီးသွားစာအုပ် “ကျနော်တို့ မွန်မြန်မာ” စာအုပ်မှာ ဥက္ကဋ္ဌများနှင့် စားပွဲသောက်ပွဲများအတူထိုင်ပြီးရေးသောစာဟု ဝေဖန်ခံရသည်။အတော်နားလည်ရခက်သော အခြေအနေအချိန်အခါတွင် ကျနော် သူ့စာတွေဖတ်ခဲ့ရခြင်းဖြစ်သည်။

သို့သော် ဒဂုန်တာရာက သိန်းဖေမြင့်၏ “ပီမိုးနင်းရုပ်ပုံလွှာအဖွဲ့” ကို ညွှန်းသောအခါ ပြန်၍ဖတ်ဖြစ်ပြန်ပါသည်။အဲဒီတုန်းက သိန်းဖေမြင့်က စာရူးပေရူး စာရေးဆရာဖြစ်ရန် နမောတဿရွတ်နေရတုန်း၊ ဆရာကြီး ပီမိုးနင်းနှင့် မောင်ဂိုမာရီလမ်းတွင် အိမ်ချင်းကပ်လျက်နေခဲ့ဖူးသည်။ဆရာကြီးက အရက်အဆီပြန်မျက်နှာ၊ ပြည့်ပြည့်ဝဝဖိုင့်ဖိုင့် ဖြူဖြူ၊ အင်္ကျီလက်တိုအဖြူ လက်တစ်ဝါးခန့်ရှိ ခါးပတ်စိမ်းကြီးပတ်ထားသည်။ဆရာကြီး ပီမိုးနင်းသည် ခါးတဝက်သာသာရှိသော ခုံပေါ်တွင် ထမင်းပန်းကန်တင်လျက် မတ်တတ်ရပ်ကာ တူနှစ်ချောင်းဖြင့် ထမင်းစား၏။ထမင်းစားရာမှရပ်၍ စာလည်းရေးလိုက်သေး၏။ တစ်နေ့တွင်ကား သားသားနားနား ဖြူဖြူ၊ မိန်းမတစ်ယောက်က “ဆရာကျော် ဆရာကျော်” ဟူ၍ အိမ်ရှေ့ကလာခေါ်ရာ ဆရာကြီးက ဆင်းလာ၍ ထိုမိန်းမနှင့်အတူ မြင်းလှည်းဖြင့်ထွက်သွားသည်၊ ပြန်အလာတွင် အသံစုံပေါ်လာသည်။

“မလာခဲ့နဲ့ ရှင့်မယားငယ်နဲ့ ရှင်နေချည်”

“ဟေ့ ကောင်မတိတ်၊ သိပ်စကားမများနဲ့”

“မတော်ဘူး အသေကောင်ကြီးရဲ့၊ မတော်ဘူး တနှာရူးကြီးရဲ့ မတော်ဘူး၊ သွားမလာခဲ့နဲ့” ဟု ပြန်အော်သည်၊ ရိုက်နှက်သံတွေ ထွက်လာသည်။

ဦးသိန်းဖေမြင့်က အဲသလိုဖွဲ့သည်၊ ပီမိုးနင်းသည် ဒီလိုကြီးလား၊ ဘဝသရုပ်ကို သံဘရပ်နှင့် တိုက်ချလိုက်တော့ သွေးစိမ်းရှင်ရှင် ထွက်သွားလေတော့၏။

လင်းထင်