【 ဆောင်းပါး 】 သိန်းဖေမြင့် ဖွဲ့သော ဆရာကြီး ပီမိုးနင်း

【 ဆောင်းပါး 】 သိန်းဖေမြင့် ဖွဲ့သော ဆရာကြီး ပီမိုးနင်း

ဆရာကြီး ပီမိုးနင်းကို (ဦး) သိန်းဖေမြင့်က ဤသို့ပင် ရှင်းရှင်းဖွဲ့သည်။

             “မလာခဲ့နဲ့ ရှင့်မယားငယ်နဲ့ ရှင်နေချည်”           
             “ဟိတ် ကောင်မ တိတ် သိပ်စကားမများနဲ့”            
              “မတိတ်နိုင်ဘူး အသေကောင်ကြီးရဲ့”

“ယောက်ျားအသံမှာ ဆရာ ပီမိုးနင်း၏ အသံဖြစ်သောကြောင့် ကျနော် (သိန်းဖေမြင့်) သည် ထသွား၏၊သူတို့ဘက်သို့ လှမ်းကြည့်နေလေ၏၊ ဆရာ့အသံကား မူမမှန်၊ (အရက်) မူးသံကြီးပေါ်လျှက်ရှိ၏။”

“မယားငယ်တွေနဲ့ သွားနေပါ၊ (မကောင်းတဲ့မိန်းမ) တွေနဲ့သာ ရှင်နဲ့တော်တယ်”

တစ်ရက်က ပီမိုးနှင်းအိမ်မှာရှိခိုက် “ဆရာကျော်  ဆရာကျော်” ဟူ၍ ဖြူဖြူချောချော မိန်းမတစ်ယောက်က လာခေါ်၏၊ ဆရာ့နာမည်မှာ “ကျော်ညွန့်” ဖြစ်သည်၊ ဆရာက ထိုမိန်းမနှင့်အတူ လန်ချားဖြင့်ထွက်သွား၏၊ ယခု ဆရာရှိစဉ် မိန်းမက အာကြမ်းတိုက်နေခြင်းဖြစ်သည်။              

“ကဲဗျာ… ခွပ် ခွပ်” အသံကို ကြားရ၏၊ ဗြုန်းကနဲ ဆောင့်အောင့်ဆင်းလာသည်။နောက် လန်ချားပေါ်တက်၏။ “ဂျောင်း ဂျောင်း” ဟု ကုလားကိုနှင်လေသည်။သူ့မိန်းမထိပ်တွင် သွေးရွှဲ၍ ကျန်ရစ်ခဲ့လေ၏။ပီမိုးနင်းသည် ဂျာနယ်တိုက်တစ်တိုက်သို့သွားပြီး ရက်များစွာ နေလေ၏။ထိုတိုက်တွင်ပင် ဖြစ်သလိုနေ ဖြစ်သလိုစား ဖြစ်သလိုအိပ်ကာ စာမှန်မှန်ရေးနေလေသည်။

“…….. အခြားအခြားဘက်၌ ပီမိုးနင်းကို ချီးမွမ်းချင်သူ ချီးမွမ်း၊ မချီးမွမ်းချင်သူနေ၊ မြန်မာစာကို ရှင်းအောင်ရေးရာ၌ကား လူတိုင်း ချီးမွမ်းရမည်။ နက်နဲသော စိတ်ပညာကို လူအများနားလည်အောင် ပြတ်ပြတ်သားသား ရေးနိုင်သူကား သူတစ်ယောက်လောက်သာရှိသေးသည်၊ စီးပွားရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ဘာကိုပင်ရေးရေး ရှင်းလင်းနားလည်လွယ်လှပေသည်” ဟု ဦးသိန်းဖေမြင့်က ညွှန်းသည်။

ရှေးမြန်မာစာအနေဖြင့် လင်္ကာ စကားပြေ နှစ်ထွေရော၍ရေးသည့် ကာလရှည်တစ်ခု ကျနော်တို့ဆီမှာ ရှိဖူးသည်။မင်းတုန်းမင်းကြီးလက်ထက် ပညာရှိ ဘိုးဝဇီရ စီမံသော “ရတနာပုံ” သတင်းစာနှင့် အင်္ဂလိပ်လက်အောက် “သူရိယ” သတင်းစာတို့တွင် ဤသို့သော ရေးဟန်ကို တွေ့ရလိမ့်မည်။ကာရန်က နားအရသာ ခံစေသည်။အရှေ့အရပ်မှ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သူရိယနေမင်းကြီးသည် နေ့တစ်နေ့၏ အစဦးကာလသည် ပန်းရောင်ဖျော့ဖျော့ ---၊ ရှေးက ဝါကျဖွဲ့ပုံမှာ ရှည်လျားလှသည်။အဓိပ္ပာယ်ကလည်း ထွေပြားစေသည်။လိုရင်းသို့လည်း မြန်မြန်မရောက်။ဆရာ ပီမိုးနင်းရေးပုံက ဤသို့မဟုတ်၊ “နေသည် အနောက်ဘက်သို့ ဝင်ချေတော့မည်၊ မကြာမီ ညကာလရောက်ပေတော့မည်”၊ စာသဘောနှင့်ကြည့်လျှင် လွန်စွာခရီးရောက်သည်။ရှေးကရေးသလိုသာဆိုလျှင် သက္ကတနှင့် ပါဠိကလည်းအပြည့်၊ ကာရန်နဘေကလည်း ပါလိုက်သေး၊ ကမ္ဘာကတစ်ဆင့် သင်ယူရမည့် သင်္ချာသိပ္ပံကလည်း အများအပြားရှိနေသေးသည်။

ဆရာ သိန်းဖေမြင့်က အခြားနေရာ ချီးမွမ်းချင် ချီးမွမ်း၊ မချီးမွမ်းချင်နေ စာကို ရှင်းအောင် ရေးရာ၌ကား ချီးမွမ်းရမည်ဟု သူ့အမြင်ကို အပြတ်ပြောခဲ့ခြင်းဖြစ်မည်။

ကျနော်က ဆရာကြီး၏ ဘဝကို တစ်ချက်ငဲ့ကြည့်လိုက်မိသည်။ဆရာကြီးဇာတိမှာ သုံးဆယ်မြို့ (သာယာဝတီ) က ဖြစ်သည်။မိဘများက အပြည့်စုံကြီးမဟုတ်သော်လည်း ပညာကိုတော့ သင်ကြားစေရကောင်းမှန်း သိကြသည်။ဆရာကြီး သင်ကြားရသော ခရစ်ယာန်ဘုန်းတော်ကြီးများက ဉာဏ်ထက်သော သူ့ကို သဘောကျသည်။လက်တင်ဘာသာတွင်တော်သဖြင့် ခရစ်ယာန်ဘုန်းကြီးပင် ဖြစ်စေချင်၍ နိုင်ငံခြားကိုပင် ပို့ခဲ့သည်။သူက မလုပ်ချင်၍ ပြန်ပြေးလာသည်။စာပေအညွန့်အညှောင့်ကလေးရှိတော့ ရန်ကုန်မှာပဲ အဆင်းရဲခံပြီး ကုတ်ကတ်နေသည်။စာပေနှင့် နီးစပ်ရန် ရန်ကုန်မှာ ဘုန်းကြီးဝတ်နှင့်လည်း နေဖူးသည်။အင်္ဂလစ်ရှ်ကောင်းတော့ သတင်းအလုပ်၊ ဘာသာပြန်အလုပ်တွေကရှိသည်။

ဆရာကြီးက တံငါတွေပြောသလို လှေဦးစို - စိုတုန်း ဖြစ်ပုံရသည်။ဆရာကြီးအလိုအရ ကမ္ဘာ့စာပေထဲက စိတ်ပညာ၊ သိပ္ပံပညာ၊ ရုက္ခဗေဒပညာ၊ သတ္တဗေဒပညာ အစစ လေ့လာရ သင်ယူရဦးမည်။အားလုံးက ကကြီးရေကမှာပဲ ရှိသေးသည်။ကြီးပွားရေးလမ်းညွှန်ခေါ် တက်ကျမ်း၊ ဖိုမစိတ်ပညာခေါ် ကျန်းမာရေးလမ်းညွှန်၊ ကျနော်တို့အဖြစ်မှာ အနောက်တိုင်းက တောင်ပေါ်ရောက်နေချိန်တွင် ကိုယ်ကတောင်ခြေမှာပဲရှိနေသေးသည့်အပြင် ဘယ်လမ်းကတက်ပါလိမ့်ဟု ခေါင်းကုတ်နေပုံနှင့် တူပါသည်။

ဆရာကြီးက ဖတ်ရသမျှ အလကားမထားဘဲ အများသိစိမ့်သောငှာ ပြန်ရေးပြသည်။ဖတ်နိုင်ရန် စာအုပ်ထုတ်သည်။ဤသည်ကပင် နည်းသည့် ကျေးဇူးမဟုတ်။ဦးသိန်းဖေမြင့် ပြောသကဲ့သို့ အများနားလည်အောင် နားရှင်းအောင် ပြောနိုင်သည်မှာ ဆရာကြီး ပညာသင်ခဲ့ရသော အနောက်တိုင်းစာပေကို “ငုံ” မိသောကြောင့် ဖြစ်တန်ရာပါသည်။လွန်ခဲ့သော အနှစ် ၂၀ မျှအတွင်း မြန်မာစာကို အများဆုံးရေးသူ သုံးယောက် (လယ်တီပဏ္ဍိတ ဦးမောင် ကြီး၊ သခင်ကိုယ်တော်မှိုင်း၊ ပီမိုးနင်း) တွင် တစ်ယောက်အပါအဝင်ဖြစ်သည်။

ဆရာ သိန်းဖေမြင့်က ဆက်လက်၍ ဤသို့ရေးဖွဲ့ပါသည်။

“ထိုနေ့ကား တိုးတက်ရေးမဂ္ဂဇင်း ဦးစိန်က ရန်ကုန်မြို့ပြင်ဘက် ခြံတစ်ခြံတွင် စာရေးဆရာများကို ထမင်းကျွေးသော နေ့ဖြစ်သည်။ … ဆရာ ပီမိုးနင်းကား ယခုတစ်ကြိမ် အပေါ်အင်္ကျီနှင့်ဖြစ်၏။ကတုံးကို ပြောင်အောင် ရိတ်ထားပြီး ပဝါနီကို ရစ်ထားလေသည်။သူကား ခါတိုင်းထက် ဝ၏၊ မျက်နှာမှာလည်းနီနေ၏”၊ကျနော်တို့သည် မြန်မာပြည်၌ စာဖတ်သူပေါ (များ) လာရန် စဉ်းစားဆွေးနွေးနေလေသည်။ဆွေးနွေးစဉ်းစားရာမှ ခပ်အေးအေးဖြစ်သွားလျှင် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်းက) က ကွမ်းစားရင်း ဆရာပီမိုးနင်းကို ကြည့်ပြီး… “ကိုယ့်လူမလည်း အရက်ဆီတွေလား အမွဲဆီတွေလား တက်နေလို့ထင်ပါ့၊ ဝလိုက်တာဖီးလို့ တစ်နေ့တခြားတိုးဝနေပါပကော”

“မွဲတာတော့ မပြောနဲ့ ဆရာ သူများတွေ ဘယ်လိုချမ်းသာကြပါ့မလဲဆိုတာ အချိန်ရှိတိုင်းစဉ်းစား၊ စဉ်းစားရတိုင်းရေးနေလို့ ကိုယ်တိုင်ချမ်းသာအောင်လုပ်ဖို့ကို စဉ်းစားချိန်လည်းမရှိဘူး၊ လုပ်ချိန်လည်းမရှိဘူး”

ဆရာမှိုင်းလည်း ကွမ်းသွေးထွေးပြီး အားရပါးရ ရယ်လေ၏၊သူ့ကိုသူလည်း တွေးမိဟန်ရှိ၏။(ဆရာမှိုင်းသည်လည်း ခပ်မွဲမွဲ)

သိန်းဖေမြင့်က “ပီမိုးနင်းသည် သည်ဝါဒကို ဘယ်အခါကမျှ မစွန့်ခဲ့၊ သူသည် တိုင်းပြည်ကို လိမ်လည်လှည့်ဖျားသောစာ ဘယ်အခါကမျှ မရေးခဲ့။ ဗြိတိသျှအင်ပီရိယယ်လစ်အစိုးရကို ဘယ်တုန်းအခါကမျှ မချီးကျူးခဲ့၊ နိုင်ငံခြားသားများ မြန်မာတစ်မျိုးသားလုံးကို သွေးစုပ်နေသည်၊ နိုင်ရာစားလုပ်နေသည်ကို ဘယ်အခါကမျှ မထောက်ခံခဲ့။ဗန္ဓုလတုန်းကလည်း တိုင်းပြည်အကျိုးကိုသာရေးသည်။မြန်မာ့အလင်း “လေပွေကြီး” အဖြစ်နှင့် ရေးစဉ်ကလည်း တိုင်းပြည်ဘက်ကသာ ရေးမြဲရေးသည်။သူသောက်သည်။သူသောက်သဖြင့် သူ့ဝါဒမပျက်။သူ့ ဝါဒမတိမ်း၊ တိုင်းပြည်အကျိုးမယုတ်၊ သူသောက်သူပျော်၊ သူထင်သလိုနေသဖြင့် သူ့မှာအကျိုးယုတ်ချင်ယုတ်မည်၊ သူ့မှာ အကုသိုလ်တွေ ပွားချင်ပွားမည်။သို့သော် အများအကျိုး တိုင်းပြည်အကျိုးကိုသာ ရှေးရှုသူမှန်သမျှသည် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်အား၊ တာဝန်မထားနိုင်” ဤသည်မှာ ပီမိုးနင်းကိုတိုင်းသော ဦးသိန်းဖေမြင့်၏ ပေတံဖြစ်သည်၊

ဆရာ ပီမိုးနင်း၏ ဝါဒသည်ကား…

“So Long as one's conscience is clear. There is nothing to worry about.”(ကိုယ်ကောင်း ခေါင်းမရွေ့၊ ဘာမျှဂရုမစိုက်နဲ့) ဖြစ်ပုံရသည်။

ဆရာ ပီမိုးနင်းဟု ကလောင်အမည်တွင်စေခြင်းမှာ ဆရာ့ကို မိုးတွေရွာ နှင်းတွေကျ သမယထူးကြီးတွင် မွေးဖွားခြင်းကြောင့် ငယ်မည် “မိုးနှင်း” ဟု တွင်သည်။အလုံရပ်ရှိ ဘက်ပတစ်ကျောင်း၌ လက်တင်ဆရာအလိုရှိကြောင်း ကြော်ငြာတွေ့၍ ကျော်ညွန့်အမည်နှင့် လျှောက်ရာတွင် ဗမာနာမည်ဖြစ်၍ မခန့်နိုင်ဟု ပြောသည်။မော်လမြိုင် ခရစ်ယာန်ကျောင်းတွင် စာသင်စဉ် နာမည်ခံဖူးသော ဘရင်ဂျီဘာသာ အမည် ဖီးလစ် (Philip) အစလုံးယူကာ “ပီမိုးနင်း” ဖြစ်သွားသည်။

ဆရာကြီးသည် ၅၆ နှစ်အရွယ် ၁၉၃၉ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆူးလေဘုရားအနီး၌ စက်ဘီးတိုက်ခံရသဖြင့် လူနာအဖြစ်နေရစဉ် အဖျားရောဂါဖြင့် ကွယ်လွန်သည်။

ဦးသိန်းဖေမြင့်ကတော့ ပီမိုးနင်းကို “ရွှံ့နွံထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေဝေ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင်နားနေလျက်ပင် ရှိပေသတည်း” ဟု ဆိုလေသည်။

လင်းထင်