【 ဆောင်းပါး 】 သိသာသိစေ မမြင်စေနဲ့

【 ဆောင်းပါး 】 သိသာသိစေ မမြင်စေနဲ့

အရက်ဆိုတာ အိမ်ဦးခန်းလိုနေရာမျိုးမှာ သောက်ရစားရတဲ့အရာ မဟုတ်ဘူးတဲ့။

ကျနော် ငယ်စဉ်ဘဝကတည်းက အဲဒီလို မှတ်သားခဲ့ဖူးတယ်။အဲဒါက ကျနော်တို့ မွန်ယဉ်ကျေးမှုရဲ့ အရက်အပေါ်ထားတဲ့ သဘောထားလို့တောင်ဆိုရင် မမှား။ဘာလို့လဲဆိုတော့ ကျနော် လူပျိုအရွယ် သက္ကရာဇ် ၂၀၀၀ ဝန်းကျင်အထိ အိမ်ဦးခန်းမှာ စတိုင်ကြီးတခွဲသားနဲ့ အရက်ဝိုင်းတည်နေတာမျိုး မတွေ့ခဲ့ရဖူးတာကြောင့်ပါပဲ။

ကျနော်တို့ ဇာတိမြေမှာ သင်္ကြန်ကနေစလို့ ဧပြီတစ်လလုံး ရွာအလိုက် ဘုရားပွဲဆိုတာရှိတယ်။အဲဒီဘုရားပွဲတွေကို ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲလို့ အခု အသက် ၁၀၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ အဘိုးလေးကို မေးကြည့်မိတယ်။သူငယ်ငယ်ကတည်းက ဘုရားပွဲတွေ ရှိနေပြီမို့ ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲဆိုတာ အဘိုးလေးပင် မသိဘူးလို့ ဆိုပါတယ်။

အဲဒီလို သက်တော်ရာကျော်ရှည်ပြီဖြစ်တဲ့ ဘုရားပွဲတွေမှာ ဘုရားပွဲကျင်းပတဲ့ရွာက အိမ်တိုင်းနီးပါး ဘုန်းကြီးဝိုင်းပမာ ထမင်းဟင်းနဲ့ မွန်ရိုးရာ ကောက်ညှင်းမုန့်တွေကို ပါလာသမျှ ဧည့်သည်တွေကို ကြိုက်သလောက်စား အလျှံပယ်ကျွေးမွေးရုံတင်မက ယောကျာ်းသားရှိတဲ့ အိမ်တွေက အရက်ပါ တိုးတိုးတိတ်တိတ် တိုက်လိုက်ပါသေးတယ်။

ဒါပေမဲ့ အရက်ကို ဧည့်ခန်းမပြောနဲ့၊ လူမြင်ကွင်းမှာပင် မတိုက်။သောက်ချင်ရင် ခြံအနောက်ဘက် ချောင်ကျကျနေရာမှာ လာသောက်ကြ။အရက်ဆိုတာ အဲဒီလို မှောင်ခိုသောက်ရသလို ပုန်းလျှိုးကွယ်လျှိုးလုပ်ရတဲ့ အရာမျိုးလို့ သတ်မှတ်ခဲ့ကြတယ်။

ညနေတိုင်း အရက်သောက်သူတွေကို သူ့ဘာသာ ပိုက်ဆံရှိလည်း ဆေးဖော်ကြောဘက် မလုပ်ချင်သူကများပါ့။ကာလသားတွေ သောက်ကြစားကြပြီး သီချင်းလေးတကြော်ကြော်နဲ့ ရွာထဲပြန်ဝင်ကြတာက ညမိုးချုပ် လူမမြင်တော့တဲ့အချိန်ကျမှ။

ဆိုတော့ အရက်ရောင်းတဲ့အလုပ် လုပ်သူတွေဟာ မကောင်းမှု ဒုစရိုက်အမှု ကျူးလွန်သူတွေလို့ သတ်မှတ်ခံရကာ မျက်နှာငယ်ကြရတယ်။ထန်းတောဆိုတာလည်း ရွာနဲ့ ခပ်လှမ်းလှမ်း။ချက်အရက်ဖိုဆိုတာလည်း ရွာအပြင်ဘက်မှာပဲ။အဲဒီထန်းတောဆိုတာကို သားပျိုသမီးပျိုတွေ မသွားအပ်တဲ့ အရပ်လို့တောင် သတ်မှတ်ခံရသေးတယ်။

ကျနော်တို့ရပ်ရွာက အလှူတွေ၊ ရှင်ပြုတွေ၊ မင်္ဂလာဆောင်တွေဆို နင်လား ငါလား ထမင်းဟင်း အခမဲ့ချက်ပြုတ်ကြတာက ယောကျာ်းသားတွေချည်း။သူတို့ကို အလှူပြီးတဲ့ ညနေမျိုးမှာ အလှူရှင်က တစ်ဝိုင်းဧည့်ခံလေ့ရှိပေမယ့် အဲဒီဝိုင်းကလည်း ဟိုး … ခြံအနောက်ဘက်မှာ တိုးတိုးတိတ်တိတ်။

နာရေးအိမ်တွေဆိုရင်တော့ လာချက်ပြုတ်ပေးတဲ့သူတွေကို အရက်နဲ့ ဧည့်ခံဖို့မလို။မိသားစုပူဆွေးနေတဲ့အချိန်၊ မသေခင် ကျန်းမာရေးမကောင်းတာတွေ ဘာတွေကြောင့် ကုန်ကျစရိတ်များခဲ့တာတွေလည်းရှိတော့ စာနာကြတဲ့သဘော။ဒါ့ကြောင့် အိမ်ရှင်က ဧည့်ခံရင်တောင် လက်မခံကြ။

အရက်ဆိုတာ အဲဒီလို ကျနော်တို့ရပ်ရွာမှာ မျက်နှာငယ်ရတယ်။အရက်ဆိုတာ ဘုရားမကြိုက် တရားမကြိုက်တဲ့အလုပ်။ဘာသာတရားအမြင်က အရာများစွာကို ဦးဆောင်နေတာကြောင့်လည်း အရက်သမားဆိုတာ သေတဲ့အခါ ဘယ်လိုအကြောင်းနဲ့မှ မရှောင်နိုင်မတိမ်းနိုင် ငရဲထဲ တန်းခနဲရောက်မယ်လို့လည်း ဆိုကြတယ်။

အဲဒီလို အရက်ကိုမှ ကျနော့်ဘကြီးက သွားကြိုက်မိလေတော့ လယ်ပိုင်ရှင်သား၊ ကြိုးကြိုးစားစားနဲ့ လယ်ယာလုပ်ငန်းခွင်ကို ဦးဆောင်လုပ်ကိုင်နေပေမယ့် အပြောအဆိုက ဘယ်လွတ်မလဲ။ဘကြီး အရက်စသောက်တာ ၁၉၆၀ ပြည့်နှစ်ကျော်ကာလ၊ အသက် ၂၃ နှစ်ဝန်းကျင်အရွယ်။

“အဲဒီတုန်းက ဘကြီးက အိမ်က လယ်တွေအကုန်လုံးကို ကိုယ့်လက်ကိုယ့်ခြေ ဦးဆောင်နေပြီ။သားတို့ အဘိုးက နည်းနည်းကြီးကြပ်ပေးရုံပဲ လုပ်တော့တာ။ပြောရရင် အလုပ်နဲ့အကိုင်နဲ့ လူကြီးဖြစ်နေပြီပေါ့ကွာ။တစ်ရက်မှာ၊ ဘကြီးတို့ လယ်ဘေးနားက ဘကြီးတို့ ဦးလေးလယ် ညနေပိုင်း သွားလည်ရင်းနဲ့ ဦးငယ်က သောက်မယ်ဆိုတာနဲ့ ကြက်ကင်နဲ့ ချက်အရက် နည်းနည်းမြည်းကြည့်ရာကနေ သောက်ဖြစ်သွားတာ” လို့ ဘကြီးက ပြောပြတယ်။

နည်းနည်းသောက်ကြည့်တော့ နေရထိုင်ရ ပြောရဆိုရကောင်းမှန်း သိသွားတယ်။ပြီးတော့ မူးတဲ့ အရသာကလည်း ရီတီတီ။ထမင်းစားလို့လည်းကောင်း၊ အိပ်လိုက်တော့လည်း တစ်ချိုးတည်း တုံးခနဲ။မနက် မိုးလင်းတော့ လူက အလုပ်-လုပ်ဖို့ရာ အဆင်သင့် လန်းဆန်းနေရော။

နောက် လေး၊ ငါးရက်အကြာ ဦးငယ်နဲ့ တောအရက် ထပ်သောက်ဖြစ်တော့ စမ်းသပ်တဲ့အနေနဲ့ မူးသွားအောင် များများသောက်ပစ်ကြည့်တယ်။မူးသွားတော့ ထမင်းလည်းစားလို့ အဆင်မပြေ၊ လူကလည်း သိက္ခာပျက် ယိုင်ထိုး၊ အရက်ကပေးတဲ့ မူးတဲ့အရသာ ဘယ်ရောက်သွားမှန်းမသိ၊ မနက်ကျတော့ ခေါင်းတွေကကိုက်ပြီး မထနိုင်၊ ဝမ်းကချုပ်တော့ နေရထိုင်ရခက်။

“အဲမှာ ဘကြီး သေချာသိလိုက်တယ်။အရက်ဆိုတာ နှိုင်းနှိုင်းဆဆနဲ့ ချင့်ချိန်သောက်ရင် ဆေး။ဗရမ်းဗတာသောက်ရင်တော့ ခွေးဖြစ်မယ်ဆိုတာ။အဲဒီအချိန်ကစပြီး အရက်ကို တစ်ပတ် တစ်ကြိမ်၊ အလွန်ဆုံး ၂ ကြိမ် အပန်းဖြေတဲ့သဘော ချင့်ချင့်ချိန်ချိန် သောက်မယ်လို့ ပိုင်းဖြတ်လိုက်တယ်။အဲဒါနဲ့ ဘကြီးလည်း သားတို့ အဘိုးကို တရားဝင်ပြောလိုက်တယ်။အဖေ သားအရက်စသောက်ပြီလို့။အဖေက လူပျိုဘဝတုန်းက တော်တော်သောက်လာတဲ့သူဆိုတော့ ဘာမှမပြောပါဘူး။သားတို့ အဘွားကိုတော့ မပြောထွက်လို့ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတော့ဘူး။သိသာသိစေ မမြင်စေနဲ့ပေါ့” လို့ ဘကြီးက ဆိုတယ်။

ဘကြီးရဲ့လယ်မှာ လူငှား (သူရင်းငှား) ၃ ဦးရှိတယ်။သူတို့က နဂိုကတည်းက ကြုံရင်ကြုံသလို သောက်တတ်ကြပေမယ့် ဘကြီးက နေ့စဉ်သောက်တာမျိုးကို လုံးဝလက်မခံ။အရင်ကတည်းက တစ်ပတ် ၂ ရက်၊ ၃ ရက်ထက် ပိုသောက်ချင်ရင် အလုပ်ထွက်လို့ အပြတ်ပြောပြီးသား။

အခု ဘကြီးအ ရက်သောက်ပြီဆိုတော့ လူငှား ၃ ဦးကိုလည်း တစ်ပတ်မှာ တစ်ရက် အရက်တိုက်လေ့ရှိတယ်။ဘကြီးက သူတို့နဲ့ ထမင်းစားလည်းအတူ၊ ချက်တဲ့ဟင်း စားရတာချင်းလည်းတူတူ၊ အဆင့်အတန်းခွဲလေ့မရှိပေမယ့် အရက်တော့ အတူတွဲမသောက်။အရက်ဆိုတာ လူတိုင်းနဲ့ တွဲမသောက်သင့်တဲ့အရာလို့ ဘကြီးက ခံယူထားသူမို့ လယ်ထဲမှာဆို ဘကြီးရဲ့ ဦးငယ်နဲ့ကလွဲ တခြားဘယ်သူနဲ့မှ မသောက်။ဘကြီးရဲ့ ဦးငယ်မရှိတဲ့ ရက်တွေမှာ လယ်ထဲမှာ အခိုင်အမာဆောက်ထားတဲ့ အိမ်ရဲ့အပေါ်ထပ် ဝရန်တာမှာ ဘကြီးတစ်ဦးတည်း။

“အဲမှာ သောက်ရင်းနဲ့ စာအုပ်ဖတ်ရတဲ့အရသာကို ဘကြီး ကြိုက်သွားတယ်။များသောအားဖြင့် ဘကြီးတစ်ယောက်တည်း စာအုပ်ဖတ်ရင်းနဲ့သောက်လေ့ရှိတယ်။သောက်တယ်ဆိုတာ အပန်းဖြေတာပဲလို့ ဘကြီးက ခံယူတာဆိုတော့ ဘယ်တော့မှ အလွန်အကျွံမဖြစ်ဘူး” လို့လည်း ဘကြီးက ဆိုတယ်။

လယ်ယာကိစ္စပြီးလို့ အိမ်ပြန်ရောက်တော့ အိမ်နောက်ဖေး ခပ်ကျကျ ဘူးစင်အောက်က ဘကြီး အရက်သောက်တဲ့နေရာ။အမေက သိသာသိစေ မမြင်စေနဲ့။

ဘကြီး အိမ်ထောင်ပြုပြီးနောက် အိမ်ခွဲနေတော့လည်း ဘကြီးရဲ့ ခြံအနောက်မှာ ဘူးစင်ကြီးကြီး ကြိုတည်ထားပြီးသား။ဘူးသီးကိုကြိုက်တာရော ဘူးစင်အောက်က အင်မတန်အရိပ်ကောင်းတာရောကြောင့် ဘကြီးရဲ့ လယ်မှာလည်း ဘူးစင်က ဟီးလို့။အိမ်နောက်ဖေးဘူးစင်ဆိုတာက ဘကြီး အရက်သောက်တဲ့နေရာ။

အရက်ဆိုတာ ဘာ့ကြောင့်သောက်သောက် အိမ်ဦးခန်းမှာ သောက်ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ဘကြီးက ဆိုတယ်။

ဘကြီးရဲ့ အဖေ ကျနော်တို့အဘိုးက “ဒီကောင် အရက်ကို နာမည်ပျက်ရုံ နည်းနည်းသောက်တာပါ” လို့ မှတ်ချက်ပြုတယ်။

ကျနော့်တို့ အဘွားကတော့ “ငါ့သားကြီးက အရက်နည်းနည်း အမြည်းများများနဲ့ သူဌေးလို ဇိမ်ခံသောက်တာပါ” တဲ့။

ငြိမ်းဆက်