【 ဆောင်းပါး 】 သူဌေးကွမ်းယာဆိုင်နဲ့ ဘဝင်မြင့်သွားတဲ့ဆိုင်

【 ဆောင်းပါး 】 သူဌေးကွမ်းယာဆိုင်နဲ့ ဘဝင်မြင့်သွားတဲ့ဆိုင်

စာမေးပွဲနားနီးကာလ ကျနော်တို့ စာအတူ စုကျက်တုန်းက ရန်ကုန်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ၁၁၁ လမ်းထဲကို မကြာခဏဆိုသလို ရောက်ခဲ့ဖူးတယ်။

၁၉၉၅ ခုနှစ်၊ အင်းစိန်ဂျီတီအိုင် ပထမနှစ်။ ၁၁၁ လမ်းထဲမှာက (ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာ ကြာပြီဖြစ်တဲ့) ကျနော်တို့ သူငယ်ချင်းမတစ်ယောက်ရဲ့ အိမ်ရှိတယ်။အဲဒီသူငယ်ချင်းမက ကျနော့်ငယ်သူငယ်ချင်းနဲ့ ရည်းစား။အဲဒီလိုအဆက်အစပ်တွေနဲ့ သူ့အိမ်မှာ စာအတူလုပ်ကြခြင်း။

လမ်းနာမည်က တစ်သုံးလုံးမို့ အခုထိ မှတ်မိနေတာပါ။အဲဒီလမ်းနဲ့ မျက်စောင်းထိုးလောက်ထင်ရဲ့၊ မင်္ဂလာတောင်ညွန့်ရဲစခန်း။ရဲစခန်းဘက်ခြမ်း ၁၁၁ လမ်းထိပ် တည့်တည့်လောက်မှာပဲ နာမည်ကျော် ကွမ်းယာဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီကွမ်းယာဆိုင်က ဆိုင်ခန်းခပ်ကျယ်ကျယ်၊ ကွမ်းယာထိုင်စောင့်ဖို့ ထိုင်စရာနေရာလည်းရှိသေး။ကွမ်းရွက်ထဲ ထုံးထည့်သူက ၃ ယောက်၊ ယာပေးသူက ၃ ယောက်လောက်။ကွမ်းယာဆိုင်ပိုင်ရှင်ရဲ့အလုပ်က ငွေသိမ်းတာနဲ့ စီမံခန့်ခွဲတာလောက်ပဲ။

ဆိုင်ရှင်က မနက်ဘက်ဆို အဲဒီခေတ်ကာလမှာ နာမည်ရှိတဲ့ Mark-2 ကားနဲ့ ဆိုင်လာဖွင့်တယ်။တစ်နေ့တာအတွက် ထုံးရည်နဲ့ ကွမ်းသီးတွေကို ကားနဲ့ သယ်လာလေ့ရှိတယ်။သူ့ဆိုင်ရဲ့ ထုံးစပ်နည်းကို သူ့ဆိုင်ဝန်ထမ်းတွေပင် မသိ။ဘယ်သူမှမသိအောင်လည်း အိမ်ကနေ တစ်ခါတည်း ထုံးစပ်ပြီး ယူလာခြင်းဖြစ်တယ်။ကွမ်းယာမှာ ထုံးရည်က အင်မတန်အရေးပါတယ်မဟုတ်လား။သူ့ထုံးရည်က ဘာတွေနဲ့ ဘယ်လိုစပ်ထားသလဲ မသိ။တချို့ဆိုကြတာက ဒိန်ချဉ်တို့ဘာတို့ ရောစပ်တယ်ဆိုပဲ။

အဲဒီဆိုင်က ထုံးရည်တင် ကောင်းတာမဟုတ်။ကွမ်းသီးကလည်း ကောင်းလိုက်တာမှ လွန်ရော။အဲဆိုင်မှာ တခြားကွမ်းယာဆိုင်တော်တော်များများမှာ မရနိုင်တဲ့ ကွမ်းသီးလှော်ဆိုတာရှိတယ်။လှော်ထားတဲ့ ကွမ်းသီး ဘယ်လိုလှော်ထားသလဲဆိုတာကတော့ သူ့ဆိုင်ဝန်ထမ်းပင် မသိ။ကြွပ်ကြွပ်ရွရွလေးနဲ့ အင်မတန်စားကောင်းတဲ့ ကွမ်းသီးလှော်။ကွမ်းသီးလှော်နဲ့ဆို ကွမ်းယာဈေးက ပိုကြီးသလို ကွမ်းတစ်ယာစားရတာ ခဏကလေးနဲ့ ကုန်သွားပေမယ့် ကောင်းလွန်းတော့ ကွမ်းသီးလှော်နဲ့ စားကြတဲ့လူတွေ သိပ်များတယ်။ပြီးတော့ သူ့ဆိုင်က ကွမ်းသီးပေါင်းကလည်း စားရတာ သွားမနာ၊ ညက်ညက်ညောညော။

အဲဒီဆိုင်က ထုံးရည်တင်ကောင်းတာမဟုတ်၊ ကွမ်းသီးလှော်ကလည်း နာမည်ကြီးတော့ လက်မလည်အောင်ရောင်းရတယ်။အဲဒါကြောင့်လည်း ဆိုင်ပိုင်ရှင်က ကိုယ်ပိုင်ကားစီးပြီး ဆိုင်ဝန်ထမ်း ၆ ယောက်လောက် ခန့်ထားနိုင်ခြင်းဖြစ်တယ်။အဲဒီဆိုင်ရဲ့ အဓိကဖောက်သည်တွေက တက္ကစီသမားတွေလို့ ထင်ရတယ်။

ဘယ်တော့မဆို ဆိုင်ရှေ့မှာ တက္ကစီကားတွေ တန်းစီနေတာ တွေ့ရမြဲ။ဘယ်အချိန် ကွမ်းလာဝယ်ပါစေ၊ ကွမ်းယာချက်ချင်းမရ၊ အနည်းဆုံး ခဏတဖြုတ်တော့ စောင့်ရလေ့ရှိပြီး လူကျနေရင် မိနစ် ၂၀ ကျော်အထိ စောင့်ရလေ့ရှိပေမယ့် ကွမ်းယာက ကောင်းတော့ စောင့်စားကြသူတွေချည်းပဲ။

ထိုင်စောင့်စရာ နေရာထိုင်ခင်းကလည်းရှိ၊ ဆိုင်ရှင်က အလုပ်ရှုပ်လွန်းလို့ ဖောက်သည်တွေကို ဟက်ဟက်ပက်ပက် မဆက်ဆံနိုင်ပေမယ့် ပြေပြေပြစ်ပြစ်။ပြီးတော့ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန် တိတိကျကျနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်တာမို့ ဆက်လက်ပြီး ကြီးပွားချမ်းသာမယ့်ကိန်း။

၁၉၉၅ ခုနှစ်မှာ တစ်လကျော် အဲဒီဆိုင်မှာ ကွမ်းဝယ်စားဖြစ်တယ်။အဲဒီနောက်ပိုင်း ၁၁၁ လမ်းကို မရောက်လို့ ဝယ်မစားဖြစ်တော့။ ၁၀ နှစ်ကျော်အကြာ ၁၁၁ လမ်းရှေ့ ကိစ္စတစ်ခုနဲ့ လမ်းဖြတ်လျှောက်ဖြစ်ချိန် မှတ်မှတ်ရရ အဲဒီဆိုင်ကိုကြည့်မိတော့ မရှိတော့ဘူး။ဆိုင်နေရာပြောင်းသွားတာလား၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်လုံးဝပိတ်သွားတာလား မပြောတတ်။

ကျနော့်တစ်သက် ကွမ်းသီးလှော်ဆိုတာကို အဲဒီဆိုင်မှာသာ စားဖူးပြီး တခြား ဘယ်နေရာမှာမှ မစားဖူးလေတော့ ဒီတစ်နေရာပဲ ကွမ်းသီးလှော်ရသလားလို့ ထင်မိတဲ့အထိ။နောက်ပိုင်း သူတို့ဆိုင်က ကွမ်းသီးပေါင်းလိုမျိုးကိုတော့ အောက်အရပ်ဌာနေက ကျနော့်ဇာတိပြန်သွားတော့ စားခဲ့ဖူးတယ်။

ကျနော့်ဇာတိမြေကလည်း မြို့ကွက်သေးသေး ကျဉ်းကျဉ်းလေးနဲ့ ရွာတွေသာများပြီး တခြားမြို့တွေနဲ့ အကူးအသန်း ရေလမ်းသာရှိတယ်ဆိုပေမယ့် ကွမ်းယာဆိုင်တွေက ပေါက်သွားရင် တော်တော့်ကိုအလုပ်ဖြစ်တယ်။ကျနော်တို့ အောက်အရပ်မှာ အဓိကစားကြတာကတော့ ဆေးရွက်ကြီးကို အမှုန့်ပုံစံ ပေါင်းထားတဲ့ ဆေး။အဲဒီဆေးက ဗူးလိုက်လာတာမို့ ဆိုင်တိုင်းက ဆေးပေါင်းဗူးဝယ်ပြီး သုံးကြတယ်။

ဒါ့ကြောင့် ကွမ်းရွက်ကောင်းကောင်း ကိုင်နိုင်တယ်။ကွမ်းသီးကောင်းတယ်။ထုံးကောင်းတယ်ဆိုရင် အဲဒီဆိုင် ဆရာပဲ။ကျနော့်ဇာတိမြို့လေးမှာ အဲဒီလိုအပြိုင်အဆိုင် နာမည်ကြီးတဲ့ ကွမ်းယာဆိုင် ၃-၄ ဆိုင်ရှိတယ်။အဲဒီ ၃-၄ ဆိုင်စလုံးက သူ့ဖောက်သည်နဲ့သူ ခိုင်မာနေပေမယ့် တစ်ဆိုင်ကတော့ ကွမ်းသီးပေါင်းက ကောင်းနေတာကြောင့် ပိုဖောက်သည်များတယ်။သူ့ကွမ်းသီးပေါင်းက သိပ်နူးညံ့နေတော့ သွားနဲ့နည်းနည်းဖိလိုက်တာနဲ့တင် ကျေသွားသလိုမျိုး။ဆိုင်ပိုင်ရှင်က သူ့ကွမ်းသီး ဘယ်လိုပေါင်းထားသလဲဆိုတာကို မပြော။

ကျနော်က တစ်နှစ်မှာ အနည်းဆုံးတစ်ခေါက် ဇာတိရပ်ရွာကို ပြန်လေ့ရှိတာမို့ ပြန်ရောက်တဲ့အခါတိုင်း အဲဒီဆိုင်က ကွမ်းကို စားလေ့ရှိတယ်။ဆိုင်ပိုင်ရှင်က ကိုယ့်ထက် ၁၀ နှစ်လောက်ကြီးပေမယ့် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သူတွေမို့ ဖော်ဖော်ရွေရွေ။

ဒါပေမဲ့ သူ့ဆိုင်နာမည်ကြီးပြီး ၂ နှစ်လောက်အကြာ ဇာတိပြန်ရောက်လို့ သူ့မှာ ကွမ်းသွားဝယ်တော့ လေသံက ခပ်ထန်ထန်၊ ပုံမှန်မဟုတ်တော့မှန်း သိရတယ်။တောသားတို့ ထုံးစံအတိုင်း ပိုက်ဆံရှိလာပြီဆို ရွှေဆွဲကြိုး ခပ်ကြီးကြီး ပြူးနေအောင် ဝတ်လို့။သူ့ဆက်ဆံရေးက တစ်နှစ်မှ တစ်ခါ ဇာတိအလည်လာတဲ့ ကိုယ့်ကိုတောင် အပေါ်စီးလေသံနဲ့ ခပ်ထန်ထန်။ကွမ်းယာမရသေးလို့ ထိုင်စောင့်နေခိုက် လူငယ်လေးတစ်ဦး ဆိုင်ကယ်နဲ့ရောက်လာ၊ ကွမ်းမှာထားတာ ရပြီးလားလို့ မေးတော့ “ဟေ့ကောင်၊ စောင့်နိုင်ရင်စောင့်၊ မစောင့်နိုင်ရင် တခြားဆိုင်သွားဝယ်စား။ဒါ…..ဆိုင်၊ ချက်ချင်းမရဘူး” လို့ ဆိုလိုက်တော့ သူ့ဘဝင်မြင့်မှုအပေါ် ကျနော်လန့်သွားမိတယ်။ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကွမ်းဝယ်စားတာတောင် အငေါက်ခံရတဲ့အဖြစ်။

ရောင်းကောင်းပြီးဆို ဆင်ခြင်ဉာဏ်နည်းစွာဖြစ်တတ်တဲ့ ရောဂါ။အဲဒီနေ့ကစလို့ ဇာတိမှာရှိနေတဲ့တောက်လျှောက် သူ့ဆိုင်ဘက် ခြေဦးမလှည့်ဖြစ်တော့။နောက်တစ်နှစ် ရွာကိုပြန်ရောက်တော့ သူ့ဆိုင်မှာ လူခပ်ပါးပါး၊ တကုပ်ကုပ်တွက်ချက်နေတာကိုလည်း မြင်ရတယ်။ကွမ်းအရောင်းပါးသွားတာကြောင့် နှစ်လုံး၊ သုံးလုံးတွေ တွက်ချက်လို့ ဖိထိုးနေတော့တာတဲ့။

နောက်ထပ်တစ်နှစ် ရွာပြန်ရောက်တော့ သူ့ကွမ်းယာဆိုင်လည်းမရှိ၊သူလည်းမရှိတော့။ငယ်သူငယ်ချင်းတွေကို မေးကြည့်တော့ ကွမ်းယာဆိုင် ပိတ်လိုက်ပြီးနောက် နှစ်လုံး၊ သုံးလုံး ကော်မရှင်စား လျှောက်ရောင်းရာကနေ ရဲကို လိုင်းကြေးမပေးလို့ အဖမ်းခံရပြီး ထောင်ကျသွားလေသတဲ့။

ဈေးရောင်းပြီး ဈေးသည် မပီသတော့ ဘဝအတက်အကျဟာ ကြောက်စရာ။

ငြိမ်းဆက်