【 ဆောင်းပါး 】 သူဌေးဖြစ်သွားတဲ့ ကွမ်းသည်မ

【 ဆောင်းပါး 】 သူဌေးဖြစ်သွားတဲ့ ကွမ်းသည်မ

အခုတော့ မပြောတတ်၊ ကျနော် လူငယ်ဘဝတုန်းက လူကြီး၊ လူငယ်များစွာ ကွမ်းတော်တော်စားကြတယ်။ရန်ကုန်မြို့ပေါ်မှာလည်း စားလိုက်ကြတာမှ လွန်ရော။မြန်မာအလယ်ပိုင်း မန္တလေး၊ မုံရွာ စားလိုက်တာ ဝက်ဝက်ကိုကွဲရော။ကျနော်တို့အောက်ဘက်ခြမ်း မော်လမြိုင်တစ်ကြောဆိုရင်လည်း ကွမ်းမှကွမ်း၊ ကွမ်းယာဆိုင်တွေမှာ လူငယ်တွေအပြည့်။

ကျနော် ချာတိတ်ဘဝ ရန်ကုန်မြို့ ကွမ်းယာဆိုင်တွေရဲ့သင်္ကေတက ဆိုင်ရှေ့မှာ ဆေးလိပ်မီးတို့ဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးတစ်ချောင်းရှိနေခြင်းပါပဲ။အဲဒီတုန်းက မဆလခေတ် နေဝင်ချိန်။ဂက်စ်မီးခြစ်တွေ ဘာတွေ မပေါ်သေး။ဒါ့ကြောင့် ကွမ်းယာဆိုင်မှာ ဆေးလိပ်လာဝယ်သောက်တဲ့သူတွေ အလွယ်တကူ မီးညှိလို့ရအောင် ဈေးပေါပြီး အကြာကြီးမီးစွဲခံတဲ့ အုန်းဆံကြိုးနဲ့ ဝန်ဆောင်မှုပေးထားခြင်း။

ကွမ်းယာဆိုင်တွေမှာ ကွမ်းယာအပြင် ဆေးပေါ့လိပ်နဲ့ စီးကရက်မျိုးစုံ။ပြီးတော့ အချဉ်ထုပ်တွေနဲ့ သရေစာ အတိုအထွာလေးတွေ ရောင်းလေ့ရှိတယ်။တချို့လုပ်စားကိုင်စားတတ်သူတွေက ကွမ်းယာဆိုင်သေးသေးနဲ့ ဆေးလိပ်တွေရောင်းရာကနေ စုစုဆောင်းဆောင်း ပစ္စည်းတွေ တဖြည်းဖြည်းများသထက် များလာအောင် တင်ရောင်း၊ အဲဒီနောက် စတိုးဆိုင်ခပ်ကြီးကြီး တည်နိုင်သွားတဲ့အထိ စီးပွားဖြစ်သွားကြတယ်။

များသောအားဖြင့် အမျိုးသမီးတွေရောင်းတဲ့ ကွမ်းယာဆိုင်ဆိုရင်တော့ အအိုရောင်းတဲ့ဆိုင်တောင် ကျားသတ္တဝါတွေမပြတ် အဲဒီကွမ်းယာဆိုင်မှာ စတည်းချလေ့ရှိတယ်။ဘာပဲဖြစ်ဖြစ် ကိုယ့်ဆိုင်ကို လူတစ်ယောက်ဝင်လာရင် ကွမ်းမစားတောင် အတိုအထွာလေးဖြစ်ဖြစ် ဝယ်စားလေ့ရှိတာပဲ မဟုတ်လား။ဒါ့ကြောင့် ကွမ်းယာဆိုင်တွေက အရိပ်ကောင်းကောင်းနဲ့ ထိုင်စရာ ဖွယ်ဖွယ်ရာရာလေးရှိနေရင် ကွမ်းလာဝယ်ရင်း ကွမ်းယာဆိုင်ရှေ့ထိုင်ကာ တော်ကီပစ်ကြတာတွေက မနည်းလှ။နေရာထိုင်ခင်းလည်းကောင်း၊ လှတပတ အပျိုမလေးက ကွမ်းရောင်းနေတယ်ဆိုရင်တော့ ဘယ်ပြောကောင်းလိမ့်မလဲ။

ကွမ်းရောင်းနေတာ ရွှေရောင်းနေတာမဟုတ်တော့ ကိုယ့်ဆိုင် ဖောက်သည်များများရဖို့ ကွမ်းသည်တွေက မထိတထိ အပြောအဆို ခံနိုင်ရတယ်။မထိတထိ အပြောအဆိုကို မခံနိုင်၊ မျက်နှာထိမျက်နှာထားနဲ့ ပြန်ပြောတာမျိုးဆိုရင်တော့ ကွမ်းယာဘယ်လောက်ကောင်းကောင်း ရောင်းကောင်းဖို့တော့ မသေချာ။တချို့ ကွမ်းရောင်းတဲ့ အပျိုကြီးတွေဆို ပြောချင်ရာပြော သူကလည်း ပြန်ပြောဖို့ ဝန်မလေးဘူးဆိုတော့ ချာတိတ်လေးတွေပင် အားအားရှိ အပျိုကြီးဆိုင်မှာ ငုတ်တုတ်ထိုင်နေမယ်ဆိုတာမျိုး။တချို့ အိမ်ထောင်ရှိ ကွမ်းသည်တွေကျတော့ လင်ပြောသားပြော တစ်တစ်ခွခွတွေလည်းပြောတတ် ပက်တတ်လွန်းလို့ ကွမ်းဆိုင်မှာ ရယ်သံတွေ တသောသော။

ကျနော် လူပျိုပေါက်စဘဝ တောင်ဥက္ကလာက ကျနော်နေထိုင်ရာ လမ်းနားမှာ ကျနော့်ထက် ၅ နှစ်၊ ၆ နှစ်လောက်ကြီးတဲ့ ခပ်လှလှ အမျိုးသမီးတစ်ဦးရှိတယ်။သူကလှတော့ သူ့ကွမ်းဆိုင်မှာ အစ်ကိုကာလသားတွေ ဝင်လာမစဲပေါ့။အဲဒီကာလတုန်းက မိန်းကလေးတစ်ဦးနဲ့ ထိုင်စကားပြောခွင့်ရဖို့ဆိုတာ တယ်မလွယ်လှတာမို့ ကွမ်းဝယ်၊ ဆေးလိပ်ဝယ် လူရှင်းရင်း တော်ကီထိုင်ပစ်တဲ့ ကျားသတ္တဝါတွေ ခပ်စိပ်စိပ်ပါပဲ။

အဲဒီကွမ်းသည်အစ်မက အနေအေးတယ်။အဖေမရှိ၊ အမေနဲ့ ညီမကို လုပ်ကျွေးနေတယ်။သူက အနေအေးပြီး ဘာပြောပြော ခပ်ပြုံးပြုံးသာနေတတ်တာမို့ ရမလားလို့ လာစမ်းတာမျိုးရှိပေမယ့် စော်ကားတာမျိုးတော့ မရှိ။ရည်းစားစကားလာပြောသူတွေ မနည်းလှပေမယ့် သူကတော့ ခပ်ပြုံးပြုံးသာ ခေါင်းတွင်တွင်ခါ။ဘယ်သူ့ကိုမှ ပြန်မကြိုက်ခြင်းနဲ့ သူ့ရဲ့အလှက သူ့ကွမ်းဆိုင်ကို ရောင်းအားကောင်းစေတယ်။

သူ့ကွမ်းဆိုင် တော့်တော်ကိုကြာခဲ့တယ်။ရောင်းကောင်းသမျှ စုဆောင်းမှုတွေနဲ့ ရွှေတွဲလဲ ငွေတွဲလဲ။သူ့ဆိုင်လာသမျှ အစ်ကိုကာလသားတွေနဲ့လည်း အဆက်အဆံမပျက်၊ သူ့အိန္ဒြေလည်းမပျက်တာမို့ ရပ်ကွက်တွင်း အတင်းပြောအုပ်စုရဲ့ ပါးစပ်ဖျားမှာတောင် သူ့အကြောင်းမပါ။သူ့ညီမ ဘွဲ့ရ အလုပ်ဝင်ပြီး အိမ်ထောင်ကျပြီးတဲ့အခါမှာ ရန်ကုန်အိမ်ကိုရောင်းကာ သူတို့သားအမိ သူ့အမေဇာတိ ရွာကြီးတစ်ရွာသို့ပြန်ကာ စားသောက်ကုန်ဆိုင်ကြီး တစ်ဆိုင်တည်။အသက် ၃၀ ကျော်မှ ရွာသားဆန်စက်ပိုင်ရှင် မောင်လေးတစ်ယောက်နဲ့ အိမ်ထောင်ကျကာ ကြီးပွားသွားလိုက်တာ လွန်ရော။

သူက အတန်းပညာ ၉ တန်းပေမယ့် အပြုံးချိုချိုနဲ့ ဈေးသည်တစ်ဦးရဲ့ စရိုက်လက္ခဏာကို ကောင်းကောင်း ကျေညက်ခဲ့တယ်။ကွမ်းရောင်းနေတုန်းကလည်း ဒီအပြုံး၊ ကုန်စုံဆိုင်တည်တော့လည်း ဒီအပြုံးနဲ့ ဈေးဝယ်သူ မှန်သမျှအပေါ် ကျိုးကျိုးနွံနွံ။ဆန်စက်ပိုင်ရှင် လင်နဲ့ရပြီး ကုန်စုံဆိုင်တင်မက ဆန်အရောင်းအဝယ်ပါလုပ်တော့လည်း ကွမ်းသည်တစ်ဦးရဲ့ အချိုးမပြင်တာကြောင့် တောသူဌေးဘဝသို့ မြန်မြန်ဆန်ဆန်ရောက်ရှိ။

“ငါက ပိုက်ဆံရှာရတာကို ဝါသနာပါတယ်။ကောင်းရောင်းကောင်းဝယ်နဲ့ ပိုက်ဆံလိုချင်တဲ့ လောဘရှိတယ်။ဈေးသည်ဆိုတာ ကိုယ့်ပစ္စည်း သူများဝယ်ချင်အောင် ပြောတတ်ဖို့ လိုတယ်” လို့ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ရန်ကုန်မှာ ပြန်ဆုံခိုက် သူက အဲဒီလိုပြောပြတယ်။

“နင်မှတ်မိသေးလား။ငါတို့မျက်နှာချင်းဆိုင် ရပ်ကွက်ထိပ်က ကွမ်းဆိုင်လေ။အဲဒီမိန်းမကြီး အခုအချိန်ထိ ကွမ်းရောင်းနေတုန်းပဲ။အခုထိလည်း သူ့ကွမ်းယာဆိုင်က ခနော်ခနဲ့ကနေ မတက်နိုင်သေးဘူး။ငါစိတ်မကောင်းလို့ ငွေကန်တော့ခဲ့သေးတယ်” လို့ သူကဆိုတယ်။

သူပြောလိုက်မှ ကျနော် မေ့နေတာကြာပြီဖြစ်တဲ့ အဲဒီအဒေါ်ကြီးကို သွားသတိရမိတယ်။အဲဒီအဒေါ်ကြီးက ဈေးသည်မပီသတဲ့ ကွမ်းယာသည်။သူဆိုင်ဖွင့်ခါစ ရောင်းမကောင်းသေးတဲ့အချိန်တုန်းက အပြုံးချိုချိုနဲ့ တွေ့တဲ့လူကို နှုတ်ချိုပြလိုက်တာ လွန်ရော။

သူ့ဆိုင်ကွမ်းကလည်း ထုံးအရည်ကောင်းပြီး ကွမ်းသမားတွေ ကြိုက်တာမို့ ဆိုင်ဖွင့်ပြီး ၆ လတောင်မကြာ ရောင်းအားကောင်းလာတော့တယ်။ဆိုင်ရောင်းအားကောင်းပြီးနောက် အကြွေးမရောင်းပါဆိုတဲ့ ဆိုင်းဘုတ်တင်တယ်။ကြွေးကျန်နေသေးတဲ့သူတွေကို လူရှေ့သူရှေ့မရှောင် ရန်ထောင်တဲ့ အသုံးအနှုန်းမျိုးနဲ့ အကြွေး တောင်းတော့တယ်။အရင်က ချိုခဲ့တဲ့ မျက်နှာထားဟာ အလိုလိုပျောက်ဆုံးကာ ဘယ်သူမှလာမဝယ်လည်း ဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာကြောတင်းတင်းနဲ့။အဆိုးဆုံးက လုံ့လမရှိ အချိန်မှန်မှန် မဖွင့်တာတွေ များလာတာပဲ။

နေ့ခင်းဘက် ဆိုင်ဖွင့်ထားပေမယ့် အိပ်ချင်အိပ်နေလေ့ရှိပြီး ကွမ်းဝယ်သူလာနှိုးလည်း မကြားချင်ယောင်ဆောင် ဆက်အိပ်။သူ့ဆိုင် ကွမ်းရောင်းကောင်းခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ တဖြည်းဖြည်းရောင်းအားကျသွားလိုက်တာ နောက် ၆ လကြာတဲ့အခါ ဝယ်သူတော်တော်နည်းတဲ့အထိ ပါး။

နောက်ဆုံးတော့ ဆိုင်ပိတ်လိုက်ရတယ်။တခြားလုပ်စားကိုင်စားလည်း အဆင်မပြေတာနဲ့ ဆိုင်ပိတ်ပြီး တစ်နှစ်ကျော်အကြာမှာ ကွမ်းယာဆိုင်ပြန်ဖွင့်။အရင်တုန်းကလိုပဲ ရောင်းအားအသင့်အတင့်ပြန်ကောင်းလိုက်၊ မျက်နှာကြောပြန်တင်းလိုက်၊ ဒီကြားထဲ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လိုက်နဲ့ ဒီနေ့ထိတိုင် လိမ်ဖယ်လိမ်ဖယ်။

ဈေးရောင်းတယ်ဆိုတာ ကိုယ့်ပစ္စည်း ဘယ်လောက်ကောင်းကောင်း ဈေးရောင်းတတ်ဖို့လည်း လိုအပ်တယ်မဟုတ်လား။ဈေးရောင်းပြီး သူဌေးဖြစ်သွားတဲ့သူတွေလည်းမနည်း၊ ဈေးရောင်းပြီး အရင်းပြုတ်သွားသူတွေလည်း မနည်းလှ။

ငြိမ်းဆက်