【 ဆောင်းပါး 】 သူတို့ကို စိတ်ပျက်အောင်အရင်လုပ်ပါ ... ပြီးမှ စိတ်လှုပ်ရှား ပျော်ရွှင်ပါစေ

【 ဆောင်းပါး 】 သူတို့ကို စိတ်ပျက်အောင်အရင်လုပ်ပါ ... ပြီးမှ စိတ်လှုပ်ရှား  ပျော်ရွှင်ပါစေ

အခြားသူတွေ အားကျအတုယူလာအောင် လုပ်ဆောင်တဲ့နေရာမှာ အထူးကောင်းမွန်တဲ့နည်းလမ်းက သူတို့ကို အဆိုးမြင်စိတ်နှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုနှစ်မျိုးလုံး မွေးပေးတဲ့နည်းပါ၊ သူတို့ရဲ့ လက်ရှိအနေအထားကို စိတ်ပျက်စေပြီး ရှေ့အနာဂတ်အတွက် ပျော်ရွှင်တက်ကြွစေပါ။

အီရန်တဲလ်ဖို့ဒ်က အွန်လိုင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ သူ့ရဲ့အကြံဉာဏ်ကို တင်ပြခဲ့တာ အစပိုင်းမှာ မန်နေဂျာတွေကို အဆိုးမြင်စိတ် ခံစားမှုဖြစ်လာအောင် လှုံဆော်မိတဲ့ အလွဲတွေချည်း လုပ်မိခဲ့လို့ သူ့လူကြီးတွေက နောက်လုပ်မယ့် အွန်လိုင်းလုပ်ငန်းက လက်ရှိလုပ်ငန်းကို ပြန်ဝါးမြိုသွားမှာကို စိုးရိမ်တဲ့ခံစားချက် ဖြစ်သွားခဲ့ကြတာပါ။နောက်မှ လက်ရှိလုပ်ငန်းကနေ အနာဂတ်မှာ အသားတင် အမြတ်ချည်းစားရမယ့်အနေအထား ဖြစ်လာစေမယ်ဆိုတာ သဘောပေါက်ပြီး ဝမ်းသာလာနိုင်ကြတာပါ။

တဲလ်ဖို့ဒ်ရဲ့ လုပ်ကြံဇာတ်လမ်းက သူ့လူကြီးတွေရဲ့ လက်ရှိအနေအထား (ပြိုင်ဖက်တွေထက် နောက်ကျ ကျန်ရစ်မှာ) အပေါ် ကြောက်တဲ့စိတ်ကနေ လက်ရှိဖောက်သည်တွေကို ထိန်းထားနိုင်ရုံမက အွန်လိုင်းဖောက်သည်အသစ်တွေဆီကနေ နောက်ထပ်အမြတ်တွေရလာမယ့် အခွင့်အလမ်းကိုမြင်လာပြီး ပျော်ရွှင်တက်ကြွတဲ့ စိတ်ခံစားချက်တွေအဖြစ်ပြောင်းသွားအောင် ဖန်တီးနိုင်ခဲ့တယ်။ အဲဒီအခြေအနေမှာတော့ သူတို့ရဲ့စိတ်ခံစားမှုက တဲလ်ဖို့ဒ် အလိုရှိရာ သူ့တင်ပြတောင်းဆိုချက်အတိုင်း လိုက်လျောဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ဒီလှည့်ကွက်ကို စည်းမစောင့်ထိန်းတဲ့ ကြိုးတန်းလမ်းလျှောက် လှည့်စားချက်လို့ ဆိုနိုင်သလို အဲဒါကနေ ဆင့်ပွား စိတ်ခံစားမှုတစ်ခုဖြစ်တဲ့ သူ့အပေါ် ‌ဒေါသမီးပွားစင်ထွက်လာစေနိုင်တဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်တယ်။

တဲလ်ဖို့ဒ်ရဲ့ ဗျူဟာကနေ အကယ်လို့ သင့်ရည်ရွယ်ချက်က သွေးဆောင်ဖို့ လုပ်မှာဆိုရင် ခံစားချက်အားလုံးက တပြေးညီဖြစ်လို့ မရဘူးဆိုတဲ့ စိတ်ခံစားမှုနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ မှတ်သားစရာတစ်ခုကို ညွှန်ပြခဲ့တယ်။

ဝါတန် စီးပွားရေးသင်တန်းကျောင်းက ပရော်ဖက်ဆာ ဂျိုနဘာဂါက သူ့ရဲ့ Contagious (ကူးစက်စေသော) ဆိုတဲ့ စာအုပ်ထဲမှာ တင်ပြထားတဲ့ လေ့လာမှုတစ်ခု မှာ အွန်လိုင်းသတင်းတစ်ခုကို သုံးသပ်ပြီး “တက်ကြွပြင်းပြသော” စိတ်လှုပ်ရှားမှုတစ်ခုအတွက် အရေးပါတဲ့အချက်ကို ရွေးထုတ်ပြထားတယ်။အဲဒီစိတ်လှုပ်ရှားမှုတွေမှာ “သက်ဝင်မှုအဆင့်နဲ့ လှုပ်ရှားရန်အသင့်ဆိုတဲ့ အဆင့်တွေရှိတယ်၊ နှလုံးခုန်နှုန်းမြန်လာပြီး သွေးပေါင်ချိန်မြင့်တက်လာမယ်” စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုတို့က တက်ကြွပြင်းပြတဲ့ စိတ်ခံစားမှုဖြစ်ပြီး၊ စိတ်ပူပန်မှုနဲ့ ဒေါသတို့ကလည်း ထို့အတူဖြစ်တယ်။ကျေနပ်ရောင့်ရဲမှုနဲ့ ဝမ်းနည်းမှုတို့နဲ့ မတူဘူး။ဘာဂါနဲ့ တွဲဖက်စာရေးဆရာ ကက်သရင်းမစ်ခ်မန်းတို့ရဲ့ နယူးယောက်တိုင်းမ်စ် ဆောင်းပါးတွေမှာ သုံးလကြာဖော်ပြပေးခဲ့တဲ့ စိစစ်သုံးသပ်ချက်များအရ တက်ကြွပြင်းပြသော စိတ်ခံစားမှုကိုဖြစ်စေတဲ့ ဆောင်းပါးတွေက “အီးမေးလ် အပို့ခံရဆုံး” စာရင်းမှာပါဝင်ပြီး၊ အခြားစိတ်ခံစားမှုတွေက လှုံ့ဆော်တာထက် ၂၄ ကနေ ၃၈ ရာခိုင်နှုန်း ပိုများကြောင်း ဖော်ပြခဲ့တယ်။လူတွေက အဲဒီတက်ကြွပြင်းပြတဲ့ စိတ်ခံစားချက်ကို ပိုတုံ့ပြန်ကြတယ်။ဘာဂါက “လူတွေကို စိတ်ဆိုးအောင် လုပ်လို့ရတယ်၊ ဒါပေမဲ့ စိတ်မနာစေနဲ့” လို့ ကောက်ချက်ချခဲ့တယ်။

လူတွေ အားကျလိုက်ပါလာပြီး သူတို့ရဲ့ပံ့ပိုးမှုကိုရဖို့အတွက် သင့်အနေနဲ့ တက်ကြွပြင်းပြတဲ့ စိတ်ခံစားချက်ဖြစ်အောင် သူတို့စိတ်ဆိုးပြီး လက်ရှိအနေအထားကို ကြောက်လာအောင် ဖန်တီးလုပ်ဆောင်ပါ၊ ပြီးမှ သင်တင်ပြတဲ့ အနာဂတ်ပန်းတိုင်အပေါ်မှာ စိတ်လှုပ်ရှားပျော်ရွှင်လာအောင် စီစဉ်ပါ။

“စိတ်လှုပ်ရှားပျော်ရွှင်မှု အစဉ်တကျဖြစ်အောင် စီစဉ်ခြင်း” ဆိုတဲ့ ဇယားမှာ သင့်ဦးဆောင်မှုနောက်ကို လိုက်ပါလာစေအောင် တက်ကြွပြင်းပြတဲ့ စိတ်ခံစားမှုကို လှုံ့ဆော်မယ့် အချင်းအရာတွေကို စာရင်းပြုစုပါ။

ကျွန်တော်တို့ အများစုဟာ “စိတ်တက်ကြွပြင်းပြမှု” ကို ဖန်တီးတဲ့နေရာမှာ မှားမှားယွင်းယွင်း ပြုမိတတ်ကြတယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ အသက်လေးဆယ့်ငါးနှစ်အရွယ် မိုက်လန်ဒန်က သူစီမံအုပ်ချုပ်ရတဲ့ အရောင်းဌာနမှာ အသေးသုံးစရိတ်လျှော့ချဖို့ စိတ်ကူးမိတဲ့အတွက် “ရုံးခန်းမှာ မနက်ပိုင်း ကော်ဖီမတိုက်တော့ဘူး” ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တယ်။အဲဒီအမိန့်က မလိုအပ်တဲ့ ဘက်ကန် တုံ့ပြန်မှုကို ဖြစ်စေခဲ့တယ်။စရိတ်အသေးအမွှားလေးကိုပဲ လျှော့ချနိုင်မှာဖြစ်ပေမယ့် ဝန်ထမ်းတွေကို အကြီးအကျယ် မကျေမနပ်ဖြစ်စေခဲ့တယ်။ဘာကြောင့်လဲ။အဲဒီပြောင်းလဲမှုဟာ သူ့ဝန်ထမ်းတွေကြားမှု ဒေါသမီးပွားပွင့်စေသလို အနာဂတ်အခြေအနေ (ကော်ဖီမတိုက်တော့ဘူး) နဲ့ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးကို တမ်းတစေမှု (စိတ်လန်းဆန်းစေတဲ့ ကော်ဖီရနံ့လေး နံနက်ခင်းမှာ သင်းပျံနေမှာ မဟုတ်တော့ဘူး) ကို ဖြစ်ပွားစေလို့ပါပဲ။လန်ဒန်အနေနဲ့ တခြားချည်းကပ်နည်းနဲ့ လုပ်ခဲ့သင့်တာ‌ပေါ့။

သူ့အနေနဲ့ သူ့အဖွဲ့တွေ မနှစ်က ဆုကြေးမဖြစ်စလောက်လေးပဲရခဲ့တာကို အရင်ဖော်ထုတ် အပြစ်တင် ကြိမ်းမောင်းသင့်တာ၊ ပြီးမှ သူ့အဖွဲ့တွေကို ကော်ဖီတိုက်တဲ့စရိတ်ကို ထောက်ပြပြီး သူတို့သာ လုပ်ငန်းသုံးစရိတ်တွေမှာ မကုန်သင့်တာ မကုန်ရ‌အောင် ချွေတာနိုင်ခဲ့ရင် ဆုကြေးအများကြီးပိုရမှာဆိုတာကို မက်လုံးပေး ပြောပြခဲ့သင့်တာပါ။အဖွဲ့ဝင်တွေရဲ့ လက်ရှိအခြေအနေကို အရင်စိတ်ပျက်အောင်လုပ်ပြီးမှာ အနာဂတ်မှာရလာမယ့် စိတ်လှုပ်ရှားစရာတွေကို ပြောပြပြီး အခုလုပ်လိုက်တာနဲ့ ဆန့်ကျင်ဖက် တစ်ဖက်လှည့် စည်းရုံးခဲ့သင့်တာပါ။

           လက်တွေ့ပြပါ (အပြောသက်သက်မဟုတ်)

၂၀၀၉ တုန်းက လူသိများသူ ဆယ်လီတစ်ယောက်ဖြစ်တဲ့ စားဖိုမှူး ဂျေမီ အိုလီဗာကို အလွန်ပင်ပန်းခက်ခဲတဲ့ အလုပ်တာဝန်တစ်ခုပေးအပ်တာ ခံခဲ့ရတယ်။အဲဒါက အမေရိကမှာ ကျန်းမာ‌ရေးနဲ့ မညီညွတ်ဆုံး မြို့ဖြစ်တဲ့ အနောက်ဗာဂျီးနီးယား ဟန်တင်းတန်က ပြည်သူတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်လာအောင် စည်းရုံးဖို့ တာဝန်ဖြစ်တယ်။မူလတန်းကျောင်းတစ်ကျောင်းကို စဆင်းရတဲ့နေ့မှာ သူကအဟာရဖြစ်မယ့် ကြက်သားနဲ့ အသီးအရွက်တွေကို အရသာရှိအောင် ချက်ယူသွားခဲ့ပြီး ကလေးတွေကို “ကြက်သားဟင်းစားမလား၊ ပီဇာစားမလား” လို့ မေးလိုက်တယ်၊ ကလေးအားလုံးက သံပြိုင် “ပီဇာ” လို့ အော်ဖြေလိုက်ကြတယ်။အိုလီဗာက ကလေးမိဘတွေနဲ့ ကလေးတွေရဲ့ ပီဇာကြိုက်တဲ့အကျင့်ကို ပြင်လာအောင် ရှင်းပြစည်းရုံး ဆွေးနွေးခဲ့ပါတယ်။

မြို့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက အဝလွန်သူတွေဖြစ်နေပြီး ကလေး ၅ ယောက်မှာ ၃ ယောက်ကရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေသူလေးတွေ ဖြစ်နေတာက စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်တဲ့အကြောင်း မိဘတွေကို ထပ်ခါထပ်ခါ သတိပေးပြောပြပြီးသားပါ။ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ပြောပြတိုက်တွန်းတာက နည်းနည်းလေးမှ အလုပ်မဖြစ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ ဒေသခံအများစုက အိုလီဗာကို အယုံအကြည်မရှိကြလို့ဖြစ်ပါတယ်။

အနောက်ဗာဂျီးနီးယားဆိုတာကလည်း တိုးတက်တဲ့ အမြင်ရှိတဲ့ ဒေသမှာနေကြတဲ့ အမေရိကန်တွေအတွက် ဟိုးအရင်ထဲက လှောင်ပြောင် ပြက်လုံးထုတ်စရာ ဒေသတစ်ခုဖြစ်နေတာပါ။ဗြိတိသျှစားဖိုမှူးတစ်ယောက်ကို စေလွှတ်ပြီး ဟင်းကောင်းကောင်းချက်စားနည်း သင်ပေးခိုင်းတာက‌တော့ လွန်လွန်းတယ်လို့ ပြောရမှာပဲဖြစ်တယ်။

အိုလီဗာက အကျိုးသင့်အကြောင်းသင့် တိုက်တွန်းဖို့ ပြင်ဆင်ထားပါတယ်။သူက ကားရပ်နားဝန်းကြီးထဲမှာ မိဘနဲ့ ကလေးတွေနဲ့ မျက်နှာစုံညီ တွေ့ဆုံဖို့အတွက် စီစဉ်ခဲ့တယ်။သူတို့ရောက်လာတဲ့အချိန်မှာ အိုလီဗာက ထရပ်ကားအကြီးကြီးတစ်စီးကို ကားရပ်နားဝန်းအတွင်းမောင်းဝင်ဖို့ မိုက်ကရိုဖုန်းတစ်လုံးနဲ့ ညွှန်ကြားနေတာကို တွေ့ကြရတယ်။မိဘတွေနဲ့ ကလေးတွေရှိတဲ့နေရာကို ကားနောက်ဆုတ် မောင်းလာခိုင်းပြီး၊ ကားကြီးရဲ့ နောက်ပိုင်းကို လှန်ချပြီး တိရိစ္ဆာန်အဆီတွေ တပြုံကြီးကို သူတို့ရဲ့အရှေ့က အမှိုက်ကန်ကြီးထဲကို သွန်ချစေလိုက်တယ်။ရွံစရာ‌ကောင်းတဲ့ အဆီတုံးဖြူဖြူ အပုံလိုက်ကြီး၊ အိအိတုန်တုန်ကြီးပါ။

“ဒါက တစ်ကျောင်းလုံးစားတဲ့ တစ်နှစ်စာ အဆီတွေပါ” လို့ အိုလီဗာက မိုက်နဲ့ အော်ပြောလိုက်တယ်။သူ အဆီပုံကြီးပေါ်ကို ခုန်တက်လိုက်တယ်၊ အဆီတုံးကြီးတစ်တုံးကို ကောက်ယူလိုက်ပြီး “လာကိုင်ကြည့်ကြပါလို့” လက်နဲ့ ကိုင်မြှောက်ပြီး အော်ပြောလိုက်ပြန်တယ်။ “ဟင့်အင်း!!!” လို့ ကလေးတွေက ရွံရှာတဲ့အမူအရာနဲ့ နောက်ဆုတ်ရင်း အော်လိုက်ကြတယ်။မိဘတွေလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြတယ်။အိုလီဗာက အဆီတုံးကြီးကို မိဘတွေဆီ မြှောက်ပြရင်း ထပ်အော်လိုက်ပြန်တယ်။ “ခင်ဗျားတို့အတွက် အဆင်ပြေလား” “Noooooo!!!” လို့ သူတို့ကပြန်အော်လိုက်ကြတယ်။

အိုလီဗာက လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်ပြီး “ကျွန်တော် ခင်ဗျားတို့အတွက် ရပ်တည်မယ့်သူဆိုတာ သိစေချင်တယ်” လို့ ပြောလိုက်တယ်။နောက် သူက အသံမြှင့်ပြီး “မိဘတွေ ကျွန်တော့်ကို ပံ့ပိုးပေးကြမလား” လို့ ထပ်အော်မေးလိုက်တော့ “ပေးပါမယ်” ဆိုတဲ့ တခဲနက်ဖြေလိုက်သံကြီး ဟိန်းထွက်သွားတယ်။

အိုလီဗာက သူ့အနေနဲ့ စိတ်လှုပ်ရှားအောင် လှုံ့ဆော်ရမယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ဒါပေမဲ့ စကားတွေပဲပြောပြီး လှုံ့ဆော်မယ်ဆိုရင် ထိရောက်တဲ့ စကားလုံးတွေ မြိုင်မြိုင်ကြီးရွေးပြီး ပြောဆိုလှုံ့ဆော်ရင်တောင် သူလိုချင်တဲ့ထိရောက်မှု မရနိုင်ဘူးဆိုတာကိုလည်း သူသဘောပေါက်ထားခဲ့တယ်။အဲဒီတော့ သူကအပြောမဟုတ် အလုပ်နဲ့ပြတဲ့နည်းနဲ့ ကလေးတွေ ကျောင်းမှာ ဘာတွေစားနေသလဲဆိုတာကို သိမြင်လွယ်အောင် ပြမယ်လို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာဖြစ်တယ်။

အဆီတုံးပုံကြီးက အော်ဂလီဆန်စရာကြီး ပြီးတော့ ကြည့်ရဆိုးလိုက်တာ။အဲဒီမြင်ကွင်းကြီးက မိဘတွေရဲ့ ရင်ဝကိုဆောင့်ကန်လိုက်သလို အူထဲအသည်းခိုက်အောင် ထိသွားတယ်၊ သူတို့ ဒေါသတွေထွက်ပြီး ရွံရှာစက်ဆုပ်စိတ်တွေလည်း တလိပ်လိပ်ထလာတယ်။ (နောက်တစ်ခု ကျွန်တော်သေချာပေါက်ပြောရဲတယ်။သူတို့ကိုယ်သူတို့ အပြစ်တင်စိတ်လည်း ဖြစ်ကုန်ကြတယ်။)

အိုလီဗာက လက်ရှိအခြေအနေကို စိတ်မသာမယာဖြစ်အောင် ဆွထုတ်ပေးနိုင်ခဲ့ပြီ၊ နောက်တစ်ဆင့်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုကို ဦးတည်ပေးဖို့ပဲရှိတော့တယ်။

အိုလီဗာ့ နည်းတူ ကျွန်တော်တို့ရဲ့လေ့လာမှုမှာပါဝင်တဲ့ အခြားသူတွေက စိတ်ခံစားမှုမွှေ‌နှောက်ဖို့အတွက် ဓာတ်ပုံတွေ၊ နမူနာအပိုင်းအစတွေ၊ ဗွီဒီယိုတွေသုံးပြီး သာသာထိုးထိုး ဒရမာခင်းပြီး သူတို့တိုက်တွန်းချင်တဲ့ကိစ္စကို ပေါ်လွင်အောင် သရုပ်ပြခဲ့ကြတယ်။ရှေ့က ဆောင်းပါးမှာ ဖော်ပြပေးခဲ့တဲ့ စကိုင်းလိုင်းဆေးရုံက အန်နီကို မှတ်မိသေးတယ်မလား၊ နှလုံးကုဆရာဝန်တွေ နှလုံးဖောက်တဲ့ လူနာတွေကို ကုသမှုမှာ ဝင်မပါအောင် စည်းရုံးခဲ့ရာမှာ သူမက ဂဏန်းများဖြင့်သာ တိုက်တွန်းခဲ့တာမဟုတ်ပါ။သူမက ဆရာဝန်တွေကို သူမတင်ပြတဲ့အကြောင်းအရာကို အောင်မြင်စွာ အထောင်အထည်ဖော်နေတဲ့ အခြားဆေးရုံဆီကို အပျော်ခရီးထွက်တဲ့အနေနဲ့ ခေါ်သွားပြီးပြခဲ့တယ်။သူတို့က အခြားဆေးရုံက ဝန်ထမ်းက နှလုံးဆရာဝန်မပါပဲ အဆင့်ဆင့်ကုသနေပုံကို မျက်ဝါးထင်ထင်ရပ်ကြည့် လေ့လာခဲ့ရတယ်။

ဟုတ်ပါတယ် “အပြောနဲ့မဟုတ် လုပ်ပြပါ” ဆိုတာက ဘာပဲပြောပြော အသုံးများတဲ့ နည်းဗျူဟာတစ်ခုပါပဲ။ကျွန်တော်တို့ရဲ့ လူပေါင်း ၅,၀၀၀ အချက်အလက်စာရင်းမှာပါတဲ့ ၁၈ ရာခိုင်နှုန်းသောသူများကသာ အဲဒီ “လူတွေကို သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး စိတ်ခံစားမှုဖြစ်လာအောင် မကြာခဏနှိုးဆွပေးတယ်” ဆိုတဲ့ အချက်နဲ့ကိုက်ညီတဲ့ ရမှတ်မှာ အမှတ်မြင့်မြင့်ရတာ တွေ့ရတယ်။အဲဒါ သိပ်ဆိုးပါတယ်။စိတ်ခံစားမှုနဲ့ တုံ့ပြန်အောင် နှိုးဆွပေးတာက လူငယ်တွေအပေါ်မှာတောင် ရလဒ်ကောင်းရနိုင်တဲ့ ထိရောက်မှုရှိတယ်လို့ ကျွန်တော်တို့ရဲ့ လေ့လာမှုက နောက်ထပ်တွေ့ရှိထားပါသေးတယ်။တကယ်တော့ ရာထူးကြီးသည်ဖြစ်‌စေ (တိုင်းမန်နေဂျာအဆင့်) ငယ်သည်ဖြစ်စေ (ကျွမ်းကျင်ပညာရှင်) ၁၉ ရာခိုင်နှုန်းသော လူများဟာ စိတ်ခံစားမှုကို မွှေနှောက်နိုင်တဲ့ သူတို့ရဲ့အရည်အချင်းရမှတ်က သိပ်မြင့်တာကို တွေ့ရတယ်။

ကြီးမားတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီကြီးရဲ့ အယ်လိစ်ဆိုတဲ့ အသက်သုံးဆယ့်သုံးနှစ်အရွယ် အငယ်တန်း အဝယ်တော်ဝန်ထမ်းလုပ်ပုံကို ကြည့်ရအောင်။သူမက စာရွက်ပေါ်ကနေ အီလက်ထရောနစ် စနစ်ကို ကူးပြောင်းရေး ပရောဂျက်တစ်ခုကို တာဝန်ယူ ဦး‌ဆောင်နေသူပါ။သူမက ဒီနည်းနဲ့ အသုံးစရိတ်ချွေတာနိုင်ကြောင်း တင်ပြစည်းရုံးခဲ့ပေမယ့် အဲဒီတာဝန်သိစိတ်နဲ့ သမားရိုးကျလုပ်ဆောင်မှုလေးက လူတွေကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ဘူး။သူတို့ကုမ္ပဏီရဲ့  CEO က သူတို့ရဲ့ ဆွစ်ရုံးခွဲကို လာမယ်လို့ သတင်းကြားတော့ အယ်လိစ်က စည်းမျဉ်းစည်းကမ်းတွေ၊ ရုံးစာရွက်စာတမ်းတွေ ရေးထားတဲ့ ဖိုင်တွဲအထူကြီးတွေ ဒါဇင်များစွာကို အစည်းအဝေးခန်းရဲ့ စားပွဲပေါ်မှာ သွားပုံထားလိုက်တယ်။နှစ်ပေသုံးပေလောက် အမြင့်ရှိတဲ့ အ‌ရေအတွက် ထောင်ချီတဲ့စာရွက်ပုံကြီးကို မြင်ယောင်ကြည့်လိုက်ပါ။ CEO ရောက်တော့ အယ်လိစ်က သူ့ကို အစည်းအဝေးအခန်းထဲ ခေါ်သွားပေးလိုက်တယ်။ CEO စိုက်ကြည့်နေတဲ့ စက္ကူပုံကြီးက ဘာလဲဆိုတာ ရှင်းပြလိုက်တယ်။စက္ကူပုံကြီးကို အံအားတသင့် စိုက်ကြည့်ပြီး အကြံအိုက်တဲ့ မျက်နှာနဲ့ CEO ဆီက “အလိုလေးလေး” လို့ အာမေဋိတ်သံ ထွက်လာတယ်။ “ငါတို့ ဘာလို့ စာရွက်အဲလောက်အများကြီးသုံးရတာလဲ”။

အဲဒီနောက် အယ်လိစ် သူ့ပရောဂျက်အတွက်‌ အထောက်အပံ့ ရခဲ့တော့တယ်။ ဒီဆောင်းပါးမှာ မော်တန် တီ ဟန်ဆန် တင်ပြသွားတဲ့ လူတွေကို လက်ရှိအခြေအနေအပေါ် စိတ်ဆိုး၊ စိတ်ပျက်အောင် အရင်လုပ်ပြီးမှ၊ မိမိတင်ပြတဲ့အတိုင်းလုပ်ရင် အခုအနေအထားကနေ နောင်အနာဂတ်မှာ ဘယ်လိုစိတ်ပျော်ရွှင်စရာဖြစ်လာမယ်ဆိုတဲ့ “သူတို့ကို စိတ်ပျက်အောင် အရင်လုပ်ပါ ... ပြီးမှာ စိတ်လှုပ်ရှား ပျော်ရွှင်ပါစေ” ဆိုတဲ့ နည်းစနစ်နဲ့ စည်းရုံးသွေး‌ဆောင်ခြင်းဟာ မြန်ဆန်ထိရောက်တဲ့နည်းဖြစ်သလို အဲဒီနည်းကို ‌ဖော်ဆောင်ရာမှာလည်း “အပြောသက်သက်နဲ့မဟုတ် လုပ်ပြပါ” ဆိုတဲ့အတိုင်း လုပ်ဆောင်ရင် လူတွေက မိမိနောက်အားကျလိုက်ပါလာပြီး သူတို့ရဲ့ပံ့ပိုးမှုကိုရစေမှာ သေချာလျင်မြန်ထိရောက်တဲ့နည်းဖြစ်ကြောင်း တင်ပြသွားတာက နှစ်သက်ဖို့ တော်တော်ကောင်းပါတယ်။

မိမိအလုပ်မှာ အရေးကြုံရင် လက်တွေ့လုပ်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

(ဆက်လက်‌ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)