【 ဆောင်းပါး 】 သွားခြင်းလာခြင်းနှင့် စိတ်၏နေရာ

【 ဆောင်းပါး 】 သွားခြင်းလာခြင်းနှင့် စိတ်၏နေရာ

   ဘယ်ကို သွားသလဲဆိုသည်မှာ တွေးစရာ နယ်ပယ်အလွန်တွင် မရှိသည့်အရာဖြစ်သည်။ 
   တချို့သော အရာများသည့်တွေးခြင်း စဉ်းစားခြင်းနှင့် မသိနားမလည်ခြင်းများတွက် အဆုံးမသတ်။ 
   တချို့သောနေရာများ၊ ဘောင်ကန့်သတ်မှုများတွင်လည်း အဆုံးမသတ်။မြင်ခြင်းတွေးခြင်းကို အဆုံးသတ်ဖို့ဆိုသည်မှာ နက်နဲသော စိတ်ပိုင်း ဆိုင်ရာ နယ်ပယ်ဖြစ်သည်။ထိုအရာများနှင့် လားလားမှ မဆိုင်သော ပြင်ပ ပကတိအရှိတရားတွင် နေထိုင်ဖို့ ကျနော်တို့ ကြိုးစားသည်အခါ ပထမဆုံးကြုံရသည်က ကန့်သတ်မှုများဖြစ်သည်။
 
                                                              (၁)
                                                              
   ယနေ့ နေသာသည်။အနော်ရထားလမ်းပေါ် တစ်ခုတည်းသော သစ်ပင်ရှိသည့် မှတ်တိုင်အောက်တွင် လူရွယ်တစ်ယောက် အေးအေးလူလူ အိပ်နေသည်။
   မှတ်တိုင် ထိုင်ခုံပေါ်တွင် လူတချို့ နေရာဦးနေကြသည်။ဘတ်စ်ကား မလာခင် ခေတ္တအရိပ်ထဲမှာ နေရဖို့ ယခုချိန်တွင် သူတို့အတွက်အရေးကြီးသည်။ခပ်လှမ်းလှမ်းတွင် သင်္ကြန်စာ ရောင်းနေသူတစ်ဦးရှိသည်။ပိတ်ထားသည့် ဆိုင်တစ်ဆိုင်၏ သံယင်းလိပ်တံခါးကိုမှီကာ သင်္ကြန်စာကို သဲကြီးမဲကြီးဖတ်နေသည်။ဖောင်စီးရင်း ရေမငတ်သည့်ထိုသူဆီမှ တစ်စောင်းငါးရာဖြင့် လူငယ်တစ်ယောက်က ဝယ်ဖို့ကြိုးစားနေသည်။လမ်းပေါ်တွင် ခွေးတချို့ ဖြတ်သွားသည်။ကားတချို့ ရုတ်ချည်းရပ်လိုက်ရသည်။နေရောင်ခြည်သည့် ရုတ်ခြည်း ပူပြင်းသွားသည်။
   ဆိပ်ကမ်းသာလမ်းထဲ လူများရှင်းနေသည်။ဒီနေ့သည့် တနင်္ဂနွေနေ့ ဖြစ်သည်။သင်္ကြန်စာထဲတွင် တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် နွားလာဥဿဘကိုစီးကာ လက်တစ်ဖက်က ပုဆိန် လက်တစ်ဖက်ကား တံစည်းကိုင်လျက် အရှေ့တောင်ထောင့်ကသည် အနောက်သို့ ဝင်၏ဟု ဆိုလေ၏။
   ထို့ကြောင့်သည်လား .. တနင်္ဂနွေထောင့်တိုင်းတွင် ယနေ့ တချို့သူတို့သာ ဝင်လို့ရသည်။ထိုသူတို့မှာ ရွှေရောင်အဝတ်အထည်ကို ဝတ်ထားသူလည်း ပါနိုင်လေသည်။လူကြမ်း နတ်ကြမ်းမခံနိုင်ဟုဆိုသော်လည်း ယခုမှု လူထက် နတ်က ပိုကြမ်းသဖြင့် ဘုရားပေါ်တွင် နတ်ရှိရာ ဂြိုဟ်ထောင့်များက ယခင်ပိုစည်လေသည်။ပကတိအရှိတရားမှာ တစ်ခါတလေ မေ့လျော့ခံရလေသည်။
 
                                                              (၂)
 
   လုပ်ရင်းပျက်နေသည့် နေ့ရက်များတွင် ဖြစ်ထွန်းမှုမရှိသည်ကို လိမ်ညာရသည်က ပညာသားပါသော ကိစ္စများဖြစ်သည်။မြင်ရသည့်အရာများမှာ မနေ့ကလည်း ဒီအတိုင်း၊ ဒီနေ့လည်း ဒီအတိုင်း သဘက်ခါလည်း ဒီအတိုင်းဖြစ်သည်။သို့သော် မယုတ်‌လျော့ကြောင်းဖြင့် တိုင်းတာသည့်အခါ တိုးတက်ခြင်းသည့် တစ်ရာ ရာခိုင်နှုန်းအပြည့်ဖြစ်သည်။ထိုသည်မှာ ယနေ့ခေတ်၏ စံဖြစ်သည်။
   ထို့ကြောင့် စိတ်ဖြင့်သွားလာသည့်အခါ လိုချင်သည်ကို မရောက်ခြင်းသည် မူလအမှတ်မှ အပြည့်အ၀ မ ထွက်ခွာနိုင်ခြင်းကို ပြသသည်။သို့သော် မအောင်မြင်သောအခါများတွင် မူလချည်တိုင်မှ မထွက်နိုင်ခြင်းက ကောင်းမွန်သော အကြောင်းပြချက်ဖြစ်သည်။
   ကျနော်တို့ ခပ်လှမ်းလှမ်းတွင် မအောင်မြင်သော လူများ ဒုနဲ့ဒေးရှိသည်။သို့သော် ပျော်ရွှင်စွာနေနိုင်ကြသည်။ကျနော်တို့ ခပ်ဝေးဝေးတွင်မူ အောင်မြင်သော လူအနည်းငယ်သာရှိသည်။သို့သော် သူတို့မပျော်ရွှင်။ဘ၀သည် အောင်မြင်ခြင်းကို ပျော်ရွှင်ခြင်းနှင့် မတွဲထား။သို့သော် လူတိုင်းသည် အောင်မြင်ခြင်းကို လိုချင်ကြသည်။အောင်မြင်ခြင်းဆိုသည်မှာ ဘ၀လမ်းခရီးတွင် ပျော်ရွှင်ခြင်းကို ဖြတ်သန်းပြီးမှ ရောက်သည့် မှတ်တိုင်ဖြစ်သည်။ 
   ကျနော့်အိမ်ဘေးတွင် အကြားအမြင်ရ ဆရာကြီးတစ်ဦးရှိသည်။လူတိုင်း ရှေ့ဘာဖြစ်လာမည်ကို ပြောနိုင်သည်။သို့သော် ယခု ရှေ့ဖြစ်မဟောတော့။အကြောင်းမှာ သူ့သမီး လင်နောက်လိုက်သည်ကို ကြိုမသိခြင်းကြောင့်ဖြစ်သည်။ဤသည်မှာ အဖြစ်မှန်မဟုတ်။ထိုးဇာတ်တစ်ခုဖြစ်သည်။လူတစ်ယောက်ကို အပုပ်ချတိုက်ခိုက်ချင်သည့်အခါ ဇာတ်လမ်းများစွာကို ဆင်ကြသည်။ယုံကြည်လောက်မည် ထင်သောသူများကို ထပ်ဖန်တလဲလဲ ပြောကြသည်။ထိုအခါ စိတ်ထဲတွင် မှားယွင်းသော အချက်အလက်သည် ခရီးမိုင်ပေါင်းများစွာ ခြေဆန့်လေတော့သည်။ 
 
                                                              (၃)
 
   ဆိုက်ကားသမားတစ်ဦး၏ စိတ်ဖြန့်ကျက်မှုနှင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး စိတ်ဖြန့်ကျက်မှု ဘာက ပိုပြီး လူသားတွေကို ပိုအကျိုးပြုသလဲဆိုသည်မှာ တွေးတောဆင်ခြင်စရာဖြစ်သည်။
   စိတ်၏သွားလာနေထိုင်ရာသည် ယခင်နှင့် ယခုမတူသကဲ့သို့ စသည့် အမှတ်လည်း တူနိုင်စရာမရှိ။ထို့အတူ ဘယ်အရာကို အခြေခံတွေးသလဲဆိုသည့်အပေါ်လည်း များစွာမူတည်ပေသည်။မနက်ဖြန်သည် အကြောင်းရာပေါင်းများစွာ ဖြစ်ပျက်နိုင်ကြောင်း ပြောနိုင်သည့်အချိန်တွင် ယနေ့တွင်ပဲ စိတ်သည် မနက်ဖြန်ထက် အဆများစွာပိုကာ စဉ်းစားနိုင်သမျှ အကြောင်းအရာပေါင်းများစွာကို အပြန်အလှန် စဉ်းစားနေသည်ကို ကျနော်တို့မေ့နေကြသည်။
   ထိုသည်က စိတ်၏သွားလာနေထိုင်ရာဖြစ်သည်။
 
လင်းနိုင်ကျော်စိုး