【 ဆောင်းပါး 】 ဟချလောင်း အကြော်ဆရာ ဘိုးတော်မှန်

【 ဆောင်းပါး 】 ဟချလောင်း အကြော်ဆရာ ဘိုးတော်မှန်

ကျနော်တို့ရဲ့ စကားဝိုင်းဟာ တခြားဝိုင်းတွေလိုပဲ တောင်ရောက်မြောက်ရောက်နဲ့ဆိုပေမယ့် ထောင် သမ္ဘာရင့် ထောင်မင်းသား ကိုကြင်ရဲ့ ကျနော်တို့ မမီခဲ့တဲ့ ထောင်တွင်းအတွေ့အကြုံတချို့ကကြက်သီးဖြန်းခနဲ ထလောက်အောင် စိတ်ဝင်စားဖွယ်ကောင်းလှတယ်။
 
အထူးသဖြင့် ဘိုးတော်မှန်အကြောင်းဆိုရင် ကျနော်တို့ ဝိုင်းတော်သားတွေ ကြိုက်မှကြိုက်။ဘိုးတော်မှန်ဆိုတာက ကိုကြင် တွေ့ခဲ့ မီခဲ့တာတော့ မဟုတ်။ကိုကြင် ထောင်ထဲရောက်ချိန်ဟာ မဆလနေဝင်ရီတရောကာလ ဘိုးတော်တွေဘာတွေ ထောင်ထဲမှာမရှိတော့။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင် ဗိုလ်နေဝင်းတို့ အလံတလူလူကာလတုန်းက ဘိုးတော်စစ်ဆင်ရေးဆိုပြီး ဘိုးတော်တွေကို ဖမ်းဆီး ထောင်ထဲထည့်ခဲ့စဉ်၊ မန္တလေးထောင်ထဲရောက်လာတဲ့ ဘိုးတော်တွေထဲက အမှန်အကန် ဘိုးတော်မှန်ဆိုတာလည်း တစ်ယောက်အပါအဝင်။
 
အင်မတန် ဖြောင့်မတ်တည်ကြည်ပါတယ်ဆိုတဲ့ ကိုကြင်ရဲ့ ဆရာက အဲဒီကာလ လူငယ်လေးဘဝ၊ ဘိုးတော်မှန်နဲ့ တိုက်ခန်းချင်းကပ်လျက် နေခဲ့သူမို့ ဘိုးတော်မှန်ရဲ့ ထောင်တွင်းဖြစ်ရပ်မှန်အကြောင်း အလုံးစုံသိရှိကာ ကိုကြင်ကို ပြန်လည်ဖောက်သည်ချခဲ့ရာကနေ ကျနော်တို့က တစ်ဆင့်ခံ ပြန်နားထောင်ရတာ။
 
တစ်လောက ကိုကြင် ပြောပြလို့ ထောင်ထဲရောက်လာတဲ့ ဘိုးတော်မှန်အကြောင်း၊ ဘိုးတော်မှန်ကို ကိုးကွယ်တဲ့ တိုက်တာဝန်ခံတပ်ကြပ်ကြီးကို ဘိုးတော်မှန် မန်းမှုတ်ပြီး ရလာတဲ့ ငွေစက္ကူအစစ်တွေ ပေးတဲ့အကြောင်း ဘိုးတော်မှန်ကို ရန်လိုစော်ကားလေ့ရှိတဲ့ အရာခံဗိုလ် ဒုက္ခကြီးကြီးတွေ့ကာ နောက်ဆုံး ဘိုးတော်မှန်ဆီ ဝန်ခံတောင်းပန်ပြီးမှ ကယောက်ကယက်ဖြစ်နေတဲ့စိတ်တွေ အေးချမ်းသွားတဲ့အကြောင်း။ကိုကြင်က အလျဉ်းသင့်သလို ပြောပြနေတုန်းမှာပဲ မအောင်မြင်တဲ့ ထောင်တွင်းထွက်ပြေးမှု ဖြစ်ပွားရာကနေ ထောင်ပြေးတွေအကြောင်း ရောက်သွားကာ စကားစပြတ်သွားတယ်။
 
အခုတော့ ဝိုင်းတော်သားတွေရဲ့ တောင်းဆိုချက်အရ ဘိုးတော်မှန် မန်းမှုတ်ကျွေးတဲ့ တရုတ်အစားအစာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်အကြောင်း ဒီနေ့ပြောမယ်ဆိုလို့ ကျနော်တို့ဝိုင်း လူစည်လာတော့တယ်။ထောင်ထဲမှာ အခုလိုလူ ၁၅ ယောက်လောက် စုဝေးနေရင် ဒီကောင်တွေဘာလုပ်တာလဲဆိုပြီး ထောင်အာဏာပိုင်တွေကပြဿနာရှာလေ့ရှိပေမယ့် အခု ကျနော်တို့ဝိုင်းရဲ့ ဦးစီးဦးဆောင်က အကျဉ်းသားအရာရှိချုပ် ကို ကြင်မို့ အေးဆေး။ထောင်အာဏာပိုင်တွေက ထောင်သားတွေကို ကိုကြင် ကောင်းကောင်းထိန်းထားနိုင်တယ်ဆိုပြီး အမှတ်တောင် ပေးလိုက် သေး။ကိုကြင် ပြောပြတဲ့ ဘိုးတော်မှန်ကျွေးတဲ့ တရုတ်အစားအစာက ဒီလို။
 
တစ်ခုသော ဝါတွင်းကာလရောက်တော့ ဘိုးတော်မှန် ဘာဆိုဘာမှမစားဘဲ သီလဆောက်တည်သတဲ့။ပုံမှန်ဆို ဘိုးတော်မှန်ကမနက်ခင်းစောစော သူ့တပည့် အပြင်ကနေလာပို့ပေးတဲ့ လက်ဖက်ရည်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်၊ နေ့ခင်းစာ ထမင်းနည်းနည်းနဲ့ ဟင်းနည်းနည်းစားပြီး ညနေစာ လုံးဝမစားဘဲ နေခဲ့ရာကနေ ဒီဝါတွင်းတော့ လက်ဖက်ရည်လည်းဖြတ်၊အကုန်ဖြတ် သီလနဲ့သာ ရှေ့ဆက်မယ်လို့ ဆိုသတဲ့။
 
ဒါပေမဲ့ မနက်တိုင်း ပုံမှန်ပို့နေကျ လက်ဖက်ရည်ဓာတ်ဗူးကြီးနဲ့ တစ်ဗူးကို ဆက်ပို့ခိုင်းကာ တိုက်နီးနားချင်း လူငယ်လေးတွေကိုအကုန်ပေးလိုက်တယ်။ပြီးတော့ နေ့ခင်းစာ ဟင်းလျာ ဘိုးတော်မှန်ဆီ ပုံမှန်ကပ်နေကျ ထောင်တွင်းရောက် မိုးကုတ်သူဌေးတွေရဲ့ ဆပ်ကပ်မှုကို လက်ခံပေမယ့် လူငယ်လေးတွေပဲ စားစေသတည်းဆိုတော့ ဘိုးတော်မှန်ရဲ့ လူငယ်လေးတွေ ပျော်ကြပေါ့။
 
“အရင့်အရင်ကလည်း ဘိုးတော်မှန်ကို လာကပ်သမျှ ဘိုးတော်မှန်က နည်းနည်းစားတာရယ်။ပိုတာအကုန် သူတိုက်ခန်းဘေးက ကျနော့်ဆရာတို့ကိုပဲ ကျွေးတာ။အဲဒီဝါတွင်းမှာ ဘိုးတော်မှန်ကဘာမှမစားတော့ပေမယ့် သူ့ကိုကပ်နေကျလူတွေကို ကပ်နေကျအတိုင်း ကပ်ကြဆိုတာနဲ့ လာကပ်ကြတာ။ကပ်သမျှ သူ့တိုက်ဘေးက လူငယ်တွေ စားကြဆိုတော့ ကျနော့်ဆရာတို့ဘော်ဒါတွေ သိပ်ပျော်ကြတာ” လို့ ကိုကြင်က ပြောပြတယ်။
 
ပြဿနာက ဘာမှမစားတဲ့နေတာ တစ်ပတ်လောက်ကြာတော့လည်း ဘိုးတော်မှန် ပုံမှန်အတိုင်း ဘာမှမဖြစ်တာပါပဲ။ဒါနဲ့ ထောင်သားတွေရဲ့ကြား ဘိုးတော်မှန်အကြောင်း မျက်နှာဖုံးသတင်းဖြစ်လာရာကနေ ထောင်ပိုင်ကြီးအထိ သိသွားပြီး စစ်ဆေးတာတွေ ဘာတွေ ဖြစ်ကုန်ရော။ထမင်းမစားတာဟာ ထောင်တွင်း အစာငတ်ခံဆန္ဒပြတာလားလို့ ထောင်ပိုင်ကြီးကမေးတော့ ဘိုး တော်မှန်က ကျုပ် ကိုယ့်တရားနဲ့ကိုယ် နေတာပါတဲ့။ဘိုးတော် ဘာမှမစားဘဲနေလို့ တစ်စုံတရာကျန်းမာရေးဖြစ်လာရင် ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ထောင်ပိုင်ကြီးက ဆက်ပြောကာ ထမင်းစားဖို့ တိုက်တွန်းလေတော့ တရားရှိတဲ့သူက ဘာမှမစားလည်း ဘာမှမဖြစ်ကြောင်း ဘိုးတော်မှန်က ဆက်ပြောတယ်။
 
ထောင်ပိုင်ကြီးက ဘယ်လိုမှပြောလို့မရ။ နေ့စဉ်မပြတ် ထမင်းမစားလည်း တစ်ခုခုစားဖို့သာ ပြောနေလေတော့ ခက်လှ။
 
ကဲ၊ ဒီလောက်တောင် ရှိလှ၊ ဘာ့ကြောင့် ဘာမှမစားဘဲ နေသလဲဆိုတာ ပြရတာပေါ့လို့ ဘိုးတော်မှန်ကဆိုကာ ပန်းကန်ပြားတစ်ချပ်နဲ့ အဝတ်ဖြူတစ်စကလွဲလို့ ကျန်တာအကုန် တိုက်ခန်းအပြင်ထုတ်ခိုင်းလိုက်တယ်။
 
“ပြီးတော့ ဘိုးတော်မှန်က ကဲ၊ အားလုံး ဒီမှာကြည့်ကြ၊ ဒီအခန်းထဲ ပန်းကန်ပြားနဲ့ အဝတ်ဖြူပဲ ရှိတယ်နော်” လို့ဆိုပြီး နံဘေးရှိ တပ်ကြပ်ကြီးကို ခေါ်ပြီး သူ့ခန္ဓာကိုယ်အနှံ့ လက်နဲ့ရှာခိုင်းကာ ဘာမှမရှိတာ သေချာသလားလို့ မေးတယ်။
 
တပ်ကြပ်ကြီးက ဘာမှမရှိဘူးလို့ ဆိုလိုက်ပြီးနောက် ၅ မိနစ်လောက်စောင့်ကြလို့ ဘိုးတော်မှန်ကဆိုကာ တိုက်ခန်းထဲဝင်သွားတယ်။
ပန်းကန်ပြားပေါ် အဝတ်ဖြူအုပ်ကာ တိုက်ခန်းထောင့်မှာ ချလိုက်တယ်။ပြီးတော့ အဲဒီပန်းကန်ပြားရှေ့ တရားထိုင်သလို ထိုင်နေကာ ပါးစပ်ကနေလည်း တစ်ခုခုရွတ်နေတယ်။ပြီးတော့ ၅ မိနစ်မပြည့်ခင်မှာပဲ ထောင် အာဏာပိုင်တွေကိုခေါ်ကာ အဝတ်ဖြူကို ဖွင့်ခိုင်းလိုက်တော့ ပန်းကန်ပြားထဲမှာ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲကြော်တစ်ပွဲ။
 
အဲဒါ ခေါက်ဆွဲကြော်အစစ်ပဲ၊ ထောင်ပိုင်ကြီး ရဲရဲသာမြည်းလို့ ဘိုးတော်မှန်ကဆိုတော့ ထောင်အာဏာပိုင်တွေအားလုံး တစ်ယောက် တစ်လုတ်မြည်းကြည့်ကြရာ ဘယ်လိုမှ ငြင်းလို့မရခေါက်ဆွဲကြော်အစစ်ဖြစ်ကြောင်း လက်ခံလိုက်ရတယ်။
 
ဘိုးတော်မှန်က ကျုပ် ဘာ့ကြောင့် ဘာမှမစားသလဲဆိုတာအဖြေပဲတဲ့။ဒါပေမဲ့၊ ထပ်သေချာအောင် နောက်ထပ်ပန်းကန်တစ်ချပ်နဲ့ အဝတ်ဖြူတစ်စပေးပါလို့ တောင်းလိုက်တယ်။ပြီးတော့ ထောင်ပိုင်ကြီးတို့ကို ကြာဇံကြော် ထပ်ကျွေးမယ်လို့ဆိုကာ အရင်နည်းအတိုင်း ထပ်လုပ်။ ၅ မိနစ်လောက်အကြာ အဝတ်ဖြူကို ဖွင့် ခိုင်းလိုက်တော့ အခုမှ မီးဖိုပေါ်က ချခါစပမာ ကြာဇံကြော် အငွေ့တထောင်းထောင်းထ။တစ်ယောက် တစ်ဇွန်း မြည်းကြည့်ကြတော့ တကယ့်ကို ကြာဇံကြော်အစစ်။
 
“ကျုပ် ဒီလိုပွဲမျိုး တစ်နေ့ ၁၀ ပွဲလည်း လုပ်စားနိုင်တယ်” လို့ ဘိုးတော်မှန်က ဆိုလိုက်တယ်။
 
ထောင်ပိုင်ကြီးခမျာ ပါးစပ်အဟောင်းသား။အပြောအဆိုမှားခဲ့ရင် ခွင့်လွှတ်ပါလို့ဆိုကာ ဘိုးတော်မှန်ကို ကန်တော့ပြီး ပြန်သွားတော့တယ်။
 
ဘေးအခန်းက ဘိုးတော်မှန်ရဲ့ မိတ်ဆွေ လူငယ်လေးတစ်ဦးက “အဘကို ကျနော်တို့က ဘိုးတော်လို့ ထင်နေတာ၊ အကြော်ဆရာဖြစ်နေတာကိုး” လို့ ဆိုလိုက်တော့ ဘိုးတော်မှန်က ရယ်တယ်။
 
ပြီးတော့မှ သီလရှိပြီး စိတ်ထားမှန်ရင် အကြော်ဆရာလည်း ဖြစ်နိုင်တယ်။မဟော်သဓာလည်း ဖြစ်နိုင်တယ်လို့ ဘိုးတော်မှန် ဆိုလေရဲ့။
 
ကိုဆက်