【 ဆောင်းပါး 】 အကြောက်လွန်သူ

【 ဆောင်းပါး 】 အကြောက်လွန်သူ

ကြောက်တတ်တာ သဘာဝပါ။

လူတိုင်းလိုလို ကြောက်တတ်ပါသည်။အနည်းနှင့် အများသာ ကွာပါသည်။မကြောက်တတ်သူရှိသည်ဆိုသော်လည်း တော်တော်ရှားမည် ထင်သည်။

ကျွန်တော်လေ့လာမိသရွေ့ လုံးဝမကြောက်တတ်သူ တစ်မျိုးတည်းသာ တွေ့ပါသည်။လောကမှာ ဘာမှမြဲတာမရှိ၊ ဆင်းရဲဒုက္ခများနှင့်သာ အပြည့်ဖြစ်နေသည့် ဘဝမှာ ဘာကိုမှစွဲလမ်းမနေဘဲ ကိုယ်လုပ်ခဲ့သမျှ ကုသိုလ်၊ အကုသိုလ်အတိုင်း ကိုယ်ပြန်ရရှိမှာပဲဟူသော အသိနှင့် အာရုံခံစားမှုများကို အတတ်နိုင်ဆုံးပယ်သတ်ကာ မတရားမှုကို လုံးဝမလုပ်သောသူသည် လုံးဝမကြောက်တတ်ပါ။

သာမန်လူများကတော့ ကြောက်တတ်ကြပါသည်။တချို့က လူကြောက်သည်။လူတွေကြားထဲ မသွားရဲပါ။လူတွေများလျှင် စကားမပြောရဲပါ။တချို့က မြွေ၊ ပိုးဟပ်၊ တီကောင် စသော တိရစ္ဆာန်လေးတွေ ကြောက်တတ်သည်။ပိုးဟပ်ပျံတစ်ကောင် အခန်းထဲဝင်လာ၍ မေ့လဲသွားသူမျိုး တွေ့ဖူးသည်။တီကောင် ကိုင်မိ၍ ခုန်ဆွခုန်ဆွဖြစ်ကာ ငိုပြီး အော်နေတာမျိုးလည်းရှိသည်။

တစ်ည၊ သူငယ်ချင်းတစ်ယောက်နှင့် ညဘက် လမ်းမီးရောင်မှိန်မှိန်အောက်မှာ စကားပြောရင်း လမ်းလျှောက်လာကြသည်။တစ်ယောက်ယောက်က အပေါ့သွားထား၍လား၊ ရေပက်ထား၍လားမသိ အလျားရှည်ရှည် ရေစီးကြောင်းလေးဖြစ်နေသည်။သူငယ်ချင်းက လျှောက်နေရင်းကနေ ရုတ်တရက် ထိုရေစီးကြောင်းလေးကိုတွေ့ပြီး မြွေတစ်ကောင်ဟုထင်ကာ အမယ်လေး မြွေကြီးဟု အော်ကာ မေ့လဲသွားသဖြင့် ဆေးခန်းခေါ်သွားခဲ့ဖူးပါသည်။

တချို့က အမြင့်ကြောက်တတ်သည်။ကုန်တိုက်တွေမှာ တွေ့ရတတ်သော စက်လှေကားပေါ် မတက်ရဲ၍ ရိုးရိုးလှေကားမှ အပင်ပန်းခံတက်သူတွေ တော်တော်များများ တွေ့ဖူးသည်။တချို့ကတော့ အမှောင်ကြောက်ပြီး အမှောင်ထဲမှာ မနေရဲ မအိပ်ရဲကြပေ။

တစ်ယောက် တစ်မျိုးစီ ကြောက်ကြသော်လည်း အံ့သြစရာဟု ပြောရမည်လား၊ ရယ်စရာဟု ပြောရမည်လားမသိ၊ သရဲကြောက်သူ တော်တော်များပါသည်။သရဲဆိုတာကို တွေ့လည်း မတွေ့ဖူးဘဲ ကြောက်နေကြတာပါ။သရဲကြောက်တာကတော့ လူများစုပါ။တချို့ဆိုလျှင် ကိုယ့်အရိပ်ကိုတောင် သူရဲထင်ပြီး ပြန်ကြောက်သည့်အထိပါ။

ကြောက်တတ်တာ သဘာဝဆိုသော်လည်း အကြောက်လွန်တာကတော့ ကိုယ့်အတွက် များစွာအန္တရာယ်ရှိပါသည်။အကြောက်တရားကို ထိန်းရန်အတွက် ကျိုးကြောင်းဆင်ခြင်တတ်ဖို့တော့ လိုပါသည်။မျက်စိမှိတ်ပြီး ကြောက်နေလျှင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါသည်။

တချို့က အတွေးလွန်ပြီး ကြောက်တတ်ပြန်သည်။ဒါကိုလုပ်လို့ဖြစ်ပါ့မလား၊ သည်လိုများဖြစ်လာမလား စသဖြင့် ဟိုလိုဖြစ်နိုး သည်လိုဖြစ်နိုးနှင့် သောကများကာ သတိလွတ်ပြီး ဆုံးဖြတ်ချက်မှားကာ ဒုက္ခတွေ့တတ်ပါသည်။

ကြောက်တတ်လျှင် ဝန်ကင်းဆိုသကဲ့သို့ ကြောက်တတ်လျှင် အန္တရာယ်ကင်းတတ်သော်လည်း ပြဿနာတစ်ခုကို နဖူးတွေ့ဒူးတွေ့ ကြုံနေတာမျိုးဆိုလျှင်တော့ ကြောက်နေရုံနှင့် မပြီးသွားပါ။တတ်နိုင်သမျှ ခေါင်းအေးအေးထားကာ ကျိုးကြောင်းဆင်ခြင်၍ တစ်ခုခုဆုံးဖြတ်ရမည်ဖြစ်သည်။အထူးသဖြင့် လူဆိုးလူမိုက်များနှင့် တွေ့သောအခါ၊ လူဆိုးလူမိုက်များ၏ ထိန်းချုပ်မှုအောက် ရောက်သောအခါမျိုးမှာ အလွန့်အလွန်ကို သတိထားရပါမည်။ကျိုးကြောင်းဆင်ခြင်ဉာဏ်သည် ပို၍အရေးကြီးပါသည်။ဘာမဆိုဖြစ်နိုင်သည့်အခြေအနေမှာ ကိုယ်လှုပ်ရှားသမျှသည် ကိုယ့်အနာဂတ်ဖြစ်နေသဖြင့် အကြောက်လွန်ပြီး ဆုံးဖြတ်ချက်မှား၍ မဖြစ်ပါ။

နိပါတ်တော်လာ ငါးရာ့ငါးဆယ် ဝေဒဗ္ဗဇာတ်မှ ပညာရှိပါလျက်၊ ဆရာတစ်ယောက်ဖြစ်ပါလျက် အကြောက်လွန်၍ အသက်ဆုံးရှုံးရသော ပုဏ္ဏားအကြောင်းပါ။

ရွာတစ်ရွာမှာ ဝေဒဗ္ဗမန္တာန် တတ်မြောက်ထားသော ပုဏ္ဏားဆရာတစ်ယောက်ရှိသည်။နက္ခတ်နှင့်ယှဉ်သောကာလ၌ ထိုမန္တာန်ကို ရွတ်ဖတ်လိုက်လျှင် ရတနာခုနစ်ပါး ပါသော မိုးရွာစေတတ်သည်။ဘုရားလောင်းသည် ထိုပုဏ္ဏားဆရာထံတွင် ပညာသင်ယူနေသော တပည့်တစ်ယောက်ဖြစ်သည်။

တစ်နေ့တွင် ဆရာတပည့်နှစ်ယောက်သည် သူတို့ရွာမှထွက်ကာ စေတတိုင်းသို့ ခရီးထွက်ခဲ့ ကြသည်။လမ်းတွင် ဆရာတပည့်နှစ်ယောက်သည် ဓားပြငါးရာနှင့်ဆုံပြီး ဓားပြများ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ဓားပြများက ပုဏ္ဏားကို ဖမ်းဆီးထားကာ တပည့်ကို အိမ်ပြန်၍ ဥစ္စာများယူလာပြီး ဆရာ့ကို ရွေးရမည်ဟုပြောပြီး ပြန်လွှတ်ပေးလိုက်သည်။

တပည့်က မသွားမီ ဆရာ့ကို အသေအချာမှာခဲ့သည်။ “ဆရာ ဘာမှမကြောက်ပါနှင့်။ကျွန်တော်အမြန်ဆုံးပြန်လာပါမည်။ဆရာသိတဲ့အတိုင်း ဒီနေ့က ဥစ္စာမိုးရွာစေသော နက္ခတ်နှင့်ယှဉ်တော့မည်ဖြစ်သည်။ဆရာကြောက်လန့်ပြီး စိတ်လှုပ်ရှားပြီး လူဆိုးတွေကို မန္တာန်သွားမရွတ်ပြမိပါစေနှင့်။ဆရာပဲ ဒုက္ခရောက်ပြီး ပျက်စီးလိမ့်မည်” ဟု အတန်တန်မှာထားပြီး ဆရာ့ကိုရွေးဖို့ ဥစ္စာပြန်ယူရန် ထွက်သွားသည်။

ညဘက် လထွက်လာသောအချိန်တွင် ပုဏ္ဏားက ကောင်းကင်ရှိ နက္ခတ်များကိုကြည့်ကာ ဝေဒဗ္ဗမန္တာန် ရွတ်နိုင်သည့် နက္ခတ်နှင့် ယှဉ်နေပြီဖြစ်ကြောင်း သိလိုက်သည်။ထိုအခါ ပုဏ္ဏားက ဓားပြများအား သူ့ကို ဘာကြောင့်ဖမ်းထားတာလဲဟု ရုတ်တရက်မေးလိုက်သည်။ဓားပြများကလည်း ဥစ္စာလိုချင်လို့ဖြစ်ကြောင်း ပြန်ဖြေသည်။ထိုအခါ ပုဏ္ဏားက သူ့ကိုလွှတ်ပေးလျှင် သင်တို့ကို ဥစ္စာများ ချက်ချင်းပေးမည်ဟု ပြောလိုက်သည်။

ဓားပြများက ပုဏ္ဏားကို ကြိုးများဖြည်ပေးလိုက်သည်။ပုဏ္ဏားလည်း ကိုယ်လက်သန့်စင်ပြီးနောက် ကောင်းကင်ကိုမော့ကြည့်ကာ ဝေဒဗ္ဗမန္တာန်ကို ရွတ်လိုက်သည်။ထိုခဏမှာပင် သူတို့ပတ်လည်တွင် ရတနာမိုး ရွာလေသည်။

ဓားပြတွေက ကောင်းကင်မှ ကျလာသော ရတနာများကို ကောက်ယူထုပ်ပိုးရင်း အပျော်ကြီးပျော်နေကြသည်။သူ့ကိုပြန်လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီးထားပြီး သူတို့နှင့်အတူခေါ်သွားသည်။သူက သူ့ကိုပြန်လွှတ်ပေးဖို့ပြောသောအခါ သူတို့က သူတို့လိုတိုင်း ရတနာမိုးရွာခိုင်းရန် ဆက်ဖမ်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ပုဏ္ဏားနှင့် ထိုလူဆိုးအဖွဲ့ ခရီးဆက်ရင်း လမ်းတွင် ထိုလူဆိုးအုပ်စုထက် လူဦးရေများသော အခြားလူဆိုးအဖွဲ့ကို တွေ့ရသည်။ဒုတိယအဖွဲ့က သူတို့အုပ်စုကို တိုက်ခိုက်ရန်ပြင်ရာ ပထမအဖွဲ့က သူတို့ကိုဘာလို့တိုက်မှာလဲမေးတော့ ဥစ္စာတွေလိုချင်လို့ဟု ပြန်ပြောသည်။ထိုအခါ သူတို့ကိုမဖမ်းဘဲ ပုဏ္ဏားကိုဖမ်းရန်နှင့် ပုဏ္ဏားရွတ်ဆိုသော မန္တာန်ကြောင့် ရတနာများရခဲ့တာဟု ရှင်းပြသည်။

ဒုတိယအဖွဲ့လည်း ပုဏ္ဏားကို မန္တာန်ရွတ်စေပြီး ရတနာမိုး ရွာချစေသည်။ပုဏ္ဏားက သူတို့စိတ်ကျေနပ်ရန် မန္တာန်ကိုရွတ်သော်လည်း နက္ခတ်မယှဉ်သောကြောင့် ရတနာမိုး မရွာတော့ပေ။လူဆိုးတွေလည်း ရတနာမိုး ရွာအောင် မလုပ်နိုင်သော ပုဏ္ဏားကို ဒေါသထွက်ကာ သတ်ပစ်လိုက်လေသည်။

ထို့နောက် လူဆိုးအဖွဲ့နှစ်ဖွဲ့ အကြိတ်အနယ် တိုက်ခိုက်ကြသည်။နှစ်ဖွဲ့လုံး တစ်ယောက်မကျန် သေဆုံးကုန်တော့သည်။နောက်နှစ်ရက်အကြာ ပုဏ္ဏား၏ တပည့်သည် ဆရာ့ကိုရွေးမည့် ဥစ္စာထုပ်နှင့်အတူ ပြန်လာသည်။လူဆိုးအလောင်းတွေကြားမှာ သူ့ဆရာပုဏ္ဏား၏အလောင်းကိုပါ တွေ့လိုက်ရသည်။တစ်ဖန် ရတနာများကိုပါ တွေ့လိုက်သောအခါ ဆရာသည် စိတ်မထိန်းနိုင်ဘဲ မန္တာန်ရွတ်လိုက်မိလို့ မဖြစ်သင့်တာတွေ ဖြစ်သွားရကြောင်း သိလိုက်ရသည်။

သို့သော်လည်း အဖြစ်အပျက်တွေက လွန်ကုန်ပြီဖြစ်သည်။ဆရာ့အလောင်းကို ကောင်းစွာ သင်္ဂြိုဟ်ပြီး ရတနာများကို ထုပ်ပိုးကာ တစ်ယောက်တည်း ပြန်ခဲ့ရလေတော့သည်။

ဆရာပုဏ္ဏားသည် အနည်းဆုံး သူ့တပည့် ပြန်လာချိန်အထိတော့ စောင့်သင့်သည်။ဖြစ်နိုင်မည့်အခြေအနေကို သေချာမစဉ်းစားဘဲ အကြောက်လွန်ကာ လူဆိုးကို လာဘ်ထိုးဖို့ ကြိုးစားမိသည်။လူဆိုးဆိုတာက အမှန်၊ အမှား မသိသည့် လောဘသားကောင်များဖြစ်သည်ကို သူမစဉ်းစားခဲ့။

ပုဏ္ဏား၏ တပည့်သည် ထိုအခြေအနေကိုတွေးမိခဲ့၍ သူ့ဆရာကို ကြိုတင်သတိပေးခဲ့ခြင်းဖြစ်သည်။သို့သော်လည်း သူ့ဆရာ ပုဏ္ဏားကတော့ အသက်ပေး၍ ကြောက်ပြသွားခဲ့ပါပြီ။

ရိုက်မောင်း
Photo Credit - ThaMaNya Youtube