【 ဆောင်းပါး 】 အချစ်စစ် အချစ်မှန်

【 ဆောင်းပါး 】 အချစ်စစ် အချစ်မှန်

တစ်ယောက်နှင့် တစ်ယောက် ချစ်တယ်ဆိုတာ မထူးဆန်းပါ။မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ လင်နှင့် မယား၊ အထက်လူကြီးနှင့် ဝန်ထမ်း၊ သူငယ်ချင်းချင်းတွေ တစ်ယောက်ကို တစ်ယောက် ချစ်ကြတာ သံသယရှိစရာ မလိုပါ။သို့သော်လည်း တကယ်ချစ်ဖို့တော့ လိုပါသည်။

တကယ်ချစ်တယ်ဆိုတာက နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြည်နူးပျော်ရွှင်နေရုံနှင့် မလုံလောက်ပါ။သူ့အကျိုးအတွက် ကိုယ်ဘယ်လောက်စွန့်လွှတ် အနစ်နာခံနိုင်သည်။သူ့အကျိုးအတွက် ကိုယ်ဘယ်လောက်တွေးပြီး ဘယ်လိုစီမံဆောင်ရွက်ပေးနိုင်သည်၊ သူဒုက္ခရောက်ချိန်မှာ ကိုယ်ဘယ်လို ကူညီပံ့ပိုးပေးနိုင်သည်၊ သူ့အပေါ် ကိုယ်ဘယ်လောက်ယုံကြည် စိတ်ချသည်ဆိုမှ တကယ်ချစ်ရာရောက်ပါမည်။

မင်းသမီး သမ္ဗူလက နူနာဖြစ်နေသော လင်ယောင်္ကျားကို စိတ်မပျက်ဘဲ အပင်ပန်းခံ အနစ်နာခံပြီး ကူညီခဲ့ဖူးပါသည်။

သောတ္တိသေနမင်းသားက ဗြဟ္မဒတ်မင်းကြီး၏ သားတော် အိမ်ရှေ့စံဖြစ်သည်။အိမ်ရှေ့စံ မိဖုရားက သမ္ဗူလဖြစ်သည်။တစ်နေ့မှာ အိမ်ရှေ့စံသည် နူနာရောဂါရရှိ ခံစားရရှာသည်။အိမ်ရှေ့စံတစ်ယောက်အနေနှင့် ရှက်လှသောကြောင့် သူတစ်ယောက်တည်း တောထဲမှာနေရန် ဆုံးဖြတ်လိုက်သည်။မိဖုရားကလည်း သူပါအတူလိုက်ပြီး ပြုစုမည်ဟု ပြောပြီး နှစ်ယောက်သား ထွက်လာဖြစ်သည်။

တောထဲမှာ နေစရာ အဆောင်လေးဆောက်ပြီး နေကြသည်။မိဖုရားက နေ့တိုင်း အိမ်ရှေ့စံကို ရေမိုးချိုးသန့်စင်ပေးပြီး ခြေဆုပ်လက်နယ် ပြုလုပ်ပေးသည်။ညဘက်တွင်လည်း အိမ်ရှေ့စံအနားမှာပဲ အိပ်သည်။နှစ်ယောက်စာ အစားအစာအတွက်လည်း နေ့တိုင်း တောထဲ သစ်သီးရှာထွက်ရသည်။

တစ်နေ့၊ မိဖုရား တောထဲမှာ သစ်သီးရှာပြီး ပြန်အလာ ဒါနောဘီလူးက တွေ့မြင် ချစ်ကြိုက်မိပြီး လက်ဆွဲကိုင်ကာ ချစ်ရေးဆိုသည်။မိဖုရားက နတ်သိကြားများကို တိုင်တည်တော့ သိကြားမင်းရောက်လာ၍ ဒါနောဘီလူး ထွက်ပြေးရသည်။ထိုနေ့က မိဖုရား အပြန်မိုးချုပ်နေ၍ အိမ်ရှေ့စံက မေးတော့ မိဖုရားကအဖြစ်အပျက်တွေကို အမှန်အတိုင်းပြောပြသည်။အိမ်ရှေ့စံက မိဖုရားကို ဘီလူးနှင့် အထင်လွဲပြီး စွပ်စွဲသည်။မိဖုရားလည်း ဘယ်လိုရှင်းပြ၍မှ မရသည့်အဆုံး ရေပြည့်အိုးတစ်လုံးကို ရှေ့မှာထားပြီး အမှန်အတိုင်း သစ္စာဆို၏။သစ္စာဆိုပြီးပြီးချင်း ရေအိုးထဲမှ သစ္စာရေနှင့် အိမ်ရှေ့စံ၏ ဦးခေါင်းကနေ လောင်းချလိုက်သည်။မိဖုရား၏ သစ္စာအစွမ်းကြောင့် အိမ်ရှေ့စံ၏ နူနာများအကုန်လုံး ပျောက်ကင်းသွားတော့သည်။

အနာထပိဏ်သူဌေးကြီးက ဘုရားမဖက် တရားမဖက် အပျော်မက်နေသည့် သူ့သားကို လမ်းလွဲကနေ လမ်းမှန်ရောက်အောင် သူ့သား တန်ဖိုးထားသော ငွေကြေးနှင့် ဆွဲဆောင်ပြီး ပြုပြင်ခဲ့သည်။

အနာထပိဏ်သူဌေးကြီးက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အလေးအနက် ယုံကြည်ကိုးကွယ်သူ။သူ့မိန်းမနှင့် သမီးတွေကလည်း သူ့လိုပဲ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ကြသည်။သူနှင့် လုံးဝမတူသူကတော့ သူ့သား ကာလပဲဖြစ်သည်။အိမ်ကို ဘုရားရှင်ကြွလာသောအခါတိုင်း သားဖြစ်သူ ကာလက တခြားကိုရှောင်ထွက်သွားသည်။သံဃာတော်များကိုလည်း လုံးဝမရှိခိုးပေ။ရတနာသုံးပါးကိုလည်း မယုံကြည် အကောင်းအဆိုးလည်း မခွဲခြားတတ်သည့် သားဖြစ်သူ၏ ရှေ့ရေးအတွက် သူဌေးကြီးက စိုးရိမ်လာသည်။နောက်ဆုံး သူ့သားကြိုက်တတ်သည့် ငွေနှင့်ပဲ သူ့သားကို ဆွဲဆောင်ပြီး ပြုပြင်ပေးရန် ဆုံးဖြတ်လိုက်သည်။သို့နှင့် ဘုရားရှင်၏ ကျောင်းတော်ကိုသွားပြီး တရားနာလျှင် ငွေတစ်ရာပေးမည်ဟု ကာလကိုပြောတော့ အမြဲငွေလိုနေသော ကာလလည်း အလွယ်တကူ သဘောတူခဲ့သည်။

ကာလက ဇေတဝန်ကျောင်းကိုတော့ သွားသည်။သို့သော် ဘုရားရှင်၏ တရားသံကို မကြားရသော ချောင်တစ်ချောင်မှာ တစ်ညလုံးအိပ်နေပြီး မနက်စောစော အိမ်ပြန်လာသည်။မကြာခင်မှာပဲ ကာလလုပ်နေတာကို သူဌေးကြီးသိသွားတော့ ငွေပိုပေးပြီး ပုံစံပြောင်းသည်။ဘုရားရှင်ဟောသော တရားဂါထာတစ်ပုဒ်ကို မှတ်သားနိုင်ခဲ့လျှင် ငွေတစ်ထောင်ပေးမည်ဟုပြောတော့ ကာလတစ်ယောက် ငွေတစ်ထောင်မျက်နှာနှင့် သဘောတူပြန်သည်။သည်တစ်ခါတော့ ချောင်မှာ သွားအိပ်၍ မရတော့တာမို့ တရားသံကို သေသေချာချာကြားရအောင် ဘုရားရှင် ရှေ့တည့်တည့်မှာ နေရာယူရတော့သည်။ဘုရားရှင် စတင် တရားဟောတာနှင့် ကာလလည်း လိုက်မှတ်သည်။သို့သော် ခဏကြာတော့ မှတ်ထားသော တရားကို ပြန်မေ့သွားသည်။တရားနာလိုက် မှတ်ထားလိုက် ပျောက်သွားလိုက်နှင့် ချာလည်လည်နေတော့သည်။အမှန်က ထိုကဲ့သို့ဖြစ်အောင် ဘုရားရှင်က တန်ခိုးနှင့် လုပ်ထားခြင်းဖြစ်၏။မှတ်ထားသော တရားက ပျောက်ပျောက်သွားသော်လည်း နာဖန်များတော့ တရား၏ ဆိုလိုရင်းကို တဖြည်းဖြည်းသဘောပေါက်လာသည်။နောက်ဆုံးတော့ သဘောပေါက်သမျှ တရားတွေကို ဆင်ခြင်ရင်း ကာလတစ်ယောက် သောတာပန်ဖြစ်သွားတော့သည်။

မနက်စောစောရောက်တော့ ကာလကိုယ်တိုင် ဘုရားရှင်နှင့် သံဃာတော်များကို အိမ်သို့ပင့်ဆောင်သွားသည်။အိမ်ရောက်၍ သူဌေးကြီးက ငွေတစ်ထောင်ပေးတော့ ကာလ-က မယူဘဲ ငြင်းလိုက်သည်။ဘုရားရှင်ကမေး၍ သူဌေးကြီးက အကျိုးအကြောင်းရှင်းပြသောအခါ ဘုရားရှင်က “သူဌေးကြီး၊ သင့်သား ကာလသည် စကြာဝတေး စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြမ္မာစည်းစိမ်တို့ထက် သာလွန်တဲ့ သောတာပန်အရိယာအသိကို ရသွားပြီ” ဟု ရှင်းပြလိုက် သည်။သူဌေးကြီးက သူ့သား၏ အကောင်းဆုံးပြောင်းလဲမှုအတွက် ဝမ်းသာအားရဖြစ်ကာ ပီတိမျက်ရည်များပင် ဝေနေတော့သည်။

ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က သူ့-သူရဲကောင်း လဂွန်းအိမ်ကို တန်ဖိုးထားသည့်အတွက် သူ့မိဖုရား တလသုတမာယာကို ပေးအပ်သည်အထိ ချစ်ခင်ယုံကြည်ခဲ့သည်။

လဂွန်းအိမ်က ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ သူရဲကောင်းတစ်ယောက်ဖြစ်သည်။တစ်ခါသော် ပုသိမ်သားတွေကို တိုက်ရန် တာဝန်ကျလာသည်။သမိန်လောက်ဖျားက စစ်သည်တစ်သိန်းနှင့် ပုသိမ်ကို အခိုင်အမာကာကွယ်နေတာဖြစ်၍ တိုက်ရန် မလွယ်ပါ။ရာဇာဓိရာဇ်ကိုယ်တိုင် အင်အားအလုံးအရင်းနှင့် တိုက်ခဲ့သော်လည်း အသေအပျောက်များစွာနှင့် ရှုံးခဲ့ရသည်။

ရာဇာဓိရာဇ်က ပုသိမ်သားတွေကို တိုက်ရန် လဂွန်းအိမ်ကို စစ်ပရိယာယ်တစ်ခု လုပ်စေသည်။ချောင်းကျဉ်းလေးထဲမှာ တိုင်များစိုက်စေသည်။ထိုတိုင်တွေက ရေတက်ချိန်မှာ တိုင်ဖျားသာပေါ်အောင် စိုက်ရသည်။သို့မှသာ ရေကျချိန်မှာ တိုင်လုံးတွေပေါ်လာမှာပါ။
ရေတက်ချိန်မှာ လှေပေါ့အစီးနှစ်ဆယ်နှင့်အတူ လဂွန်းအိမ်တို့အဖွဲ့က ပုသိမ်သားတွေကို စစ်မြူပြီး အပြေးလှော်ခတ်လာရမည်။ပုသိမ်သားတွေက အလုံးအရင်းနှင့် လိုက်လာမည်။ရေကျချိန်အရောက်တွင် ပုသိမ်သားလှေတွေ ပေါ်လာသော တိုင်လုံးတွေမှာငြိပြီး ရှေ့တိုးမရ နောက်ဆုတ်မရနှင့် အလုံးလုံးအထွေးထွေးဖြစ်ကြမည်။ထိုအချိန်ရောက်မှ လဂွန်းအိမ်တို့က နိုင်လျှင်နိုင်၊ မနိုင်လျှင်သေဆိုသည့် စိတ်နှင့် အပြင်းအထန်တိုက်ကြရမှာဖြစ်သည်။

ရာဇာဓိရာဇ်က လဂွန်းအိမ် စစ်မထွက်ခင်နေ့မှာ အားပေးသည့်အနေနှင့် သူ့မိဖုရားငယ် တလသုတမာယာကိုလွှတ်၍ လဂွန်းအိမ် စားရန် ရွှေကွမ်းအစ်တော် ဆက်စေသည်။လဂွန်းအိမ်က တိုက်ပွဲမှာ သူသေသွားနိုင်တာကိုတွေးပြီး သူ့ဘုရင် သူ့အပေါ် မည်မျှတန်ဖိုးထား ချစ်ခင်သည်ဆိုတာ စမ်းသပ်ဖို့ စိတ်ကူးရပြီး အိပ်ရာထဲကမထဘဲ စောင်ခြုံပြီး ဆက်လှဲနေသည်။တပ်မှူးနှစ်ယောက်ရောက်လာပြီး ဘာကြောင့် စစ်မထွက်သေးတာလဲမေးတော့ မိဖုရား တလသုတမာယာကို စွဲလမ်းမိပြီး စစ်မထွက်နိုင်ကြောင်း ပြောပြလိုက်သည်။ထိုအကြောင်း ရာဇာဓိရာဇ် သိသောအခါ “ငါ့မိဖုရားက ငါတစ်ယောက်ထဲအတွက်ဖြစ်ပြီး ငါ့သူရဲကောင်းက ငါနဲ့ ငါ့တိုင်းပြည်အတွက်ဖြစ်တယ်” ဆိုပြီး မိဖုရားကို လဂွန်းအိမ်ဆီ ပို့ပေးလိုက်သည်။

မိဖုရားရောက်လာတော့ သူ့ဘုရင်က သူ့ကိုတန်ဖိုးထားပြီး ချစ်လား၊ မချစ်လားစမ်းတာပါဟု မိဖုရားကို ရှင်းပြတောင်းပန်ပြီး စစ်ထွက်သွားတော့သည်။ထိုစစ်ပွဲမှာ လဂွန်းအိမ်က ပုသိမ်သားတွေကို အနိုင်တိုက်နိုင်ခဲ့ပါသည်။

ကိုယ်ချစ်ရသူကို တန်ဖိုးထားမြတ်နိုးသူဆိုတာ အရှုံးအမြတ်မတွက်ဘဲ သူ့ဘဝကောင်းစားရေးအတွက် ကိုယ့်အချိန် ကိုယ့်အခွင့်အရေးတွေကို စွန့်လွှတ်အနစ်နာခံတတ်သူပါ။

ရိုက်မောင်း