【 ဆောင်းပါး 】 အခြားသူများကို သွေးဆောင်ခြင်း

【 ဆောင်းပါး 】 အခြားသူများကို သွေးဆောင်ခြင်း

   အရင်ဆောင်းပါးမှာတုန်းက မော်တန် တီ ဟန်ဆန်က “အခြားသူများနှင့် ကျွမ်းကျင်စွာ အလုပ်လုပ်ခြင်း” ဆိုတဲ့ ဒုတိယပိုင်းမှာ Teamwork နဲ့ပတ်သက်ပြီးဆွေးနွေးတဲ့နေရာမှာ e-epoxy.com အွန်လိုင်းလုပ်ငန်းကို စတင်တည်ထောင်ခဲ့တဲ့ ဒေါကယ်မီကယ် (Dow Chemical) ကုမ္ပဏီက အီရန်တယ်လ်ဖို့ဒ် အမည်ရှိ အရောင်းမန်နေဂျာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သူဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို စိတ်လှုပ်ရှားစရာ ပြောပြသွားခဲ့ပါတယ်။

   တယ်လ်ဖို့ဒ်ရဲ့ ပွဲဦးထွက်စွန့်စားခန်းလေးတွေအပြီး တစ်ဆယ့်လေးလကြာတဲ့အချိန်မှာ e-epoxy.com လုပ်ငန်းက အမေရိကနဲ့ ဥရောပမှာ သက်ဝင်လှုပ်ရှားခဲ့ပါပြီ။ အဲဒီဆိုက်က ဘတ်ဂျက်အတိုင်း အချိန်မီ တည်ဆောက်ပြီးစီးခဲ့ပြီး၊ ဝင်ငွေကောင်းတဲ့ ‌ဒေါရဲ့ အအောင်မြင်ဆုံး အွန်လိုင်းစီးပွားရေး (e-business) တစ်ခုအဖြစ် တစ်နှစ်မပြည့်ခင်အတွင်း ရပ်တည်နိုင်ခဲ့ပါပြီ။ တဲလ်ဖို့ဒ်လည်း ရာထူးတိုးခဲ့ပြီး နောက်ထပ် စွန့်စားခန်းအတွက် ၂၀၀၈ ခုနှစ်မှာ ကုမ္ပဏီကမထွက်ခင် ဒေါရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ‌ခေါင်းဆောင် ၂၀၀ ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။
   ဒီဒုတိယပိုင်းမှာ မော်တန် တီ ဟန်ဆန်က အခြားသူများနှင့် ကျွမ်းကျင်စွာအလုပ်အတူလုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ အောက်ပါတို့ကို ဆွေးနွေးထားပါတယ်။
          - အင်ပြည့်အားပြည့် ချန်ပီယံ
          - တိုက်ခိုက်ခြင်းနှင့် စည်းရုံးခြင်း
          - ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အပြစ်နှစ်မျိုး ဆိုတဲ့ အပိုင်းသုံးပိုင်းနဲ့ ဆက်လက်လမ်းညွှန် တိုက်တွန်းသွားမှာဖြစ်ပါတယ်။
   အခု အင်ပြည့်အားပြည့် ချန်ပီယံ (အားကြီးသော ချန်ပီယံ) ခေါင်းစဉ်ခွဲအောက်မှာ အီရန်တယ်လ်ဖို့ဒ် ရဲ့ အခက်အခဲကြားက မဆုတ်မနစ်အားထုတ်မှုကြောင့် အောင်မြင်ခဲ့ရပုံလေးကို အားရကျေနပ်စရာ ဖော်ပြပြီးတဲ့နောက် ဘာတွေဆက်လက်လမ်းညွှန်ဆွေးနွေးဦးမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်။
          အခြားသူများကို သွေးဆောင်ခြင်း
   တယ်လ်ဖို့ဒ်ရဲ့ ဇာတ်လမ်းလေးက သရုပ်‌ဖော်ခဲ့သလိုပဲ ကျွန်တော်တို့ အလုပ်ပြီးဖို့အတွက် ကိုယ့်အထက် လူကြီးတွေ၊ လက်အောက်ငယ်သားတွေ၊ တန်းတူသူတွေ၊ အခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေ၊ အစုစပ်သမားတွေ စတဲ့ အခြားသူတွေရဲ့ ပံ့ပိုးမှုအကူအညီ ကို ရအောင် လုပ်တတ်ဖို့ လိုပါတယ်။သူတို့မှာ ကျွန်တော်တို့ အလိုရှိတဲ့ သတင်းအချက်အလက်တွေ၊ ကျွမ်းကျင်မှုတွေ၊ ငွေကြေးအ‌ခြေအနေတွေ၊ ဝန်ထမ်းအင်အားတွေနဲ့ နိုင်ငံရေးလွှမ်းမိုးမှုတွေ စတဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ထိန်းချုပ်ထားတာ ရှိနေနိုင်ပါတယ်။သူတို့က အကူအညီမပေးချင်ဘဲ ဖြစ်နေနိုင်သလို ကျွန်‌တော်တို့ ဘာမှမလုပ်နိုင်အောင် ပိတ်ဆို့ထားတာတောင် ဖြစ်နိုင်ပါတယ်။တကယ်လို့ တဲလ်ဖို့ဒ်ကသာ သူ့ပရောဂျက်ကို ဆန့်ကျင်နေတဲ့ သူ့ အထက်လူကြီးတွေနဲ့ IT ကလူတွေကို ဘယ်လိုစည်းရုံးရမှန်းမသိဘဲ ဖာသိဖာသာနေမယ်ဆိုရင် သူဘာမှအရာထင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။အခြားသက်ဆိုင်ရာလူတွေ ပူးပေါင်းဆောင်ရွက်လာမှ အောင်မြင်အောင်လုပ်နိုင်မယ်ဆိုတာကို သိမြင်ပြီး သွေးဆောင်နိုင်တဲ့ သူ့အရည်အချင်းကြောင့်သာ အခုလို ထိထိရောက်‌ရောက် ပေါက်မြောက်အောင်မြင်ခဲ့တာဖြစ်တယ်။
   မိမိရဲ့ပန်းတိုင်ရောက်ရှိဖို့အတွက် အခြားသူတွေရဲ့ အကူအညီပံ့ပိုးမှုကို ရအောင် လုပ်ဆောင်နိုင်တာက ကြီးမားတဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေထဲက ကောင်းမွန်တဲ့ ကျွမ်းကျင်မှုတစ်ခုအဖြစ် ဒီ‌နေ့ခေတ် အလုပ်ဝန်းကျင်တွေမှာ လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ IBM ရဲ့ CEO ၁,၇၀၉ ယောက်နဲ့ လေ့လာထားတဲ့ သုတေသနက သုံးသပ်ဆုံးဖြတ်ထားတာက “CEO တွေက အမိန့်ပေးထိန်းချုပ်ခြင်းဆိုတဲ့ သမားရိုးကျ အလုပ်သဘာဝထဲမှာ ပွင့်လင်းမှု။ဆေးပြင်းပြင်းတစ်ခွက်၊ ရှင်းလင်းမြင်သာမှုနဲ့ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းတို့ကို ထည့်သွင်းပြီး အလုပ်ရဲ့ အငွေ့အသက်ကို ပြောင်းလဲပစ်နိုင်ခဲ့တယ်။အဲဒါတွေက သင့်အလုပ်အောင်မြင်မှုအတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ပြောင်းလဲစေနိုင်ပါတယ်။
   IBM ရဲ့လေ့လာမှုအရ CEO တွေရဲ့ သုံးပုံနှစ်ပုံက ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် ဆက်သွယ် ဆက်ဆံရေးကို “ပိုမိုရှုပ်ထွေးပြီး အချင်းချင်းချိတ်ဆက် ဆက်ဆံရတဲ့ အခြေအနေတွေမှာ အလုပ်လုပ်ရာမှာ ဝန်ထမ်းတွေ အောင်မြင်နိုင်ဖို့အတွက် အဓိကမောင်းနှင်အားတွေဖြစ်တယ်” လို့ ခံယူကြပါတယ်လို့ ဖော်ပြထားပါတယ်။
   ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ဒီလိုရှုပ်ထွေးမှုတွေက အချို့အရည်အချင်းတွေကို ပိုအရေးပါလာစေတယ်ဆိုတာ တွေ့ရှိလာရတယ်။လေ့လာမှုမှာ ပါဝင်ဖြေဆိုပေးတဲ့သူတွေရဲ့အပြောအရ လက်ရှိလုပ်ငန်းခွင်အခြေအနေမှာ ဝန်ထမ်းတွေ မန်နေဂျာတွေအနေနဲ့ မိမိသြဇာသက်ရောက်မှုမရှိတဲ့ အခြားဌာနတွေနဲ့ ဆက်သွယ်အလုပ်လုပ်ရာမှာ ပိုပြီး အကင်းပါး အထာသိပြီး ပါးပါးနပ်နပ်လုပ်တတ်ဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။ ၆၉ ရာခိုင်နှုန်းသော ဖြေဆိုသူများအားလုံးက သူတို့ရဲ့အလုပ်မှာ “ကုမ္ပဏီရဲ့ အခြားဌာနများက လူတွေနဲ့ ပူးပေါင်း အလုပ်လုပ်နိုင်ဖို့က အရေးကြီးတယ်” လို့ ခိုင်ခိုင်မာမာ အပြည့်အဝ သဘောတူကြပါတယ်။
   ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်လိုက်ရင် ထိပ်တန်းစွမ်းဆောင်ရှင်တွေက အခြားသူတွေနဲ့ အလုပ်လုပ်တွဲလုပ်ရာမှာ အချက်သုံးချက်မှာ အထူးကျွမ်းကျင် ပိုင်နိုင်ကြတာကို တွေ့ရတယ်။အဲဒါတွေက - တာဝန်ခွဲဝေပေးပြီး ပံ့ပိုးပေးခြင်း၊ အသင်းအဖွဲ့ပုံစံ အလုပ်လုပ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်တယ်။
          အင်အားကြီးချန်ပီယံ
   ကျွန်တော်တို့အများစုက ကျွန်တော်တို့ရဲ့ ပရောဂျက် နဲ့ ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်နိုင်ဖို့ အတွက် အခြားသူတွေရဲ့ ဆင်ခြင်ပိုင်းခြားဉာဏ်အရ သဘောတူညီမှုကိုရရှိမှသာ သူတို့ရဲ့ပံ့ပိုးမှုကိုရရှိနိုင်မယ်လို့ ယုံကြည်ကြပါတယ်။အလုပ်ရဲ့ အကျိုးကျေးဇူးကို အကျိုးသင့် အကြောင်းသင့် ချက်နဲ့လက်နဲ့ ရှင်းလင်းတင်ပြမယ်ဆိုရင် အခြားသူတွေက ကူညီချင်စိတ်ဖြစ်လာမှာပါ။တကယ်လို့ မေးလ်တစ်စောင်တည်းနဲ့ လူအများရဲ့ စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ဘူးဆိုရင် ကျွန်တော်တို့ တစ်စောင်ပြီးတစ်စောင် ထပ်ပို့ဖို့ လိုမှာဖြစ်ပါတယ်။တကယ်လို့ အဲဒါတောင်မှ သူတို့ “သဘောမပေါက်ဘူး” ဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်တင်ပြချင်တဲ့ အချက်အလက်တွေကို ပိုပြီးပြင်းပြင်းထိအောင် ထိုးနှက်ဖို့လိုမှာဖြစ်တယ်။ဖန်တစ်ရာတေ၊ ရိုးအီနေတဲ့ အီးမေးလ်တွေ၊ ဆလိုက်တွေ၊ စာသားတွေ၊ အစီရင်ခံစာတွေ၊ အချက်အလက်တွေနဲ့ လူတွေကို ရေမွန်းသလို မွန်းနစ်‌အောင်လုပ်ရင်း ကျွန်တော်တို့ ဟာ “များများလုပ်” ဓာတ်ပြားဟောင်းကြီးကို အလုပ်ထဲမှာ တစ်ခါထပ်ပြန်ဖွင့်နေရဦးမှာပါ။လူတွေနားညီးပြီး ထပ်လက်မခံချင်လောက်အောင် ငြီးငွေ့စရာကောင်းတဲ့ သူတို့သိပြီးကြားပြီးသားတွေနဲ့ ထပ်ခါတလဲလဲ တင်ပြတောင်းဆိုနေတာက ပညာသားပါလှတဲ့ ဆက်သွယ်ရေးနည်းလမ်းကောင်း မဟုတ်တာတော့ အသေအချာပါပဲ။
   ကျွန်တော်တို့ရဲ့ ကိစ္စတစ်မျိုးခြင်းအပေါ် စူးစိုက်လေ့လာမှုကို သုံးသပ်ကြည့်တော့ အကောင်းဆုံး စွမ်းဆောင်ရှင်တွေဟာ သူတို့ရဲ့အကျိုးအကြောင်း သင့် တင်ပြမှုတွေထက် ပိုသာတဲ့ များပြားကြွယ်ဝလှတဲ့ သေနင်္ဂဗျူဟာတွေနဲ့  သူတို့ရဲ့ ပရောဂျက်အတွက် ကူညီပံ့ပိုးထောက်ခံမယ့်သူတွေရလာအောင် ဆွဲဆောင်ကြတယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့လာရပါတယ်။အဲဒီလို အင်အားကြီးထူးချွန်တဲ့ ချန်ပီယံတွေလို့ ကျွန်တော်နာမည်ပေးထားတဲ့သူတွေက သူတို့အလုပ်ရဲ့ ပန်းတိုင်ကို ထိရောက် အောင်မြင်စွာ ပေါက်မြောက်ရောက်ရှိ‌ဖို့အတွက် ကျိုးကုတ်အားထုတ်ရာမှာ ထောက်ခံပံ့ပိုးမယ့်သူတွေရလာအောင် အရည်အချင်းနှစ်ခုမှာ လွန်စွာ ထူးချွန်ကြတာကို တွေ့ရှိခဲ့ရတယ်။
   သူတို့က အခြားသူတွေက သူတို့နောက်ကို အားကျလိုက်ပါလာအောင် အခြားသူတွေရဲ့ စိတ်ခံစားမှုကို လှုံ့ဆော်လှုပ်နှိုးနိုင်စွမ်းရှိကြပြီး သူတို့ကို ဆန့်ကျင်မယ့်သူတွေကို တွန်းလှန်ကျော်လွှားနိုင်အောင် ကြားခံ တွေထားပြီး ခုခံကာကွယ်ထားတတ်တယ်။
   ကျွန်တော်တို့ လေ့လာမှုမှာပါရှိတဲ့ အင်အားကြီးထူးချွန်ချန်ပီယံတွေက လူအများကို သူတို့နောက်ကို အားကျလိုက်ပါလာအောင် ဆွဲဆောင်တဲ့အနေနဲ့ ကျိုးကြောင်းဆီလျော်ကောင်းမွန်တဲ့ စိတ်ကူးတွေနဲ့ ပြောပြကာ အခြားသူတွေရဲ့ စိတ်ခံစားမှုကို နှိုးဆော် စည်းရုံးပြီး ပံ့ပိုးမှုရအောင် အရင်ဦးဆုံး လုပ်ဆောင်လေ့ရှိတယ်။လူတွေက သူတို့ကို သင်ဘယ်လို ခံစားမှု‌ပေးခဲ့တယ်ဆိုတာကို ဘယ်တော့မှမမေ့ဘူး လို့ မာယာအိန်ဂျလို ပြောပြခဲ့တာကို သတိတရရှိနေရမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အမြင်၊ ပန်းတိုင်၊ အစီအစဉ်တွေနဲ့ လူအများကို စိတ်လှုပ်ရှားတက်ကြွလာအောင် လှုံ့ဆော်ခြင်းဖြင့် လူအများရဲ့ ထောက်ခံပံ့ပိုးမှုကို ရရှိတယ်ဆိုတဲ့ ပညာရပ်ဆိုင်ရာ သီအိုရီတွေနဲ့ သူမရဲ့ အယူအဆတွေက ထပ်တူကျပါတယ်။
   ခေါင်းဆောင်မှု သီအိုရီတွေက မကြာခဏဇောင်း ပေးပြီး ပြောလေ့ရှိတဲ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းဟာ အခြားသူတွေရဲ့ စိတ်လှုပ်ရှားတက်ကြွမှုကို လှုံ့ဆော်ဖို့အတွက် အရေးပါတယ်ဆိုပေမယ့် တကယ်တော့ လူအများက မိမိနောက်ကို အားကျလိုက်ပါ ပံ့ပိုးစေဖို့အတွက် ချစ်ခင်နှစ်လိုဖွယ်ဖြစ်ဖို့ မလိုအပ်ပါဘူး။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်ကြတဲ့ အင်အားကြီး ထူးချွန်ချန်ပီယံတွေ လက်တွေ့ကျင့်သုံးတဲ့ စိတ်လှုပ်ရှားတက်ကြွလိုက်ပါလာစေရေး နည်းလမ်းအသွယ်သွယ်ဟာ ဘယ်သူမဆို ရာထူးကြီးငယ်မရွေး လိုက်ပါကျင့်သုံးနိုင်တဲ့ နည်းတွေဖြစ်ပါတယ်။
   အင်အားကြီး ထူးချွန်ချန်ပီယံတွေ ကျွမ်းကျင်စွာ ကျင့်သုံးတဲ့ ဒုတိယနည်းလမ်းကတော့ အခက်အခဲ မည်မျှရှိပါစေ မလျှော့သော ဇွဲလုံ့လနဲ့ သင့်တော်မယ့် နည်းလမ်းကို အဆက်မပြတ်သုံးပြီး ဆန့်ကျင်သူတွေ အင်အားလျော့လာအောင် ဉာဏ်ပါပါလုပ်ဆောင်ခြင်းပါပဲ။
   ပန်ဆယ်ဗေးနီးယား တက္ကသိုလ်က ပရော်ဖက်ဆာ အန်ဂျီလ ဒတ်ခ်ဝေါ့လို စိတ်ပညာရှင်တွေက အဲဒါကို ထင်ရှားတဲ့ အောင်မြင်သူတွေနဲ့ အခြားသူတွေကို သိသာစွာကွဲပြားစေတဲ့၊ ရေရှည်လျှောက်လှမ်းရမယ့် ပန်းတိုင်ကို အရောက်သွားနိုင်စေတဲ့ ဇွဲလုံ့လနဲ့ စိတ်ထက်သန်မှုတွေလို့ အဓိပ္ပာယ်ဖွင့်ဆို သရုပ်ဖော်ခဲ့ ကြတယ်။သူတို့ရဲ့ ပန်းတိုင်ကို ကျားကုတ်ကျားခဲ တက်လှမ်းကြတဲ့အခါ ကျွန်တော်တို့ရဲ့ လေ့လာမှုထဲမှာပါဝင်တဲ့ အင်အားကြီးချန်ပီယံတွေမှာ ပြိုင်ဖက်တွေထက် သာလွန်ဖို့အတွက် အဲလိုဇွဲနပဲအစွမ်းသတ္တိမျိုးနဲ့ ကြိုးစားအားထုတ်ကြကြောင်း တွေ့ရပါတယ်။သူတို့ဟာ သတိကြီးမြဲမြံတဲ့ ခြေလှမ်းတွေနဲ့ တစိုက်မတ်မတ် လှမ်းတက်နေရုံပဲ လုပ်ဆောင်ကြတာမျိုးပဲ လုပ်ဆောင်ကြတာမဟုတ်ဘဲ မကုန်မခမ်းနိုင်တဲ့ အားအင်တွေရော၊ ခွန်အားကြီးတဲ့ စကားလုံးတွေရောကိုပါ စုဆောင်းထားတတ်ပြီး အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်ကြတာ တွေ့ရတယ်။သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စောဒကတက်ဝေဖန်မယ့် ထောက်ကွက်တွေကို ဉာဏ်ပါပါနဲ့ အကွက်ရွှေ့ ကျော်လွှားနိုင်မယ့် တိုက်ကွက်လေးတွေကိုလည်း အသုံးချတတ်တာကိုလည်း တွေ့ရပါတယ်။
   တဲလ်ဖို့ဒ် လုပ်သလိုမျိုး သူတို့ကလည်း သူတို့ကို ဆန့်ကျင်မယ့်သူတွေရဲ့ စိတ်ကို ဖတ်နိုင်ကြပြီး အဲဒီအပေါ် မူတည်ပြီး ညှိနှိုင်းတာတို့ သိမ်းသွင်းတာတို့ လုပ်ခြင်းဖြင့် သူတို့လိုချင်သလို ပံ့ပိုးကူညီလာအောင် လုပ်နိုင်ကြတယ်။
   ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့သလို အခြားသူတွေ အားကျလိုက်ပါလာအောင်နဲ့ ဉာဏ်ပါတဲ့ ဇွဲ လုံ့လသတ္တိ အသုံးချတတ်တာဟာ မိမိရဲ့ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိဖို့အတွက် ပံ့ပိုးမှုရစေရာမှာ လွန်စွာထိရောက်တဲ့နည်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လူပေါင်း ၅,၀၀၀ နဲ့ လေ့လာခဲ့တဲ့ သုတေသနတွေ့ရှိချက်အရ အဲဒီအရည်အချင်းတွေကို လေ့ကျင့် အသုံးချတဲ့ ထိပ်တန်းအင်အားကြီးချန်ပီယံတွေရဲ့ စွမ်းဆောင်ရည်အဆင့်ဟာ မကျင့်သုံးတဲ့သူတွေထက် ရာခိုင်နှုန်း ရမှတ် ၁၅ မှတ်လောက် ပိုသာတာကို တွေ့ရတယ်။
   အီရန်တဲလ်ဖို့ဒ်က အဲဒီနယ်ပယ်နှစ်ခုစလုံးမှာ ရမှတ်မြင့်တယ်၊ သူများအားကျလာအောင် လုပ်နိုင်တဲ့ ရမှတ်က ၆.၃ (အမြင့်ဆုံး ရမှတ်က ၇ မှတ်ပါ) ဖြစ်ပြီး ဉာဏ်ပါပါ ဇွဲလုံလသတ္တိရှိခြင်း ရမှတ်က ၆.၈ ရှိပါတယ်။အင်အားကြီးချန်ပီယံအဆင့်ရမှတ် စုစုပေါင်း က လူ ၅,၀၀၀ ရဲ့ အချက်အလက်စာရင်းမှာ ရာခိုင်နှုန်း ရမှတ် အဆင့် ၉၇ မှာ ရပ်တည်နေပါတယ်။သူ့စွမ်းဆောင်ရည်ဟာ ခြွင်းချက်မရှိ လွန်စွာ ထူးချွန်တယ်ဆိုတာကို အီး‌ပေါ့ဆီ လုပ်ငန်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ကျွန်တော်တို့ရဲ့ သုတေသနမှာပါတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေထဲက သူများအားကျလိုက်ပါလာအောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ဉာဏ်ပါတဲ့ ဇွဲလုံ့လသတ္တိကို အသုံးပြုတဲ့ အရည်အချင်းမှာ တဲလ်ဖို့ဒ်လို နှစ်မျိုးစလုံး ထူးချွန်တဲ့သူတွေဟာ၊ အရည်အချင်းတစ်မျိုးတည်း ထူးချွန်သူတွေထက် လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည် အများကြီးပိုသာတာကို တွေ့ရပါတယ်။
   စိတ်ဝင်စားစရာကောင်းတာတစ်ခုက အားကြီးတဲ့ ချန်ပီယံတွေက အမျိုးသမီးတွေထက်စာရင် အမျိုး သားတွေမှာ ပိုတွေ့ရလိုပါ။ကျွန်တော်တို့ရဲ့ အချက်အလက်တွေကတော့ အဲဒါ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။ဒါပေမဲ့ ကျွန်တော်တွေးမိတာတော့ရှိပါတယ်။အဲဒီ နည်းကို အမျိုးသားတွေက ပိုပြီးထိထိရောက်‌ရောက် အသုံးချတတ်တာက သူတို့ဟာ အခြားသူတွေအပေါ်မှာ လွှမ်းမိုးချင်တဲ့ ပင်ကိုယ်စိတ်သဘာဝရှိလို့ပဲဖြစ်ပါလိမ့်မယ်။ အမျိုးသားသဘာဝအရ ဒီအလေ့အကျင့်က နှစ်ရှည်လများလုပ်ခဲ့တာမို့လို့ “လုပ်ရိုးလုပ်စဉ်” လို့ပဲ သဘောထားနေတတ်လို့ ဖြစ်ပါမယ်။ ဒါမှမဟုတ် အခြားစဉ်းစားစရာတစ်ခုရှိတာက လိင်ခွဲခြားမှုအရ အမျိုးသားတွေ ဒီအလေ့အကျင့်ကို ကျင့်သုံးရင် ချီးမွှမ်းတတ်ကြပေမယ့် အမျိုးသမီးတွေ အဲလိုလုပ်ရင်တော့ ရှုံ့ချတတ်ကြလို့ဖြစ်မယ် ထင်ပါတယ်။
   သုတေသနမှာ တွေ့ရှိတာက အမျိုးသမီးတွေမှာ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ လက်သင့်ခံလေ့ရှိကြ ပေမယ့် အင်အားကြီးချန်ပီယံအနေနဲ့ကျတော့ လက်ခံချင်စိတ်မရှိကြတာကို တွေ့ရပါတယ်။
   သုတေသနရဲ့ နောက်ထပ်တွေ့ရှိချက်ကတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသမီးတစ်ဦးက အင်အားကြီးချန်ပီယံတွေလုပ်သလို အားပါပါလုပ်ခဲ့ရင် သူမတို့ကိုဖယ်ကြဉ်ခံရဖို့နဲ့ အဲလိုမလုပ်ဖို့ တားမြစ်ခံရဖို့ အလားအလာများပါတယ်။
   အမေရိက အနောက်တောင်ပိုင်းက ဥပဒေစိုးမိုးရေး အေဂျင်စီတစ်ခုရဲ့ ပါဝင်ဖြေဆိုသူ ခုနှစ်ဆယ့်ခြောက်ယောက်ပါ အုပ်ချုပ်သူ၊ ဝန်ထမ်းဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ လေ့လာချက်တစ်ခုကို ဥပမာပြရရင်၊ “သူတို့ရဲ့ အလုပ်ပြီးဖို့အတွက် သူတို့ရဲ့ အရည်အချင်းကို ထုတ်သုံးတဲ့အနေနဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးဦးက အခြားသူတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပြင်းပြင်းထန်ထန် ဆက်ဆံ လုပ်ဆောင်တဲ့ နည်းစနစ်ကို ကျင့်သုံးခဲ့ရင်” ဒီလို မာန်ပါပါ မလုပ်တတ်တဲ့ အခြားအမျိုးသမီးဝန်ထမ်းတွေထက်စာရင် စွမ်း‌ဆောင်ရည်နိမ့်တယ်ဆိုတဲ့ ရမှတ်တွေပဲ ရတတ်တာကို တွေ့ရတယ်။အမျိုးသားဝန်ထမ်းတွေ အဲလိုပြုမူလုပ်‌ဆောင်ခဲ့မယ်ဆိုရင်တော့ ရမှတ်ကောင်းကောင်းတွေ ရတတ်တာကိုနှိုင်းယှဉ်တွေ့ရှိနိုင်ပါတယ်။ဒီတော့ အကြီးအကဲတွေက အင်အားကြီးချန်ပီယံနည်း ကျင့်သုံးတတ်တဲ့ အမျိုးသားတစ်ယောက်ကို အမှတ်ပေးရတော့မယ် ဆိုရင် “ဟား ... ထက်မြက်တဲ့ လူတော်တစ်ယောက်ပဲ” လို့ စဉ်းစားပြီး၊ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ကိုကျတော့ “တော်တော်စွာတဲ့ မိန်းမပဲ” လို့ ကောက်ချက်ချတတ်ပြီး ထိုအမျိုးသမီးရဲ့ လုပ်ရည် ကိုင်ရည်အပေါ်မှာ အထင်သေးသွားတဲ့ သဘောရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
   ကျွန်တော်တို့ရဲ့ သုတေသနက တွေ့ရှိချက်တွေက အဲဒီ “ထက်မြက်တဲ့ အင်အားကြီးချန်ပီယံ အမျိုး သမီးတွေက အင်အားကြီးချန်ပီယံ အမျိုးသားတွေလောက် မတော်ဘူး၊ မလုပ်နိုင်ဘူး” လို့ အရိုးစွဲနေတဲ့ လိင်ခွဲခြားတဲ့ သဘောထားကို သိသာထင်ရှားစွာ ဖော်ပြနေပါတယ်။တကယ့်လက်တွေ့မှာတော့ အဲလိုမျိုးအရည်အချင်းကွာခြားတာ မရှိပါဘူး။ လိင်ကွဲပြားမှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ကြားကပဲ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ လူတိုင်းဟာ အင်အားကြီးချန်ပီယံဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရရှိခဲ့ကြတယ်။
   အင်အားကြီးချန်ပီယံ နည်းဗျူဟာတွေကို ပိုအသေးစိတ် လေ့လာကြည့်လိုက်ကြရအောင်။အခြားသူတွေဆီက ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို ပံ့ပိုးပေးလာအောင် သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ဘယ်လိုခြူမလဲဆိုတာကို ပထမဆုံးလုပ်ဆောင်မှုတစ်ခုအနေနဲ့ စဉ်းစားပြီး လုပ်ကြည့်ရအောင်။
   မော်တန် တီ ဟန်ဆန် တင်ပြတဲ့ အားကြီးတဲ့ ချန်ပီယံတွေနဲ့ပတ်သက်တာတွေက စိတ်ဝင်စားစရာကောင်းလှပါတယ်။လုပ်ဆောင်မှုခြင်းနဲ့ ရလဒ်ခြင်းအတူတူ အမျိုးသားတွေက ချီးကျူးအထင်အမြင်ကောင်းတာ ခံရပြီး၊ အမျိုးသမီးကျ နှာခေါင်းရှုံ့ ခေါင်းရမ်း ချင်ကြတဲ့ အသိုင်းအဝန်းတွေက အမေရိကားလို နေရာမှာရှိနေသေးပါလားလို့ သိရ‌တော့ ဇွဲကောင်းတာ၊ စိတ်ဓာတ်ပြင်းထန်တာတွေသာ အောင်မြင်မှုအတွက် အရေးပါတာမဟုတ်၊ သူများတွေ ကိုယ့်ကို အားကျလိုလားပြီး ကိုယ့်နောက်လိုက်ပါပံ့ပိုးမှုရဖို့ကလည်း တော်တော်အရေးပါပါလားလို့ စဉ်းစားမိလာခဲ့တယ်။အဲလို့ ကိုယ့်ကို ပံ့ပိုးအားပေးလာအောင် ဘယ်လိုများ စည်းရုံးလုပ်ဆောင်ရမလဲဆိုတာ နောက်လာမယ့် ဆောင်းပါးတွေမှာ လေ့လာကြည့်ကြရအောင်ပါ။
          (ဆက်လက်ဖော်ပြပါမည်။)
   သက်ထွန်း (သျှမ်း)