【 ဆောင်းပါး 】 အပူထဲကသူတွေ ခေတ္တအေးပါစေ

【 ဆောင်းပါး 】 အပူထဲကသူတွေ ခေတ္တအေးပါစေ

အိမ်ကနေ ထွက်လာသည့်အခါတိုင်း ကားဂိတ်မရောက်ခင် လမ်းတစ်လျှောက် တောင်းစားသူများတွေ့လျှင် တတ်နိုင်သလောက် ကျနော်လှူလေ့ရှိသည်။

ထိုအကျင့်မှာ ကျနော် အစိုးရအလုပ်တစ်ခုတွင် လုပ်ခဲ့စဉ်ကတည်းကဖြစ်သည်။

ယခင်ကတော့ ရထားဖြင့် အလုပ်သွားရသည်ဖြစ်ရာ ရထားပေါ်တွင် ပုံမှန်တောင်းလေ့ရှိသည့် မြေးအဖိုးကို ထိုစဉ်က တစ်ခါထည့်လျှင် တစ်ကျပ်၊ နောက်တော့ ၅ ကျပ်၊ ၅ ကျပ်ကနေ တစ်ဆယ်၊ တစ်ဆယ်ကနေ နှစ်ဆယ်။နှစ်ဆယ်ကနေ ငါးဆယ်။ငါးဆယ်ကနေ တစ်ရာအကူးမှာ ရထားလည်းမစီးဖြစ်တော့။ယခုအချိန် လမ်းမှာကြုံတိုင်း လှူဖြစ်နေတာက တစ်ရာ၊ နှစ်ရာဖြစ်သည်။  

တစ်ရက်ကတော့ လမ်းထဲတွင် ညနေဘက် စတုဒီသာအဖြစ် ကျွေးကြသည်။ကျွေးသည်ဆိုသည်ထက် ဝေသည်ဆိုလျှင် ပိုမှန်မည်။ထမင်းတစ်ထုပ်၊ ပဲဟင်းတစ်ထုပ်၊ ဝက်သားနှင့် ငပိကျော်တစ်ထုပ် ပေါင်း အထုပ် ၄ ထုပ်ကို အိတ်ဖြင့်ပေါင်းထည့်ကာ တစ်ယောက်ကိုတစ်အိတ် ဝေပေးသည်။ဒီတော့ လာယူကြသည့်သူတွေမှာ တမျှော်တခေါ်။ထိုထဲတွင် ယခင်က ကျနော်နှင့် သိကျွမ်းခဲ့ဖူးသူတွေလည်းပါသည်။ယခင်ကဆို ဒီလိုတွေ့ပါက သူတို့မျက်နှာထားရခက်သလို ကျနော်လည်း အနေရခက်နိုင်သော်လည်း ယခုအကုန်လုံးလိုလို ငတ်နေကြတော့ မရှက်နိုင်ကြတော့။ကျနော်ကလည်း ကိုယ့်နားရောက်လာသည့် အသိတွေကို တခြားသူတွေလည်း မပေးနိုင်သဖြင့် တစ်ယောက်ကို ငါးထောင်ဖြင့် အသိလေးယောက်ကို တိုးတိုးတိတ်တိတ် ကျိတ်ပေးရသည်။ဒါတောင် ဘေးမှမြင်သူတွေက သူတို့ကိုပါ ပေးမလားဆိုပြီး ကွက်ကြည့်ကွက်ကြည့်နှင့်။ကျနော်လည်းပေးချင်သည်။သို့သော် ကိုယ်လည်း နပ်မှန်ရုံသာ။အခုက လမ်းထဲမှ ထမင်းဝေတာ လာယူသည့် အသိတွေမို့ ရှိတာထဲကနေ မျှပေးရတာဖြစ်သည်။

ညဘက်ရောက်တော့ လဘက်ရည်ဆိုင်မှာ ထိုစတုဒီသာကို ဦးဆောင်လုပ်သော လူအချို့နှင့် ထိုင်ဖြစ်သည်။ထိုသို့ထိုင်ရင်း ပြောဖြစ်သည်က ဒီလိုအလှူတွေ တစ်ပတ်ကို တစ်ရက်လောက် တတ်နိုင်သလောက်လုပ်ကြဖို့ ပြောကြသည်။အဓိကအရင်းခံမှာ မရှိသည့်လူတွေ တစ်ပတ်မှာ တစ်နပ်လောက် ဝဝလင်လင်စားစေချင်သည့် စိတ်ဖြစ်သည်။နောက်  ထမင်းနှင့်ဟင်း လာယူကြသည့်သူတွေ လမ်းထဲကခင်းထားသည့် စားပွဲမှာ တစ်ခါတည်းစားသွားကြတာတွေလည်းရှိသည်။ထို့ကြောင့် ကျွေးရသည့်သူတွေမှာ ပိုကုသိုလ်ဖြစ်သည်။ကိုယ့်အလှူက တကယ်မရှိသည့်သူတွေအတွက် ဘယ်လောက်အကျိုးရှိမှန်း ဘယ်လောက်ထိရောက်မှန်းသိတော့ ပို၍လှူချင်တန်းချင်စိတ် သဒ္ဒါစိတ်ဖြစ်ကြသည်။ထိုနေ့ညက လဘက်ရည်ဆိုင်မှာ အားလုံးပြောကြသည့် စကားတွေက နှစ်နှစ် သုံးနှစ်တာအတွင်း မတွေ့ခဲ့ရသည့် ကိုယ်ချင်းစာသည့် စကားတွေ၊ မျှဝေနားလည်ပေးကြသည့် စိတ်တွေ၊ ကူချင်ကယ်ချင်ကြသည့် မြန်မာ့စိတ်ရင်းတွေ ထင်ဟပ်နေသည်။နွေးထွေးသော မေတ္တာတွေအသီးသီးဖြင့် စားဝတ်နေရေး ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက်ကူကြဖို့။  

ထိုနေ့ညက ကျနော်တစ်ညလုံးတွေးနေမိသည်။အတွေးထဲမှာ  စားဝတ်နေရေး အခက်တွေ့နေသည့် လူတွေရဲ့အပူနှင့် တချို့လူတွေလုပ်နေကြသည့် အလုပ်တွေအကြောင်း၊ ဒုက္ခပေါင်းစုံရောက်ခဲ့သည့် ကျနော်တို့ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလတွေအကြောင်းတွေ။ပြီးတော့ ယခုဖြစ်နေသော ဒုက္ခတွေက  အပူသက်သာအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာတွေ၊ ဘယ်လိုကူကြကယ်ကြမလဲဆိုတာတွေ။ဘာမှမတတ်နိုင်သော်လည်း ဉာဏ်အားဖြင့် တွေးခြင်းဖြစ်သလို နိုင်သည်ထက် ပို၍ကူနိုင်အောင် ဘယ်လိုလုပ်မလဲဆိုသည်တွေ။တောင်းနေသူများနှင့်ပတ်သက်ပြီး မြို့ထဲသို့ အလုပ်သွား၊ အလုပ်ပြန်သည့် အသိတစ်ယောက်က ပြောဖူးသည်။တောင်းစားသည့်သူတွေ သပ်သပ်ကိုရှိနေကြောင်း ဆိုသည်။တချို့ကလည်း တကယ့်ကို မလုပ်နိုင်မကိုင်နိုင်သည့်အရွယ်တွေရောက်နေတာရှိသလို တချို့ကလည်း လုပ်နိုင်ကိုင်နိုင်သော်လည်း လုပ်ဖို့ အလုပ်အကိုင်ရှာလို့ မရနိုင်တာကြောင့် တောင်းစားရတာတွေရှိသည်။တချို့ကတော့ အရချောင်လို့ ဒီလိုပဲတောင်းစားနေတာလည်းရှိသည်။တကယ်တော့ ထိုသူတွေအားလုံးလိုလိုက ဒီလိုထောက်ပံ့ကူမပေးကမ်းခြင်းကို ပျော်လို့ယူနေကြတာ ချောင်လို့ယူနေကြတာ မရှိ။ဘယ်သူမှ လက်ဖြန့်ပြီး အောက်ကျနောက်ကျ တောင်းချင်ကြမည်တော့မဟုတ်။မရှိဘူးတော့ မဟုတ်။ရှိတော့ ရှိနိုင်သည်။သို့သော် အလွန်နည်းသည်။ထိုနည်းသည့် လူအရေအတွက်ကြောင့် တကယ့်ကူရာကယ်ရာမဲ့နေသူတွေကို ရောထွေးထင်မြင်လျှင် တကယ်ဒုက္ခရောက်နေသူတွေ ပို၍ဘဝပျက်ဖွယ်ရှိသည်။

အရပ်ထဲ ခင်မင်သူတစ်ဦးကတော့ တောင်းစားသူတွေကို တစ်ရာနှစ်ရာပေးနေခြင်းကို တားလေ့ရှိသည်။သူပြောတာက ခင်ဗျားပေးတာလောက်နဲ့ သူတို့ဘဝ ဘာမှမပြောင်းလဲဘူး။သူတို့အလုပ်လုပ်စားချင်တဲ့စိတ် ပျက်သွားမှ ခက်မယ်ဟု ဆိုသည်။သူပြောတာလည်း မမှား။ဖေ့စ်ဘုတ်ကိုကြည့်လျှင် စာသွားသင်သည့်အိမ်မှ ကျောင်းသားမိဘတွေပြောတာကို နားထောင်လျှင် ထိုသို့သောအဖြစ်တွေကို သိရသည်။ကားတစ်စီးဖြင့် အမယ်အိုကြီးတွေ၊ လသားအရွယ် ကလေးငယ်တွေ၊ ဒီလိုလူတွေ သနားလောက်သည့်လူတွေကို လမ်းဆုံလမ်းခွ လူစည်သည့်နေရာတွေမှာ လိုက်ချကာ စီးပွားဖြစ် တောင်းစားကြသည့်သူတွေလည်းရှိကြောင်း ဆိုသည်။သို့သော် ဒါတွေက တကယ်ဒုက္ခတွေ့နေသည့်သူတွေထဲက အနည်းငယ်သာ ဒီလိုတောင်းစားသည့်လမ်းကြောင်းကို လိုက်ကြတာဖြစ်သည်။

ကျနော်ကတော့ အများကြီးလည်း တစ်လုံးတစ်ခဲတည်း မလှူနိုင်။ဒီတော့ နိုင်သလောက်လှူသည်။လှူသည့်နေရာမှာ ကားပေါ်မှာ ထိုင်ခုံနေရာရနေပါက ကိုယ်ထက်အသက်ကြီးသူတွေ၊ မကျန်းမာသူတွေ သားသည်အမေတွေကို နေရာပေးသလိုမျိုးအထိ။ဒီလိုနိုင်သလောက် အကူအညီဆိုသည့် နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်းမျိုးတွေ။ကိုဗစ်အစ တစ်နှစ်တာ၊ ဒယ်လ်တာနှင့် ဒီဘက်နိုင်ငံရေးမတည်ငြိမ်သည့် နှစ်နှစ်ကျော်ပေါင်းကာ လေးနှစ်အတွင်း ပြိုလဲကုန်သည့် ပြိုလဲတော့မည် မိတ်ဆွေသင်္ဂဟများ၏ ဘဝတွေကို အတတ်နိုင်ဆုံး ထောက်ကူမှရတော့မည် အခြေအနေကို ယခုရောက်နေပြီဖြစ်သည်။

သစ်ပင်များစွာရှိသည့် တောအုပ်ပင်လျှင် တစ်ပင်တည်း ကျန်ရှိပါက သဘာဝဘေးမဆိုနှင့် သာမန်လေတိုက်သည်နှင့် လဲပြိုသည့် သဘောရှိသည်။သို့သော် တောအုပ်သဖွယ် အပင်များစွာ ယှက်နွယ်နေပါက လေဘေးရေဘေး သဘာဝဘေးမှန်သမျှကို စုစည်းအားဖြင့် ခုခံနိုင်သလို အထိအခိုက်နည်းပါးအောင်လည်း စွမ်းဆောင်နိုင်သည်။မိတ်ဆွေ မိသားစုဆွေမျိုးဆိုသည်က တောအုပ်လိုပင်ဖြစ်သည်။သစ်တစ်ပင်ခြင်း မပြိုလဲအောင် ထူမတ်ကြခြင်းဖြင့် တောအုပ်သဖွယ် ပြန်ဖြစ်လာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

ယခု လူတိုင်းအပူပေါင်းစုံဖြင့် ပူရပန်ရဖြင့်။ယခင် ကိုဗစ်အစကလို တတ်နိုင်သူတွေက ကူကြကယ်ကြလျှင် လာနိုင်သည့် ကပ်တွေကို အတူရင်ဆိုင်ကာ ဖြတ်ကျော်နိုင်ကြမည်ဖြစ်လေသည်။

တကယ်က နိုင်သလောက်ကူကြခြင်းဖြင့်ပင် အပူထဲကလာသူတွေကို ခေတ္တမျှအေးစေနိုင်သည်။ထိုသည်ကို စတုဒီသာကျွေးသည့်နေ့မှာ ကျနော်မြင်ခဲ့ရလေသည်။

မောင်ဦးလွင်