【 ဆောင်းပါး 】 အပူ၏ အပိုင်းအစများ

【 ဆောင်းပါး 】 အပူ၏ အပိုင်းအစများ

ကျနော့်ပတ်ဝန်းကျင်တွင် ကျနော်သိသော အရာ၀တ္တုအတော်များများရှိသည်။သို့သော် ကျနော်မသိသော အရာများလည်းရှိသည်။ထိုထဲ အသံတွေပါသည်။မမြင်ရသော ခံစားမှုတွေပါသည်။အမည်တပ်ရခက်သည့် အရောင်များလည်း ပါလေသည်။အချို့သောနေ့များတွင် ရှာမရသော ငိုသံများကို ကြားရတတ်သည်။တချို့ရက်များတွင် အံကြိတ်သံများ။တချို့ရက်များတွင်တော့ နေမထိထိုင်မသာဖြစ်စေသည့် ကြေကွဲမှုများ၊ တချို့သောရက်များတွင် လေထဲပျံလွင့်လာသည့် ခံပြင်းမှုများ။ထိုအရာများ ဘယ်နေရာကနေ ထွက်လာသည်ကို ကျနော်မသိ။သို့သော် ရှိသည်ကတော့ သေချာသည်။ထိုသည်က အပူပင်ဖြစ်သည်။

                                                          (၁)

ညက ကျနော် အိမ်ပြန်မအိပ်။ကျနော် တစ်ညလုံး မည်သည်နေရာမှာရှိသလဲဆိုတာကို ကျနော်မသိ။သေချာသည်က ကမ္ဘာပေါ်က တစ်နေရာရာမှာ ကျနော်ရှိနေခဲ့သည်။ကျနော်ဘေးတွင် မြင်ခင်းရှိသည်။ကျနော့်မျက်နှာတည့်တည့်တွင် မိုးကောင်းကင်ရှိသည်။ထိုထက်ပိုပါက အဆုံးမရှိသော ဟင်းလင်းပြင်တစ်ခု။ခပ်လှမ်းလှမ်းတွင် အနာဂတ်မှာ ဟောင်းနွမ်းစုတ်ပြတ်သွားမည့် အကောင်းစားကားတစ်စီး၊ ထိုကားပေါ် မအိုမင်းသေးသည့် ငယ်ရွယ်သော အမျိုးသမီးတစ်ဦးနှင့် သေဆုံးချိန်မကျရောက်သေးသည့် အသက်ခပ်ရွယ်ရွယ် လူတစ်ယောက်။ မြင်ခင်းပေါ်က ကျနော်နှင့် ကားပေါ်က ထိုနှစ်ယောက်။ အထိုင်တစ်ခုပေါ် မှီတည်ကာ အတွေးများ စိတ်ကူးများ ထပ်တူမကျသည်ကို ကျနော်တွေးနေမိသည်။ကျနော်တွေးမှုတွင် ပျောက်ဆုံးသွားမည့် တွေးတောစိတ်ကူးယဉ်မှုလည်းပါသည်။အားထုတ်စရာမလိုသည့် အိပ်မက်လည်း မရှိ။ဒီအတိုင်းချထားရုံနှင့် ပြည့်၀လို့ရသည့် မျှော်လင့်မှုတွေလည်းရှိသည်။ထိုသည်က ဆုံးရှုံးစရာမရှိသည့် အထိုင်တစ်ခုကြောင့်ပင်ဖြစ်သည်။

                                                          (၂)

လမ်းပေါ်မှာ လူတွေ။တစ်ခုခုကို မှီရန် ခပ်သုတ်သုတ်နှင့်။ခပ်လှမ်းလှမ်းတွင် စောင့်ကြည့်နေသူများ။ The Pianist ဇာတ်ကားထဲက စန္ဒယားဆရာလေး စပီးလ်မန်းနှင့် ဂျာမန်အရာရှိ ဟိုးစင်ဖောင်ကို သတိရမိသည်။အစောပိုင်းမှာ ကြောက်ကြောက်လန့်လန့်။သေဘေးနှင့် အငတ်ဘေး။ထိုသည်မှ ကျော်သွားသည့်အခါ စိတ်ပါလက်ပါ။သို့သော် လွတ်မြောက်မှု ..။

ကျနော်တို့ ဖြတ်သန်းရသည် အချိန်ကာလများသည် အခြောက်ခြောက်အခြားခြား။အခြားတစ်ဖက်အခြမ်းတွင် ကျေနပ်စွာရယ်မောသံများ၊ အောင်ပွဲခံမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ ဘ၀များကို နင်းချေပြီးမှ ရလာသည့် ပီတိများ။ဒီဘက်ခြမ်းတွင် ငိုသံများ၊ ကြေကွဲသံများ၊ နာကျင်မှုများ။

မနက်ဖြန်များကို မြင်ခင်းပြင်မှ ကြည့်သည့်အခါ ကြီးကြယ်မြင့်မြတ်နေပြီး ကောင်းကင်မှကြည့်သည့်အခါ ဘာမှမထူးဆန်းစွာ သေးနုတ်နေသည်ကို သိမြင်ရမည်ဖြစ်သည်။မနက်ဖြန်ဆိုသည်မှာ ဘယ်နေရာကနေ ကြည့်လဲဆိုသည့် အချက်တစ်ခုနှင့်ပင် အများကြီးပြောင်းလဲနေသည်။သို့သော် မြေပြင်မှကြည့်သည့် မနက်ဖြန်သည် အပူ၏ အပိုင်းအစတွေကို အတိုင်းသားမြင်ရမည်ဖြစ်ပြီး ကောင်းကင်မှကြည့်သည့် မနက်ဖြန်သည် စိမ်းစိုပြာလဲ့နေမည်မှာ အမှန်ဖြစ်သည်။

                                                          (၃)

မနက်စောစော ကျနော်နိုးသည့်အခါ ဆန်အလှူခံသည် မယ်သီလရှင်လေးများက လမ်းတစ်ဝက်ကို ရောက်နေပြီဖြစ်သည်။အမေသည် သီလရှင်များကို ဆန်တစ်ဇွန်းဆီ လောင်းပြီး အိမ်သို့ ဆွမ်းခံကြွသည့် ဘုန်းကြီးကို ဆွမ်းလောင်းရန် ဟင်းမှီအောင် ချက်နေသည်။မနက်တိုင်း ပရိတ်တရားခွေ ပုံမှန်ဖွင့်သည့် အိမ်ရှေ့မှ လူက သူ့အိမ်ရှေ့မှာ ရပ်ထားသည့် ကားတစ်စီးကြောင့် ဒေါသထွက်နေသည်။

ကျနော် အခန်းပြတင်းပေါက်၀မှ ကြည့်သည့်အခါ အသုတ်ဆိုင်ကို တန်းတွေ့ရသည်။အသုတ်သည်မှာ နောက်ဆုံးလက်ကျန် မုန့်ဟင်းခါးရည်ထဲ  ရေနွေးရောကာ အချိုမှုန့်ခတ်နေသည်။အသုတ်စားရန် စောင့်နေသူက ဖုန်းထဲက ဘာတွေကိုကြည့်နေသည်မသိ။ခပ်လှမ်းလှမ်းတွင် ကားနှစ်စီးဝင်လာသည်။အားလုံးခေတ္တ တုန့်ဆိုင်းသွားသည်။နောက် မူလအတိုင်း ပြန်လည် လည်ပတ်လှုပ်ရှားလာသည်။

လူအချို့ ခပ်သုတ်သုတ်။ဆိုင်အချို့ပိတ်သည်။မုန့်ဟင်းခါးအရည် မရှိတော့သဖြင့် စားမည့်သူ ထပြန်သွားသည်။ဖုန်းကြည့်နေသူအချို့၏ ဖုန်းမှာ ရုတ်ချည်းမရှိတော့။ရယ်မောသံများက အသက်မပါ။စကားအချို့ ပြတ်တောင်း ပြတ်တောင်းနှင့်။အပြာရောင် ဒေးဗစ်ကြယ်လက်ပတ် ဝတ်ဆင်ထားသည့် စန္ဒယားဆရာလေး စပီးလ်မန်း ဝါဆောလ်မြို့လမ်းများတွင် လျှောက်နေသည့် ဇာတ်ဝင်ခန်း။    

စန္ဒရားသံများ၊ အပူစများ၊ သက်ပြင်းများနှင့် အရောင်များအချို့ အမြင်အာရုံတွင် ဖြတ်ပြေးသွားသည်။မနက်ခင်းသည် အရာရာကို ပြန်လည်နေရာကျရန် မနည်းအားထုတ်နေရသည်ကို တွေ့ရသည်။ထိုသည်က ၁၉၃၉ မဟုတ်။ ၂၀၂၃ ဖြစ်သည်။

                                                          (၄)

ခပ်ဝေးဝေးကို ကြည့်သည့်အခါ တချို့က နေအပူကြောင့် လှိုင်းထနေသည်ကို မြင်ရကြောင်း ဆိုသည်။ထိုအရာကို မြန်မာစာအဘိဓာန်တွင် တံလျပ်ဟု ခေါ်သည်။နေ့ဘက်တွင် အပူချိန်သည် ၃၅ ဒီဂရီကျော်။အပူတွေက ညဘက် အိပ်ယာပေါ်ထိ ချည်းနင်းဝင်ရောက်လာသည်။လမ်းများကို ကြည့်သည့်အခါ အနီရောင်တွေ လှိုင်းထနေသည်။ညအပူချိန်သည့် ၃၀ ဒီဂရီအောက်။ပျော်ချင်ယောင်ဆောင်ထားသည့်သူတွေ သွားလာမှုကြောင့် ရုတ်ချည်းဆောင့်တက်သွားသော ညအပူချိန်သည့် တချို့နေရာများတွင် ဒီဂရီ ၁၀၀။    

ဒီနှစ် နွေရာသီ အယ်နီညို ဝင်မည်ဟု တချို့ဆိုကြသည်။

မှတ်တိုင်ခုံပေါ်မှာ အိပ်နေသောသူတစ်ယောက်ရှိသည်။သူ့ဘေးတွင် ခွေးတစ်ကောင်။ထိုဘေးတွင် မျှော်လင့်ချက်မဲ့နေသော ပုလင်းလွတ်တစ်လုံး။ထိုသည်က ကျနော်တို့ခေတ်၏ အပိုင်းအစများပင်ဖြစ်သည်။

လင်းနိုင်ကျော်စိုး