【 ဆောင်းပါး 】 အဖွဲ့မှာ ထက်မြက်တဲ့ ပန်းတိုင်ရှိပါစေ

【 ဆောင်းပါး 】 အဖွဲ့မှာ ထက်မြက်တဲ့ ပန်းတိုင်ရှိပါစေ

အသင်းအဖွဲ့အလိုက် အလုပ် လုပ်ကြတဲ့အခါ စွမ်းဆောင်ရည်မြင့်မားတဲ့ အဖွဲ့ဖြစ်လာစေဖို့၊ မိမိကိုယ်တိုင်လည်း စွမ်းဆောင်ရည်ကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာစေဖို့ မော်တန် တီ ဟန်ဆန်ရဲ့ ဝန်ထမ်းနဲ့ မန်နေဂျာပေါင်း ၅,၀၀၀ နဲ့ အချိန် ၅ နှစ်ကြာ ပြုစုခဲ့တဲ့ သုတေသနက အဖိုးတန်တဲ့ ရလဒ်တွေကို မျှဝေခဲ့ရာမှာ အစည်းအဝေးရဲ့ အသက်က ဘာလဲ၊ ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးမယ့် အစည်းအဝေးတွေကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ ဆက်လက်လေ့လာကြည့်လိုက်ပါဦး။

          အဖွဲ့မှာ ထက်မြက်တဲ့ ပန်းတိုင်ရှိပါစေ

အဖွဲ့အများစုအတွက် ကိုယ်ပိုင် ပန်းတိုင်နဲ့ စည်းဝေးငြင်းခုန်ပြီး ရလိုက်တဲ့ ပန်းတိုင်တွေက အကျိုးများလှပါတယ်၊ ဘာလို့လဲဆိုတော့ အဖွဲ့တွေမှာ တူညီတဲ့ ပန်းတိုင်ကိုသွားဖို့ တွန်းအားမရှိဘဲ ဖြစ်တတ်ကြလို့ပါ။အဖွဲ့ဝင်တွေက သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒနောက်ကို လိုက်သွားတတ်လို့ ခဏလေးအတွင်းမှာပဲ အသင်းအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားသွားတတ်ပါတယ်။အသင်းအဖွဲ့တစ်ခု စည်းလုံးညီညွတ်နေစေဖို့အတွက် အဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချွန်မြနေအောင် စည်းရုံးထားရပါမယ်။

ကျော်ကြားတဲ့ တောင်တက်သမားနဲ့ ရုပ်ရှင်ဖန်တီးရှင်ဖြစ်တဲ့ ဒေးဗစ်ဘရင်းရှီးယားနဲ့ အင်ဆိ ပရော်ဖက် ဆာလူဒိုဗန်ဒါဟေဒန်တို့နဲ့ အတူရေးခဲ့တဲ့ စီးပွားရေးကျောင်းကိစ္စတုန်းက ကျွန်တော်တို့က ဒေးဗစ်က ၁၉၉၆ ခုနှစ် မေလမှာ အဖွဲ့ကို ဧဝရက်တောင်ပေါ်ကို IMAX ကင်မရာလေးတစ်လုံးနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ဘယ်လိုဦးဆောင်ခေါ်ယူသွားသလဲဆိုတာကို သရုပ်ဖော် ရေးခဲ့ပါတယ်။အဖွဲ့ဝင်သုံးယောက်ဟာ တောင်ပေါ်ကိုတက်ဖို့ ပထမဦးဆုံးအကြိမ် ကြိုးစားကြသူတွေဖြစ်တယ်။ဒီအခြေအနေမှာရှိတဲ့ ဘယ်တောင်တက်သမားမဆို ထိပ်ဆုံးကို တက်နိုင်ချင်ကြတယ်၊ ဒါက အတ္တဆန်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုသာဖြစ်ပြီး အဖွဲ့ရဲ့ ရည်မှန်းချက်တစ်ခု မဟုတ်ပါဘူး။

IMAX အဖွဲ့မှာတော့  အဖွဲ့ဝင်တွေအားလုံး တညီတညွတ်တည်း မဖြစ်မနေ အောင်မြင်အောင်သွားဖို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် သေသေချာချာရှိပါတယ်။အဲဒါက သူတို့ “ဝက်ကြီး” လို့ ချစ်စနိုးခေါ်ကြတဲ့ ပေါင်ကိုးဆယ်လေးတဲ့ ကင်မရာကြီးကို တောင်ထိပ်ရောက်အောင် သယ်သွားဖို့နဲ့ တောင်ထိပ်ကနေရိုက်ဖို့ဖြစ်တယ်။ဧဝရက်တောင်လို တောင်တက်ခရီးမှာ တစ်အောင်စဆိုရင် ဆိုသလောက် သိသာတယ်ဆိုတာ သတိထားမိမှာပေါ့နော်။တောင်တက်သမားတွေက လေထုပါးလို့ ခြေကုန်လက်ပန်းကျ ပင်ပန်းတဲ့ခရီးမို့ သွားပွတ်တံကိုတောင် တစ်ဝက်ဖြတ်ပြီး သယ်ရမယ့် အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချကြတယ်။

ဆိုတော့ “ဝက်ကြီး” ကို တောင်ထိပ်ရောက်အောင် သယ်ရတဲ့ကိစ္စက ပေါ့သေးသေးမဟုတ်ဘူးလို့ ဆိုရပါမယ်။ဝက်ကြီးကို တောင်ထိပ်ရောက်အောင် သယ်သွားရေးဆိုတဲ့ အဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က အလုံးစုံဆုံးဖြတ်ချက်ဖြစ်ပြီး အဖွဲ့ကို စည်းလုံးညီညွတ်စေတယ်။တစ်ဦးချင်းရဲ့ ရည်ရွယ်ချက် ပန်းတိုင်ဖြစ်တဲ့ ထိပ်ဆုံးရောက်ရေးဆိုတာက ဒုတိယဦးစားပေးဖြစ်သွားပြီ။လူတိုင်း ပုခုံးပေါ်က ဝက်ကြီး။

ဥပမာတစ်ခုပြောပြရရင် ဘရင်းရှီးယားက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂျပန်တောင်တက်သမား ဆူမီယိုကို တောင်ထိပ်ဆုံးကို တက်တဲ့နေ့ကြ နောက်မှာချန်နေရစ်ဖို့ မှာထားတယ်၊ ဘာလို့လဲဆိုတော့ သူမတောင်တက်တာက ကျန်တဲ့သူတွေနဲ့စာရင် နည်းနည်းနှေးလို့ပါ။သူမက ဇွဲကောင်းပြီး သန်မာတဲ့ တောင်တက်သမားဖြစ်နေတဲ့တိုင်အောင် သူမကြောင့် အဖွဲ့တွေပါ လိုက်နှေးကုန်တာ အဖြစ်မခံနိုင်လို့ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အဖွဲ့က အောင်မြင်သွားပါတယ်။အဖွဲ့သူ၊ အဖွဲ့သားတွေ သူတို့ရဲ့ရုပ်ရှင်ကို ဧဝရက်တောင်ထိပ်မှာ ရိုက်နိုင်ခဲ့ပါပြီ။သူတို့ ကိုယ့်အပိုင်းကိုယ် တာဝန်ကျေပွန် အောင်မြင်ခဲ့ပါပြီ၊ ဒါက သူတို့မှာ တိကျချွန်မြတဲ့ အချိတ်အဆက်မိတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိခဲ့လို့ပါပဲ။သင့်အဖွဲ့အတွက် ဘယ်လိုတိကျချွန်မြတဲ့ ရည်မှန်းချက် ပန်းတိုင် ချမှတ်ပေးမလဲဆိုတာ စဉ်းစားကြည့်ပါ။ပြီးရင် အဲဒါကို အဖွဲ့ဝင်အားလုံးတိုင်းအတွက် အရေးအကြီးဆုံး ဦးစားပေးအဖြစ် သတ်မှတ်ပါ။အဲလိုလုပ်ခြင်းအားဖြင့် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အတ္တဆန်တဲ့ အစီအစဉ်တွေကို ဒုတိယဦးစားပေးလုပ်ဆောင်ပြီး၊ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကတိကဝတ်ပေး လိုက်နာဆောင် ရွက်ကြပါလိမ့်မယ်။

သင်က တိုက်ခိုက်ပြီးတော့ စည်းရုံးတဲ့သူလား၊
သင့်အမြင်နဲ့ပတ်သက်ပြီး အားနဲ့မာန်နဲ့ ငြင်းခုန်လေ့ရှိသလား၊ အခုထိ အငြင်းသန်တဲ့လူသာ အနိုင်ရစတမ်း ဖြစ်နေတုန်းပဲလား။သင်က တိုက်ခိုက်နေတာကို ဘေးချိတ်လိုက်ပြီး အငြင်းပွားနေတဲ့ မူရင်းကိစ္စကိုပဲ အာရုံစိုက်ကာ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို ပံ့ပိုးဖို့ စည်းစည်းလုံးလုံး လုပ်ကိုင်သလား။သင့်အဖွဲ့ကို ခေါင်းဆောင်တဲ့အခါ အခြားသူတွေကို အားကြိုးမာန်တက် ပါဝင်ငြင်းခုန်ခွင့်ပြုထားပြီးမှ စည်းလုံးညီညွတ်မှုကို တည်ဆောက်သလား။သင့်ရဲ့ တိုက်ခိုက်ပြီး စည်းရုံးတဲ့ အရည်အချင်း ဘယ်အဆင့်မှာရှိလဲဆိုတာကို စစ်ဆေးချင်တယ်ဆိုရင် နောက်လာမယ့် စာမျက်နှာမှာပါတဲ့ စစ်ဆေးလွှာကို ဖြေကြည့်ရမှာဖြစ်ပါတယ်။တကယ်လို့ သင်က ပါဝင်ဖြေဆိုသူဆိုရင် ဇယားပေါ်မှာပါတဲ့ သင့်အဆင့်က ဘယ်လိုအပြုအမူမျိုး အဖွဲ့အတွက် သင်ယူဆောင်လာသလဲဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။

ဥပမာ - တကယ်လို့ သင်က ”အဖွဲ့လိုက်အတွေး” နေရာမှာ ရောက်နေတယ်ဆိုရင် သင်က စည်းလုံးရေးကို ပိုအားထုတ်မှာဖြစ်ပြီး၊ ငြင်းခုန်ဖို့ အခြားသူတွေကို စိန်ခေါ်မှာ မဟုတ်ဘူး။သင်က တစ်လျှောက်လုံး အခြားသူတွေနဲ့ တည့်အောင် ပေါင်းမှာပဲဖြစ်တယ်။

တကယ်လို့ သင်က “အာဏာဖီဆန်ရေး” နေရာမှာ ရပ်တည်နေမယ် ဆိုရင်တော့ သင်က ဘယ်တော့မှ စိတ်မကျေနပ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ပြီး ပြဿနာရဲ့ အဖြေကို ဘယ်တော့မှရှာတွေ့မှာမဟုတ်တဲ့သူဖြစ်သလို သူများရဲ့တွေ့ရှိချက်အပေါ်မှာလည်း ဘယ်တော့မှ ထောက်ခံပံ့ပိုးပေးမယ့်သူ မဟုတ်ပါ။

တကယ်လို့ သင်က အဖွဲ့ခေါင်းဆောင်ဖြစ်မယ်ဆိုရင် သင့်အဖွဲ့ဝင်တွေက ဘယ်လိုအပြုအမူမျိုးကို နာယူကျင့်သုံးမယ်ဆိုတာကို ဇယားရှိ သင့်အဆင့်က ညွှန်ပြနေပေလိမ့်မယ်။တကယ်လို့ သင်က “တိုက်ခိုက်ပြီး အောက်ခြေကနှဲ့” တဲ့ နေရာမှာ ရောက်နေမယ်ဆိုရင် သင့်အဖွဲ့က ငြင်းခုန်ရာမှာ ထူးချွန်သူတွေ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမှာ အဖွဲ့ကို စည်းရုံးဖို့ သင်အခက်တွေ့နေလိမ့်မယ်။အဲဒီအခြေအနေကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့မှာ အခက်ကြုံနေရတတ်တယ်။တကယ်လို့ သင်က အဖွဲ့လိုက် အတွေးအုပ်စုထဲမှာ ပါမယ်ဆိုရင် အဓိကကို ရွေးလုပ်ပါ၊ သင့်အဖွဲ့တွေက သိပ်ကောင်းတဲ့ဝန်းကျင်ကို ဆောင်ယူနိုင်ကြ (လူတိုင်းက တစ်လျှောက်လုံး သူများနဲ့တည့်အောင် ပေါင်းကြမယ်) ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အပြည့်အဝစိန်ခေါ်စေပြီး အကောင်းဆုံး ဆုံးဖြတ်ချက် ဖော်ထုတ်တာကိုတော့ သင်လုပ်နိုင်မှာမဟုတ်ဘူး။

ပိုတိုးတက်မှုရှိရန်အတွက် ဇယားအတွင်းက သင့်အဆင့်နေရာကို မှတ်သားထားလိုက်ပါ။ထို့နောက် ဒီသင်ခန်းစာမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ နည်းဗျူဟာတွေကို  ရွေးချယ်ပြီး ကိုယ့်ကိုယ်ကိုယ် “တိုက်ခိုက်ပြီး စည်းရုံးခြင်း” ထောင့်သို့ ရှေ့ရှုတိုးတက်သွားအောင် လုပ်ဆောင်ပါ။အဖွဲ့တွင်းမှာ ပိုကောင်းတဲ့ တိုက်ခိုက်သူနဲ့ စည်းရုံးသူဖြစ်လာခြင်းက သင့်ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်လာစေပါလိမ့်မယ်။သင့်အဖွဲ့က ပို ကောင်းအောင် လုပ်ဆောင်လာနိုင်တာနဲ့အမျှ သင့်ဆီကိုလည်း ရလဒ်ကောင်းတွေ ရောင်ပြန်ဟပ်လာပါလိမ့်မယ်။

တိုက်ခိုက်ပြီး စည်းရုံးခြင်းနည်းက ထူးခြားတဲ့ ပညာဉာဏ်နဲ့ အဖွဲ့ရဲ့ အင်အားကို ကြိုးကိုင်နိုင်စေပါလိမ့်မယ်။ဒါပေမဲ့ အဖွဲ့အစည်းကောင်းတစ်ခုကလည်း ထောင်ချောက်ထဲ ပိတ်မိနိုင်တယ်ဆိုတာကိုတော့ တစ်ခုသတိထားရမှာဖြစ်ပါတယ်။အဖွဲ့ဝင်တွေဟာ စည်းလုံးညီညွတ်စွာ အလုပ် လုပ်ရာမှာ သိပ်ထူးချွန်လာတဲ့အတွက် ဒီလောကကြီးမှာ အခြားဘယ်သူ့ကိုမှ အလေးထား ဂရုစိုက်စရာမလိုဘဲ ရပ်တည်လာနိုင်မှာပါ။အဲဒါကြောင့်လည်း သူတို့ဟာ ထူးချွန်တဲ့ အလုပ်တိုင်းဟာ တစ်ဖွဲ့ကောင်း တစ်ကိုယ်တော် တစ်သီးတစ်သန့်ရပ်တည်နေရမှာမဟုတ်ဘဲ အဖွဲ့တိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို မေ့လျော့လာတတ်ကြပါတယ်၊

နောက်လာမယ့် ဆောင်းပါးတွေမှာ ကိုယ့်စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အခြားအစုအဖွဲ့တွေနဲ့ သူ့စည်း ကိုယ့်စည်း ထိခိုက်မှုမရှိဘဲ ထိရောက်အောင်မြင်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။

မော်တန် တီ ဟန်ဆန်က သူ့ ထုံးစံအတိုင်း ကဏ္ဍတစ်ခုပြီးသွားတိုင်း အနှစ်ချုပ် ကောက်နုတ်ချက်လေးတွေ ပြန်ရေးပေးတတ်ပါတယ်။အရင်ရှေးရိုးနည်း “အလုပ်ကြိုးစားလုပ်” (Work Hard) ဆိုတဲ့ သဘောထားနဲ့ သူ အခုတင်ပြနေတဲ့ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” (Work Smart) သဘောထား (Concept) တွေကိုလည်း နှိုင်းယှဉ်ပြထားပေးတတ်ပါတယ်။အောက်မှာ ဆက်ဖတ်ကြည့်ပါ။

          အဓိက သိထားရမည့် အချက်များ
          တိုက်ခိုက်ခြင်းနှင့် စည်းလုံးခြင်း
          “အလုပ်ကြိုးစားလုပ်” ရှေးရိုးသဘောထား

(အဖွဲ့ရဲ့ စွမ်းဆောင်ရည်နှင့် သင်ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်) ကို အစွမ်းကုန်ဖြစ်စေဖို့ အကောင်းဆုံးနဲ့ စွမ်းရည်အမြင့်ဆုံး ပါဝင်ကြရန် တောင်းဆိုတယ်။ထို့နောက် အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုကို အစွမ်းကုန်ဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ထားပြီး အစည်းအဝေးများစွာကို အချိန်ဇယားဆွဲ ကျင်းပတယ်။တကယ်လို့ အစည်းအဝေးက ရည်ရွယ်ချက်အတိုင်း အလုပ်ဖြစ်မလာဘူးဆိုရင် အချိန်ဇယားအစီအစဉ် ထပ်ဆွဲပြီး ထပ်ခါထပ်ကာ လုပ်ဆောင်တယ်။

“ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” အမြင်သစ် စွမ်းဆောင်ရည်ကို အမြင့်ဆုံးမြှင့်တင်ရန်၊ အဖွဲ့ရဲ့ ငြင်းခုန်မှုနှင့် ညီညွတ်မှုကို မြှင့်တင်ရန်။” ၊ အဖွဲ့ဝင်တစ်ဦးချင်းရဲ့ ပင်ကိုယ်အစွမ်းအစအပေါ် အခြေခံပြီး မတူကွဲပြားမှုကို ဦးစားပေးကာ အဖွဲ့အတွင်း “ကောင်းစွာ တိုက်ခိုက်ကြစေရန်။တိုက်ခိုက်ခြင်းနဲ့ စည်းရုံးခြင်းကို ကောင်းစွာဆောင်ရွက်နိုင်ပါက ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေ လုပ်စရာ မလိုတော့ပါ၊ အဘယ့်ကြောင့်ဆိုသော် သင့်အဖွဲ့ဝင်တွေက အစကတည်းက ကောင်းစွာဆွေးနွေးပြီးကြလို့ဖြစ်ပါတယ်။သင် ထက်ထက်မြက်မြက် ဉာဏ်ပါပါ လုပ်ဆောင်နိုင်ပါပြီ။

          အဓိက အချက်များ

•    ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ လူအားလုံး ၈၀ ရာခိုင်နှုန်းက “ကျွန်တော့်ရဲ့ တာဝန်ထဲမှာ အဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်နိုင်ဖို့က တကယ့်အရေးကြီးတဲ့ အချက်ဖြစ်တယ်” ဆိုတာကို ကောင်းကောင်းနားလည် လက်ခံကြတယ်။သင်က ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အောင်မြင်မှုက တစ်ဦးတည်းအတွက် မဟုတ်ပါဘူး၊ တစ်ဖွဲ့လုံးအတွက်ဖြစ်ပါတယ်။

•    အဖွဲ့ရဲ့ အတူတကွ အလုပ်လုပ်ခြင်းဟာ အုပ်စုလိုက် အစည်းအဝေးတွေမှာ အများဆုံးဖြစ်ပွားပါတယ်။ဒါကြောင့် သင့်အဖွဲ့ရဲ့ ထိရောက်မှုနဲ့ သင့်ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ဟာ အဲဒီအုပ်စုလိုက် အစည်းအဝေးတွေရဲ့ အရည်အသွေးနဲ့ ချိတ်ဆက် ဆက်စပ်လျက်ရှိပါတယ်။

•    ဒါကြောင့်မို့လို့ လေ့လာမှုတစ်ခုမှာ ပါဝင်တဲ့ ၆၉ ရာခိုင်နှုန်းသော လူများစုက သူတို့ရဲ့ အစည်းအဝေးတွေက အကျိုးမရှိဘူးလို့ ညည်းတွားကြပါတယ်။

•    ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ လူများစုဟာ အဖွဲ့လိုက်အစည်းအဝေးတွေမှာရှိတဲ့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို ရုန်းကန်ကျော်လွှားကြရတယ်။အချို့ကတော့ အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေကို စေ့စေ့စပ်စပ် သုံးသပ်ဝေဖန်ကြ၊ အားကြိုးမာန်တက် ငြင်းခုန် “တိုက်ခိုက်” ကြတာတွေကို မကြုံလိုက်ကြရဘူး။အချို့ကြတော့ အများသဘောတူ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ကတိကဝတ်ပေးပြီး တကယ်လည်း ကြိုးစားပမ်းစား (အသင်းအဖွဲ့တစ်ခုအနေနဲ့ စည်းလုံးစွာ) အကောင်အထည်ရမယ့် အခွင့်အရေးကို ရခဲ့ကြရပါတယ်။အဲဒီအဖြစ်နှစ်ခုမျိုးလုံးဖြစ်ခဲ့တယ်ဆိုပါက ဝန်ထမ်းတစ်ဦးချင်းရဲ့ အစွမ်းအစ မှေးမှိန်ရမှာဖြစ်ပြီး၊ အစည်းအဝေး အနှစ်သာရလည်းပျက်ပြီး နစ်နာရပါတယ်။

•    အစည်းအဝေးတွေမှာ အကျိုးရှိမယ့် ငြင်းခုန်တိုက်ခိုက်မှု ရဖို့ဆိုရင် အောက်ပါနည်းဗျူဟာတွေကို ခေါင်းဆောင်အနေနဲ့ဖြစ်စေ၊ အဖွဲ့ဝင်အနေနဲ့ဖြစ်စေ လိုက်နာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

•    တော်သူတွေထက်၊ မတူကွဲပြားသူ များများပါဝင်မှုရှိအောင် လုပ်ပါ။
•    စိတ်ချလက်ချ ပြောဆိုနိုင်အောင် ဖန်တီးပေးပါ။
•    နှုတ်ဆိတ်သူ စကားနည်းသူတွေကို ပြောလာအောင် လှုံ့ဆွပါ။
•    အရောင်းသမားပုံစံထက်၊ ကိုယ်စားလှယ်ပုံစံ ပေါက်ပါစေ။
•    လိုရာဆွဲမေးတဲ့ မေးခွန်းများကို ရှောင်ပါ။

•    အဖွဲရဲ့ စည်းလုံးညီညွတ်မှု တိုးတက်စေဖို့အတွက် အောက်ပါတို့ကို လုပ်ဆောင်ပါ။

•    အားလုံး ပြောရေးဆိုခွင့်ရှိသူ အရေးပါသူတွေဖြစ်ပါစေ (ဝင်ပြောစေပါ၊ အားပေးပါ၊ လက်ခံပါ။)
•    လိုက်နာဆောင်ရွက်ဖို့ ကတိကဝတ်ပြုပါ၊ အထူးသဖြင့် သင် ခါးခါးသည်းသည်း သဘောမတူတဲ့အခါ ပိုလုပ်ပါ။
•    တစ်ကိုယ်တော် အတ္တသမားတွေကို ထိပ်တိုက် ဒဲ့ပြောပါ။
•    အဖွဲ့မှာ ထက်မြက်တဲ့ ရည်မှန်းချက် ပန်းတိုင်ရှိပါစေ။
•    ရုံးတွင်း နိုင်ငံရေးများနဲ့ ဆုံးဖြတ်ချက်အတိုင်း မပြီးအောင် လုပ်ဆောင်ခြင်းကို ရပ်တန့်ပါ။

အခုဆိုရင် ဉာဏ်ပါပါ အလုပ် လုပ်တဲ့နေရာမှာ နည်းစနစ်တစ်ခုဖြစ်တဲ့ အုပ်စုလိုက် အလုပ် လုပ်ပြီး စွမ်းရည်ပြတဲ့နေရာမှာ အစည်းအဝေးရဲ့ အခန်းကဏ္ဍ အရေးပါပုံနဲ့ အစည်းအဝေးတွေကနေ အပြုသဘောဆောင်တဲ့ ကောင်းကျိုးရလဒ်တွေ ဖော်ဆောင်ပေးမယ့် ရှေ့လုပ်ငန်းစဉ်တွေ ဆုံးဖြတ်ချမှတ်တဲ့နေရာမှာ ထိရောက်အောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို တင်ပြခဲ့ပြီးပါပြီ။

ရှေ့ဆောင်းပါးတွေမှာလည်း အုပ်စုနဲ့ အောင်မြင်စွာ အလုပ် လုပ်ရမယ့် နည်းလမ်းတွေ ဘယ်လိုလမ်းညွှန်ပေးဦးမလဲဆိုတာ ဆက်လက်ဖော်ပြပါဦးမယ်။

သက်ထွန်း (သျှမ်း)