【 ဆောင်းပါး 】 အမျိုးကို ကာကွယ်စောင့်ရှောက်သူ

【 ဆောင်းပါး 】 အမျိုးကို ကာကွယ်စောင့်ရှောက်သူ

မတရားမှုကို ဘယ်သူ့အပေါ်မှ မလုပ်သင့်ပါ။အထူးသဖြင့် ကိုယ့်ထက်အားနည်းသူ ကိုယ့်ထက်နိမ့်ကျသူများအပေါ် မတရားလုပ်ခြင်းသည် ပိုလို့ပင်ရှက်စရာကောင်းသည်။ကြင်နာသနားစိတ် စာနာထောက်ထားစိတ် ကင်းမဲ့သူများ၏ လုပ်ရပ်ဖြစ်သည်။

မတရားတာကို ခေါင်းငုံ့ခံနေရသူများအနေနှင့် အတော်ကို ခံရခက်ပေသည်။နှိပ်စက်သည့်ဒဏ်ကို ခံစားရသည့် ရုပ်ဝေဒနာအပြင် မနိုင်လို့သာ အရှုံးပေးနေရသော်လည်း အောင့်သက်သက်နှင့် ကျိတ်မှိတ်အောင့်အည်းနေရသည့် စိတ်ဝေဒနာကိုပါ ခံစားကြရသည်။

ခံရသူအများစုသည် သူတို့အားလုံးမတတ်နိုင်သော်လည်း သူတို့ထက် အစွမ်းအစရှိရှိ အမြော်အမြင်ရှိရှိနှင့် သူတို့အားလုံးကိုယ်စား ဖြေရှင်းပေးနိုင်သည့် ခေါင်းဆောင်ကောင်းတစ်ယောက်ကို မျှော်လင့်တတ်ကြသည်။ထိုသို့သော ခေါင်းဆောင်ကောင်းသာရှိလျှင် သူတို့တစ်မျိုးသားလုံး မတရားခံရမှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ သေချာကြောင်း သိသည်။ထိုခေါင်းဆောင်မျိုးကိုလည်း စိတ်ကူးယဉ် စောင့်စားတတ်ကြသည်။

ထိုခေါင်းဆောင်မျိုးသည် ကိုယ်ချင်းစာစိတ်ရှိသည်။အားနည်းသူကို ကူညီချင်သည့်စိတ်ရှိသည်။မတရားမှုကို လုံးဝမလုပ်သည့်အပြင် မတရားမှုကိုလည်း ခေါင်းငုံ့မခံတတ်ပေ။မတရားလုပ်သည့်သူကို ဆန့်ကျင်ရန် အားနည်းသူများဘက်မှ ကာကွယ်စောင့်ရှောက်ရန် အမြဲတွေးနေတတ် အမြဲကြိုးစားနေတတ်သူဖြစ်သည်။ရရှိသော အကြံဉာဏ်အတိုင်းလည်း ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်သည်။သို့သော်လည်း ထိုခေါင်းဆောင်မျိုးက ရှိတော့ ရှိတယ် တော်တော်ရှားတယ်လို့ ပြောရမည် ထင်သည်။

ငါးရာ့ငါးဆယ်လာ ကုက္ကုရဇာတ်မှ သူ၏ခွေးမျိုးကို ကာကွယ်စောင့်ရှောက်သည့် ဘုရားလောင်း ခွေးပညာရှိအကြောင်း ပြောချင်မိသည်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် ဘုရားလောင်းသည် ခွေးအမျိုး၌ဖြစ်၍ များစွာသော ခွေးအပေါင်းခြံရံကာ သုသာန်၌နေသည်။တစ်နေ့တွင် ဘုရင်ကြီးသည် အဖြူရောင် သိန္ဓောမြင်းများဆွဲသော လှပစွာတန်ဆာများဆင်ထားသည့် ရထားကိုစီးကာ ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ဥယျာဉ်တွင် တစ်နေ့လုံးနေပြီး ညနေ နေဝင်ချိန်တွင်မှ မြို့ထဲသို့ပြန်ဝင်သည်။မြင်းရထားကို မင်းရင်ပြင်မှာ ထားလေသည်။ညဘက် မိုးရွာသောအခါ မြင်းရထားတစ်စီးလုံး ရေတွေစိုရွှဲနေလေသည်။မြင်းရထားကို ကာထားသော သားရေအကာနှင့် ရထားတွင် ဆင်ထားသော သားရေကြိုးတို့သည် မိုးရေကြောင့် ပွနေသည်။ထိုအခါ နန်းတွင်းရှိ မင်းညီမင်းသားများ မွေးစားထားသော ခွေးတို့သည် ထိုသားရေတို့ကို စားကုန်၏။မနက်မိုးလင်း၍ မြင်းရထားမှာရှိသော သားရေများအား ခွေးများစားထားသည်ကို တွေ့ရသော အမတ်တို့သည် ဘုရင်ကြီးသိလျှင် ဒေါသဖြစ်ကာ သူတို့ခွေးများကို သတ်ပစ်ပြီး သူတို့ကိုလည်း အပြစ်တင်မှာ ကြောက်ရွံ့ကြသည်။ထို့ကြောင့် သူတို့က မြို့ပြင်မှ ခွေးများသည် ပြွန်ပေါက်မှတစ်ဆင့်ဝင်လာပြီး ဘုရင့်မြင်းရထားရှိ သားရေ များကိုစားထားသောကြောင့် မြင်းရထား ရုပ်ပျက်ဆင်းပျက်ဖြစ်ရသည်ဟု ဘုရင်ကြီးကို ဦးစွာလျှောက်တင်လေသည်။ဘုရင်ကြီးလည်း ဒေါသတကြီးနှင့် မြို့ပြင်ရှိ ခွေးများကို သတ်ပစ်ရန် အမိန့်ပေးသည်။

အမတ်တို့လည်း အားရဝမ်းသာနှင့် မြို့ပြင်ရှိ တွေ့သမျှ ခွေးများကို တစ်ကောင်မှ အရှင်မထားဘဲ အကုန်သတ်ပစ်သည်။ကျန်ရှိသော ခွေးတို့သည် မြို့ပြင်မှာ မနေဝံ့တော့ဘဲ ဘုရားလောင်းရှိရာ သုသာန်သို့ ပြေးကြသည်။

ဘုရားလောင်း ခွေးက အဘယ်ကြောင့် ခွေးအပေါင်း ပြေးလွှားကာ သုသာန်အတွင်း၌ စုစုရုံးရုံးဖြစ်နေသနည်းဟု မေးသည်။ခွေးများက ဘုရင့်မြင်းရထားမှာ ဆင်ထားသော သားရေများကို သူတို့လည်းမစားဘဲ သူတို့ကို တွေ့သမျှ လိုက်သတ်နေကြောင်း ရှင်းပြသည်။

ဘုရားလောင်း ခွေးက အကြောင်းအရင်းကို သေချာစဉ်းစားသည်။မြို့ပြင်မှာရှိသော ခွေးများသည် မြို့တွင်းသို့ဝင်ရန် မလွယ်ကူပေ။သူတို့မစားဘဲနှင့် ဘုရင့်မြင်းရထားရှိ သားရေများကို ဘယ်သူစားသလဲဟု အထပ်ထပ်စဉ်းစားသည်။နောက်ဆုံးတော့ အဖြေကို သွားတွေ့သည်။နန်းတွင်းသူ နန်းတွင်းသားတို့ မွေးစားထားသည့် ခွေးများမှတစ်ပါး အခြားခွေးများ စားစရာအကြောင်း မရှိချေ။

သည်သို့ဆိုလျှင် အဘယ်ကြောင့် မြို့ပြင်ရှိ ခွေးများကို သဲကြီးမဲကြီး လိုက်သတ်နေသနည်း။အဖြစ်နိုင်ဆုံးက သူတို့မွေးစားထားသော ခွေးများ အသတ်ခံရမည်စိုး၍ မြို့ပြင်ရှိ ခွေးများကို တမင်လွှဲချတာ သေချာပေသည်။အမှန်တကယ် အပြစ်ကျူးလွန်သော ခွေးများက အေးအေးဆေးဆေးနေ နေပြီး ဘာမှမသက်ဆိုင်ဘဲ ဘာအပြစ်မှလည်း မကျူးလွန်ဘဲ သူတို့ခွေးများက မတရားအစွပ်စွဲခံရကာ အလကားအသက်ပေးရသည့်အတွက် စိတ်ထဲတွင် အတော်လေးမကျေမနပ်ဖြစ်မိသည်။ထို့ကြောင့် မတရားအပြစ်လွှဲချသူများနှင့် ကိစ္စတစ်ခုကို အသေအချာမစဉ်းစားဘဲ အဂတိလိုက်စားကာ အမိန့်ထုတ်သော ဘုရင်မင်းမြတ်ကို အသေအချာရှင်းပြမှဖြစ်မည်ဟု စဉ်းစားကာ နန်းတော်တွင်းဝင်၍ ဘုရင်မင်းမြတ်နှင့် တိုက်ရိုက်တွေ့ရန် ဆုံးဖြတ်လိုက်သည်။သူမှ ဝင်ရောက်မဖြေရှင်းပါက သူတို့ ရှိရှိသမျှ ခွေးအားလုံး မျိုးပြုတ်တော့မည်ဖြစ်လေသည်။

ခွေးအားလုံးကို တခြားဘယ်မှမသွားဘဲ သူပြန်လာသည်အထိ သုသာန်ထဲမှာသာ စုစုရုံးရုံးနေ၍ စောင့်ရန် မှာကြားသည်။ထို့နောက် ခွေးအပေါင်းနှင့် ရှိရှိသမျှ သက်ရှိအားလုံးကို မေတ္တာပို့သည်။ဖြစ်ပျက်သမျှ၏ အမှန်တရားကို သစ္စာဆိုကာ သူ့ကို နန်းတွင်းရှိ ဘယ်သူတစ်ဦးတစ်ယောက်မှ အန္တရာယ်မပေးနိုင်ရန် အဓိဋ္ဌာန်သည်။ထို့နောက် နန်းတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်ကာ ဘုရင့်ရှေ့တော်သို့ ဝင်သွားသည်။

သူ့ကိုမြင်သောအခါ အနားရှိ အမတ်များက ဖမ်းဆီးမည်ပြုသောအခါ ဘုရင်က သူ့ကို ဘယ်သူမှ မတားဆီးရန် ပြောသည်။သူ့ကို ဘာကြောင့် အတင့်ရဲပြီး သည်နေရာအထိ လာရကြောင်းကို မေးသည်။ဘုရားလောင်း ခွေးက မင်းကြီးသည် မြို့ပြင်ရှိ ခွေးများကို သတ်ရန် အမိန့်ပေးပါသလားဟုမေးတော့ ဘုရင်ကြီးက အမိန့်ပေးကြောင်းဖြေသည်။သူက ဘာအပြစ်ရှိလို့ပါလဲမေးတော့ ဘုရင်ကြီးက မြင်းရထားရှိ သားရေများကို စားသွားသောကြောင့်လို့ ဖြေသည်။တွေ့သမျှ ခွေးတိုင်းကို သတ်တာပါလား မေးတော့ ဘုရင်ကြီးက ဟုတ်ကြောင်း ဖြေသည်။သူက အပြစ်မှလွတ်ပြီး မသတ်ဖြစ်သော ခွေးများရော ရှိပါသလားလို့မေးတော့ ဘုရင်ကြီးက နန်းတော်မှာ မွေးစားထားသော ခွေးများကိုတော့ အပြစ်မရှိလို့ မသတ်ကြောင်း ဖြေသည်။

မင်းကြီး၏ မြင်းရထားရှိ သားရေများကို မြို့ပြင်ရှိ ခွေးများ စားသည်ကို တပ်အပ်မြင်ပါသလားလို့ သူကပြန်မေးတော့ ဘုရင်ကြီးက သေချာမမြင်သော်လည်း ပြွန်ပေါက်မှ ဝင်လာစားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။ဒါဆို မင်းကြီး၏ နန်းတွင်းရှိ ခွေးများစားသည်ကော မဖြစ်နိုင်ဘူးလားဟု မေးပြန်သည်။သည်တော့ ဘုရင်ကြီးက အသင်ခွေးမှာရော ငါ့နန်းတော်က ခွေးများ စားတာကို သက်သေပြနိုင်လားလို့ ပြန်မေးသည်။

ဘုရားလောင်း ခွေးက နေစာမြက်ကိုယူစေပြီး ထောင်းစေသည်။ထိုထောင်းပြီးသား မြက်တို့ကို ယက်တက်ရည်မှာ ဖျော်စေ၍ နန်းတွင်းရှိ ခွေးများကို တိုက်စေသည်။ဘုရင်ကြီးကလည်း အမတ်တို့ကို ဘုရားလောင်း ခွေး ပြောသည့်အတိုင်း လုပ်စေသည်။ယက်တက်ရည် သောက်ပြီးသောအခါ ခွေးများသည် အန်ချလေတော့သည်။ခွေးအားလုံး၏ အန်ဖတ်တွင် သားရေများပါလာသည်ကို အားလုံးတွေ့ရလေသည်။

ထိုအခါ ဘုရားလောင်း ခွေးက တကယ်အပြစ်ရှိသော ခွေးသူခိုးအစစ်တို့သည် သူတို့ပိုင်ရှင် နန်းတွင်းအမတ်များ၏ အကာအကွယ်နှင့် လွတ်မြောက်နေပြီး ဘာအပြစ်မှမကျူးလွန်သော မြို့ပြင်က ခွေးများသည် သက်သက်မဲ့ အသတ်ခံရသည်မှာ အလွန်မတရားရာရောက်ကြောင်း ဘုရင်ကြီးကို လျှောက်တင်လိုက်သည်။

ဘုရင်ကြီးသည် သူ၏အမတ်များ မတရားလုပ်သည်ကို အပြစ်တင်သည်။ဘုရားလောင်းခွေးကို တောင်းပန်ပြီး ခွေးများကို မသတ်တော့ဘဲ တတ်နိုင်သလောက် စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပေးသည်။
တကယ့်ခေါင်းဆောင်းကောင်းသည် မတရားမှုကို ဆန့်ကျင်ကာ အမျိုးကို ကာကွယ်စောင့်ရှောက်နိုင်သော ပညာရှိသူရဲကောင်းဖြစ်သည်။

ရိုက်မောင်း