【 ဆောင်းပါး 】 အရှုံးမပေးပါနှင့်

【 ဆောင်းပါး 】 အရှုံးမပေးပါနှင့်

“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုသည့် လက်သုံးစကားခေါ်မည်လား၊ လက်သုံးတရားခေါ်မည်လားမသိသော တရားစကားလေးကို အားလုံးကြားနေ သိနေ သုံးနေကျဖြစ်မည်ထင်ပါသည်။

ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့် တရားနာတာ ကုသိုလ်ရပါသည်။ထို့ကြောင့်လည်း ဗုဒ္ဒဘာသာဝင်အများစုတို့ ဘုန်းကြီးကျောင်းသွားသည့် အလေ့အထရှိကြပါသည်။ကုသိုလ်ရတာမှန်သော်လည်း သွားနေကျ လုပ်နေကျမို့ သွားနေလုပ်နေသော်လည်း ထူးထူးခြားခြား သံဝေဂတော့ မရကြပါ။

မိမိနှင့်ပတ်သက်သော ဆွေမျိုးထဲကဖြစ်စေ အသိမိတ်ဆွေထဲကဖြစ်စေ သေဆုံးသွားသောအခါ အသုဘလိုက်ပို့ဖြစ်ကြသည်လည်း အလေ့အထတစ်ခုဖြစ်ပါသည်။ငယ်စဉ်ထဲက အတူကြီးပြင်းလာသော၊ မနေ့တစ်နေ့ကပင် အတူစကားပြောလာသော တစ်စုံတစ်ယောက်သည် ယခုသေဆုံးနေသော၊ စကားမပြောနိုင်တော့သော၊ မလှုပ်နိုင်တော့သော၊ မိမိကို မသိကျိုးကျွံပြုကာ ရုပ်ပျက်ဆင်းပျက် လှဲလျောင်းနေသော ရုပ်အလောင်းဖြစ်နေလေပြီ။ထိုစဉ်ခဏမှာ ထိတ်လန့်သောခံစားမှု တစ်နည်းအားဖြင့် သံဝေဂရလိုက်ပေသည်။

သံဝေဂသည် လောကကြီး၏ မမြဲသော သဘောတရားကို သတိပြုမိစေသည့် မဟာတွန်းအားကြီးဖြစ်ပါသည်။ထိုခဏမှာ အသုဘလိုက်ပို့သော အရင်းနှီးဆုံးလူများသည် ထိတ်လန့်မှု သံဝေဂရကြတတ်သည်။ထို့ကြောင့်လည်း မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ ပြောနေကြတာပါ။

ဒီကနေ့ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါကစပြီး နိုင်ငံရေးမတည်မငြိမ်မှုများအပါအဝင် အနိဋ္ဌာရုံမြင်ကွင်းများက လောဘ၊ ဒေါသ၊ မောဟ မီးတောက်များကြားမှ သံဝေဂရစရာတွေဖြစ်ပါသည်။တခြားဘာသာဝင်တွေအတွက် မည်သို့ဖြစ်မည်ကို မသိနိုင်သော်လည်း ဗုဒ္ဒဘာသာဝင်များအနေဖြင့်တော့ အသေအချာကို သံဝေဂရစရာတွေပါ။ထို့ကြောင့်လည်း ဖြစ်ချင်တာမဖြစ်ဘဲ ဖြစ်ချင်ရာဖြစ်နေသည့် အနိစ္စလောကကြီးမှာ အသိဉာဏ်ယှဉ် သတိဉာဏ်တင်ပြီး ရှေ့ဘဝခရီးဆက်သင့်သည်ကို သိလာရပါသည်။

သည်တွင် အင်းဝခေတ်စာဆို လယ်တီဆရာတော်၏ တေးထပ်လေးတစ်ပုဒ်ကိုလည်း သတိရလိုက်မိပါသည်။

ထိုတေးထပ်လေးကတော့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” ဆိုသည့် တေးထပ်လေးဖြစ်ပါသည်။

မျက်စိနှင့် အမြင်အာရုံဆုံသည်နှင့် မြင်သိစိတ်ပေါ်လာသည်။ထိုမြင်သိစိတ်ဖြင့် မြင်နေရသော အာရုံအပေါ် ခံစားမိသည်။နားနှင့် အကြားအာရုံဆုံသည်နှင့် ကြားသိစိတ်ပေါ်လာသည်။ထိုကြားသိစိတ်ဖြင့် ကြားသမျှ အာရုံအပေါ် ခံစားမိသည်။နှာခေါင်းနှင့် အနံ့အာရုံဆုံသည်နှင့် နံသိစိတ်ပေါ်လာသည်။ထိုနံသိစိတ်ဖြင့် နံသမျှအာရုံအပေါ် ခံစားမိသည်။လျှာနှင့် အရသာအာရုံဆုံသည်နှင့် စားသိစိတ်ပေါ်လာသည်။ထိုစားသိစိတ်ဖြင့် စားသမျှအရသာ အာရုံအပေါ် ခံစားမိသည်။ကိုယ်ခန္ဓာနှင့် အထိအတွေ့အာရုံဆုံသည်နှင့် ထိသိစိတ်ဖြစ်ပေါ်လာသည်။ထိုထိသိစိတ်ဖြင့် တွေ့ထိသမျှ အာရုံအပေါ် ခံစားသာယာမိသည်။

မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ စားသမျှ၊ ထိတွေ့သမျှ၊ အာရုံများနှင့်သာ တစ်နေ့ တစ်နေ့ အချိန်ကုန်နေတတ်ကြသည်။သည်လိုသာ အာရုံငါးပါးကို ခံစားမဝအောင် စွဲလမ်းနေမည်ဆိုပါက ချမ်းသာအစစ် နိဗ္ဗာန်သစ်ကို မရောက်နိုင် မတွေ့နိုင်တော့ပါ။ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဟူသော အပါယ်လေးပါး၌သာ ဆင်းရဲဒုက္ခခံကာ နစ်မျောနေရမှာပါ။ထိုသည်ကို ဆရာတော်က

          “ငါးအာရုံအင်အစု ခင်မှုနှင့်နေ့ကုန်
          နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း
          ပယ်လေးဝ သောကဘုံမှာ
          မျောရရုံရှိတော့ခမန်း”
ဟု အသိမလင်းသော သတိလည်းကင်းနေသော ပုထုဇဉ်လူသားတွေကို သူတို့ကိုယ်သူတို့ မြင်ယောင်စေသည်။

မသိမိုက်မှား အာရုံလိုက်စား၍ သေသည်၏ အခြားမဲ့၌ အဝီစိငရဲမှာ နှစ်ပေါင်းများစွာခံနေရပြီး လူ့ဘုံလောကကို ခေါင်းတောင်ပြူကြည့်နိုင်မှာမဟုတ်ပေ။ယခုကဲ့သို့ ဗုဒ္ဓသာသနာပွင့်လင်းနေသည့် အချိန်အခါမျိုးမှာ အသိစိတ် သတိစိတ်နှင့် ဝီရိယထားကြိုးစားဖို့ လိုသည်ကို သိသိနှင့် ပျင်းအားပိုနေလျှင် လူဖျင်းလူညံ့သာ ဖြစ်နေပေလိမ့်မည်ကို

          “အောက်ဝီစိသောင်းအငူ ခေါင်းမပြူစတမ်း
          နှစ်အရှည်နစ်မည်လမ်းကိုလ
          နင်မျှော်စမ်းနင့်ကိုယ်
          ဒေသနာထင်အလင်းရယ်နှင့်
          နင်အဖျင်း ပိုထက်သာပို”
ဟူ၍ အကုသိုလ်အကျိုးပေးကို အရှုံးပေး ခေါင်းငုံ့ခံနေသည့် မသိသားဆိုးဝါးလှသည့် လူသားကို နင့်နင့်နာနာလေး ပြောထားပါသည်။

တပ်မက်စွဲလမ်းမှု လောဘနောက်ကို ရှေးယခင်ကလည်း ကောက်ကောက်ပါအောင် လိုက်ခဲ့သည်။ယခုထက်တိုင်လည်း ထိုတပ်မက်မှုလောဘကို မပစ်ပယ်နိုင်သေးဘဲ တွယ်တာနေလို့မဖြစ်ပါ။လောဘကိုလွှင့်ပစ် စိတ်သစ်လူသစ်နှင့် သင့်ကိုယ်သင်ပြုပြင်နိုင်လျှင် လောဘနွံထဲကလွတ်ပြီး သန့်ရှင်းသည့် ကုသိုလ်တရားများနှင့်အတူ သင့်ဘဝလည်း ထာဝရကောင်းစားလာပါလိမ့်မည်ဖြစ်ကြောင်း

          “သည်လောဘစရိုက်အိုကို
          မလိုက်လို ရှောင်ပစ်လို့
          နောင်အသစ် တကယ်ပြင်လျှင်
          ကောင်းဖို့အစဉ်”
ဆိုပြီး မကောင်းသော အကုသိုလ်စိတ်ကိုမြင်၍ ကောင်းအောင် ပြုပြင်နိုင်သည့် အားမာန်များရှိနေသည်ကို သိသင့်ကြောင်း သတိပေးထားပြန်သည်။

ဗုဒ္ဓသာသနာပွင့်လင်းလျက် တရားတော်များ မြို့ရွာအနှံ့ ပျံ့ပွားပြီး ရဟန်းသံဃာများကလည်း ပြည်တွင်းတွင်သာမက ပြည်ပအထိပါ သာသနာပြုကာ ဗုဒ္ဓသာသနာအရှည်တည်တံ့ဖို့အရေး ကြိုးစားပမ်းစား သာသနာပြုနေသည့်အချိန်ဖြစ်သည်။

ဤကဲ့သို့သော အချိန်ကောင်းအခါကောင်းမှာ တရားသဖြင့် ကုသိုလ်ကောင်းမှုအမျိုးမျိုးကို ကြိုက်သလို လုပ်ခွင့်ရှိနေပါသည်။သို့ပါလျက်နှင့် အသိမများ သတိမထား အာရုံတွေနောက်လိုက်ကာ သာယာမှုကို မက်မောနေသေးသည်ဆိုလျှင် သင့်လောက်မိုက်မဲသည့်သူ ဇမ္ဗူမှာရှိလိမ့်မည်မထင်တော့ကြောင်း

          “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
          အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား”
ဟုလည်း ပြင်းပြင်းထန်ထန် ပြောထားပါသည်။

ဗုဒ္ဓသာသနာကြီးနှင့်လည်းကြုံ မနုဿတ္တ ဘာဝေါ ဒုလ္လဘော လူ့အဖြစ်ကိုလည်း ရနေပါလျက်နှင့် အခါအခွင့်ကိုအသုံးမချ လုံ့လဝီရိယအားမထည့်ဘဲ အာရုံငါးပါးမှာ ပျော်ပါးနစ်မျောနေဦးမည်ဆိုပါက အသိလွဲကာ အပယ်ငရဲမှာ ကျင်လည်နေရလိမ့်မည်ကိုလည်း

          “ခွင့်သာဆဲမှ မခဲချင်လျှင်
          အလွဲနင့်ပြင် ရှိသေးလေလိမ့်လား”
ဟုလည်း ပို၍အထိနာ ပို၍အသိနာအောင် သတိပေးသည်။

ကြုံတောင့်ကြုံခဲ လူ့ဘဝကိုလည်းရ ဗုဒ္ဓသာသနာနှင့်လည်းကြုံ တရားတော်များကိုလည်း အချိန်မရွေး နာခွင့်ရနေပါသည်။သံဃာတော်များထံမှာ တရားဓမ္မများ မေးမြန်းလျှောက်ထားခွင့် ရနေပါသည်။ဓမ္မမိတ်ဆွေများနှင့်လည်း တရားဆွေးနွေးခွင့်ရှိနေပါသည်။သင်ကြိုက်ရာ တရားစခန်းမှာ တရားအားထုတ်ခွင့် ရနေပါသည်။သို့ပါလျက်နှင့် ကာမဂုဏ်အာရုံများထဲက ရုန်းမထွက်နိုင်သေး ရုန်းမထွက်ချင်သေးဘူးဆိုလျှင် သင်တစ်ယောက် လူဖြစ်ရှုံးကြသူတွေထဲမှာ အပါအဝင်ဖြစ်တော့မှာကို အချိန်မီသတိထား ပြင်ဆင်ထားဖို့ အရေးကြီးပြီကို

          “ခွင့်သာတုန်းမှ မရုန်းချင်လျှင်
          အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား”
ဟု ဒုလ္လဘတရားများနှင့် ပြည့်စုံနေသည့် အခြေအနေ အချိန်အခါမှာ အကုသိုလ်အာရုံများကို အနိုင်မခံ အရှုံးမပေးဘဲ ရှိသမျှအသိ ရှိသမျှသတိ ရှိသမျှအင်အားနှင့် အစွမ်းကုန်ကြိုးစား ရုန်းကန်စေချင်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရား ဆရာတော်၏ စေတနာစကားတို့ကို နားလည်သဘောပေါက်ပြီး လက်ရှိပစ္စက္ခအချိန်ကို သံဝေဂယူကာ မိမိ၏ဘဝကို တန်ဖိုးထား နားလည်သင့်ပါသည်။မိမိကိုယ်မိမိ အချိန်မီပြင်ဆင်သင့်ပါသည်။အကုသိုလ်ကို အရှုံးပေးပြီး အာရုံတွေနောက် တကောက်ကောက်လိုက်နေသူတွေရှိသည်။သူတို့က သူများအသက်တွေကိုသတ် သူများပစ္စည်းဥစ္စာတွေကိုခိုး သူများအိမ်ရာကိုပြစ်မှား မုသားစကားတွေကို တွင်တွင်ပြောနေကြသည်။သူတို့ကိုအားမကျပါနှင့်။သူတို့ကိုမမုန်းတီးပါနှင့်။

အာရုံတွေကို အနိုင်ယူဖို့ အကုသိုလ်ကို အရှုံးမပေးပါနှင့်လို့။

ရိုက်မောင်း