【 ဆောင်းပါး 】 အလောင်းအစား၏ နောက်ကွယ်

【 ဆောင်းပါး 】 အလောင်းအစား၏ နောက်ကွယ်

အင်တာနက်မှာ အလောင်းအစား ဂိမ်းကြော်ငြာတွေကို အမြဲလိုမြင်နေရသည်။

ထိုအလောင်းအစား၏ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးမိတော့ စိတ်မကောင်းစရာပါ။

လူတို့သည် သိတတ်စအရွယ်မှစ၍ အလောင်းအစားကို ပေါ့ပေါ့ပါးပါး လုပ်လေ့ရှိကြသည်။

“အမေ ဒီနေ့ဘာဟင်းချက်မလဲ နင်နဲ့ ငါနဲ့ လောင်းမလား”

“လုပ်လိုက်လေ ကြာသလားလို့။ဘာကြေးလောင်းမလဲ”

မောင်နှမနှစ်ယောက်က အမေ ဘာဟင်းချက်မလဲဆိုတာကို လောင်းကြသည်။ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ သူငယ်ချင်းတွေ ဘောလုံးကစားရင်း အနိုင်၊ အရှုံးကို လောင်းကြေးထပ်ကြသည်။တချို့ဆို ပိုက်ဆံကြေး လောင်းကြသည်။

အဆင့်နည်းနည်းမြင့်လာတော့ ကလေးတွေက စက္ကူကဒ်ပြားလေးများနှင့် လောင်းကစားသည်။စာအုပ်ကိုလှန်၍ စာမျက်နှာနံပါတ်များနှင့် လောင်းကစားကြသည်။လူကြီးတွေက ဖဲကစားသည်။ဘောလုံးပွဲကြည့်ပြီး လောင်းကြသည်။မြင်းပြိုင်ပွဲတွေလုပ်ပြီး လောင်းကြသည်။ကြက်ဝိုင်းတွေလုပ်ပြီး လောင်းကြသည်။လက်ဝှေ့ပွဲ၊ နပန်းပွဲတွေကြည့်ပြီး လောင်းကြသည်။မြင်မြင်ရာကိုကြည့်ပြီး လောင်းကစားကြသည်။အင်တာနက်ဆိုတာ ပေါ်လာတော့ လောင်းကစားကို နိုင်ငံကျော်ပြီးတောင် လုပ်နိုင်ကြပြီ။

ကမ္ဘာပေါ်တွင် လောင်းကစားခြင်းသည် ယနေ့တိုင် တရားဝင်ဥပဒေနှင့်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တွင်တွင်ကျယ်ကျယ် ကစားနေကြသည်။လောင်းကစားမှုအများဆုံး၊ အတွင်ကျယ်ဆုံးနေရာသည် ကာစီနိုကစားပွဲရုံကြီးများဖြစ်၏။တချို့နိုင်ငံများတွင် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုထားသည်။အင်တာနက်မှ ဂိမ်းဆော့ခြင်းဖြင့် လောင်းကစားသည်။လောင်းကစားဝက်ဘ်ဆိုက်များစွာရှိပြီး တစ်ကမ္ဘာလုံးက အေးအေးဆေးဆေးနှင့် ကြေးကြီးကြီး ကစားနိုင်လေသည်။

နိပါတ်တော်လာ အဏ္ဋဘူတဇာတ်မှ ဘုရင်နှင့် သူ့ပရောဟိတ်ပုဏ္ဏားတို့ နှစ်ယောက် လောင်းကစားတာကို ပြောချင်သည်။

ဗာရာဏသီဘုရင် ဗြဟ္မဒတ်သည် သူ၏ပုရောဟိတ်ပုဏ္ဏားနှင့် ကြွေအန်ကစားလေ့ရှိသည်။ထိုသို့ ကြွေအန်ကစားနေစဉ်မှာ မင်းကြီးသည် “မြစ်ဟူသမျှလည်း ကောက်ကွေ့သည်။တောဟူသမျှလည်း ထင်းဖြစ်သည်။မိန်းမဟူသမျှလည်း ဆိတ်ကွယ်ရာကိုရလျှင် မကောင်းမှုပြုမြဲဖြစ်သည်” ဟု အဓိပ္ပါယ်ရသော သီချင်းကို သီဆိုလေ့ရှိသည်။ထိုသီချင်းကို ဆိုသည့်အတွက်ကြောင့် မင်းကြီးအမြဲနိုင်နေလေသည်။

ပုရောဟိတ်လည်း မင်းကြီး၏ သီချင်းကြောင့် သူရှုံးရသည်ကို သဘောပေါက်ကာ မင်းကြီး၏ သီချင်းမမှန်အောင် ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။မိန်းကလေးတစ်ယောက်ကို အမိဝမ်းမှ မမွေးဖွားမီအချိန်မှ စတင်စောင့်ရှောက်ထားပြီး အရွယ်ရောက်လျှင် သူတစ်ယောက်တည်းသာ ဆက်ဆံ၍ အခြားယောင်္ကျားများနှင့် မတွေ့ရအောင် လုံခြုံစွာစောင့်ရှောက်ထားနိုင်မှသာ မင်းကြီး၏ သီချင်းနှင့် မကိုက်ညီတော့ဘဲ သူအနိုင်ရမည်ဖြစ်သည်။

ထို့နောက် ပုရောဟိတ်သည် မိန်းကလေးမွေးဖွားမည့် ကိုယ်ဝန်ဆောင် ဆင်းရဲသူတစ်ယောက်ကိုရှာ၍ သူ့အိမ်မှာ ခေါ်ထားလိုက်သည်။ကလေးမွေးပြီးသောအခါ မိခင်ကို ငွေကြေးအလုံအလောက်ပေး၍ နှင်လိုက်သည်။မွေးလာသောမိန်းကလေးကို သူ့အိမ်ရှိ မိန်းမများနှင့်သာ ထားသည်။ယောင်္ကျားများကို လုံးဝမတွေ့ မမြင်တွေ့စေဘဲ အရွယ်ရောက်သောအခါ သူက သားမယားအဖြစ် ဆက်ဆံသည်။ထိုသို့ အစစအရာရာ စိတ်ချရအောင် ပြင်ဆင်ပြီးမှ ကြွေအန်ကစားရန် ဘုရင်ကြီးဆီသို့ သွားသည်။

ကြွေအန်ကစားပွဲ စတင်သည်နှင့်မင်းကြီးက မိန်းမများသည် ဆိတ်ကွယ်ရာကိုရလျှင် မကောင်းမှုပြုမြဲဖြစ်သည်ဟု အဓိပ္ပါယ်ရသည့် သီချင်းကို ဆိုသည်။ပုရောဟိတ်ကလည်း ထိုအထဲမှာ ငါ့အမျိုးသမီး မပါဝင်ပါဟု အဓိပ္ပါယ်ရသော သီချင်းကို ဆိုလိုက်သည်။သည်တစ်ခါ ပြိုင်ပွဲတွင် မင်းကြီး ရှုံး၍ ပုရောဟိတ် နိုင်သွားလေသည်။နောက်ပိုင်း ကြွေအန်ကစားတိုင်း မင်းကြီး လုံးဝမနိုင်တော့ပေ။

မင်းကြီးလည်း ပုရောဟိတ်၏ အိမ်တွင် ပုရောဟိတ်တစ်ယောက်တည်းနှင့်သာ ဆက်ဆံသော မိန်းမတစ်ယောက်ရှိရမည်ဟု တွေးမိသည်။ထို့ကြောင့် သူ့လူယုံများကိုလွှတ်ပြီး စုံစမ်းခိုင်းသည်။မကြာမီမှာပင် သူ့အတွေးမှန်ကြောင်း သိရသည်။မင်းကြီးလည်း အရက်သမားတစ်ယောက်ကိုခေါ်၍ ပုရောဟိတ် မွေးစားထားသော မိန်းမ၏ ကိုယ်ကျင့်သီလကို ဖျက်ဆီးနိုင် မဖျက်ဆီးနိုင် မေးသည်။အရက်သမားက သူတာဝန်ယူ ဖျက်ဆီးပေးနိုင်ကြောင်း ပြောသည်။

အရက်သမားသည် ပထမဆုံး အလုပ်အကျွေး မိန်းမများကို လက်ဆောင်များပေးကာ စည်းရုံးသည်။အတော်ရင်နှီးလာပြီးနောက် တစ်နေ့တွင် နာဖျားနေဟန်ဆောင်ကာ သူတို့ဆီ မသွားဖြစ်ပေ။ထိုအခါ အလုပ်အကျွေး မိန်းမကြီးက သူ့ဆီရောက်လာပြီး စိုးရိမ်ပူပန်စွာ ရောဂါအခြေအနေကို မေးသည်။သူက မိခင်ထိန်းသိမ်းစောင့်ရှောက်နေသော ပုရောဟိတ် မွေးစားထားသည့် မိန်းကလေး၏ အလှအပသတင်း ကြားပြီးသည့်အချိန်မှစ၍ စွဲလမ်းမိသဖြင့် မစားနိုင်မအိပ်နိုင်အောင် ခံစားနေရပြီး  ထိုမိန်းကလေးကိုမှ မရလျှင် အသက်သေရပါတော့မည်ဟု သနားအောင် ပြောဆိုသည်။

အလုပ်အကျွေး မိန်းမကြီးက စိတ်မပူရန်နှင့် သူတာဝန်ယူ၍ မိန်းကလေးကိုရအောင် စည်းရုံးပေးမည်ဟုပြောပြီး ပြန်သွားသည်။မိန်းကလေးကိုလည်း နေ့စဉ်ရက်ဆက် စည်းရုံးသိမ်းသွင်းသည်။နောက်ဆုံးတွင် မိန်းကလေးက အရက်သမားနှင့်တွေ့ရန် သဘောတူ၏။

တစ်ရက်တွင် အလုပ်အကျွေး မိန်းမကြီးသည် အရက်သမားကို ပန်းထည့်သည့် တောင်းထဲမှာ အိပ်စေကာ အပေါ်မှ ပန်းများ ဖုံးဖိလျက် ပန်းများကို သယ်ဆောင်သည့်ပုံစံနှင့် အရက်သမားကို ခေါ်သွားသည်။အရက်သမားနှင့် မိန်းမလေးတို့ တွေ့ဆုံရင်းနှီး ချစ်ကျွမ်းဝင်ကြလေသည်။

မကြာမီမှာပင် ဘုရင်ကြီးက ပုရောဟိတ်ကို ကြွေအန်ကစားဖို့ ဖိတ်ခေါ်သည်။ပုရောဟိတ်ရောက်လာပြီး ကစားကြသည်။ဘုရင်ကြီးက သီချင်းဆိုသည်။ပုရောဟိတ်ကလည်း သူ့သီချင်းကို ဆိုသည်။နောက်ဆုံးမှာ ပုရောဟိတ် ရှုံးပြီး ဘုရင်ကြီး နိုင်သွားသည်။

ထိုအခါမင်းကြီးက သင့်အမျိုးသမီးသည် ကိုယ်ကျင့်သီလပျက်ခဲ့လေပြီ။မိန်းမတို့သည် မမွေးဖွားမီ အမိဝမ်းခေါင်းတွင်းရှိနေစဉ်ကတည်းက စောင့်ရှောက်ခဲ့သော်လည်း မလုံခြုံနိုင်ကြောင်း ပြောသည်။ပုရောဟိတ်သည် အိမ်ပြန်ရောက်သောအခါ သူ့မိန်းကလေးကို စစ်ဆေးလေသည်။မိန်းကလေးက လုံးဝ-ဝန်မခံပေ။ဘယ်ယောင်္ကျားကမှ သူ့လက်ကိုထိကိုင်ဆွဲယူမှု မရှိခဲ့ကြောင်း၊ မယုံလျှင် သစ္စာပြု၍ မီးပုံထဲဝင်ပြမည်ဖြစ်ကြောင်း ပြောသည်။

ပုရောဟိတ်ကလည်း သင့်စကားအတိုင်း သက်သေပြနိုင်လျှင် ယုံကြည်မည်ဟု ပြန်ပြောသည်။သို့ဖြင့် မိန်းကလေး၏ သစ္စာပြုပွဲအတွက် စီစဉ်တော့သည်။လူအများကလည်း သစ္စာပြုပွဲကို စိတ်ဝင်စားကြသည်။မိန်းကလေးက သစ္စာပြုပွဲ မစတင်ခင် အလုပ်အကျွေး မိန်းမကြီးနှင့် တိုင်ပင်ကာ အရက်သမားထံ သွားရောက်အကြောင်းကြားစေသည်။

သစ္စာပြုပွဲနေ့သို့ ရောက်လာသည်။ပုဏ္ဏားကြီးက မီးပုံကြီးတစ်ပုံ ဖိုထားသည်။လာရောက်ကြည့်ရှုသည့် ပရိသတ်အများအပြားလည်း ရောက်နေကြလေပြီ။သူတို့အထဲတွင် အရက်သမားလည်း ပါဝင်ကြည့်ရှုနေသည်။မိန်းကလေးသည် ပုဏ္ဏားကြီးနှင့် မျက်နှာချင်းဆိုင်၍ ကျွန်မသည် သင့်ကိုထား၍ အခြားယောင်္ကျားတစ်ယောက်၏ လက်နှင့် အထိအတွေ့ကိုမှလည်း မထိမတွေ့ခဲ့ဖူးပါ။ဤသစ္စာစကားမှန်ပါက ဤမီးပုံသည် ကျွန်မကို မလောင်ကျွမ်းပါစေနှင့်ဟုဆိုကာ မီးပုံကြီးဆီသို့ လျှောက်သွားသည်။
ထိုအချိန်မှာ အရက်သမားသည် လူအုပ်ကြားထဲမှထွက်လာကာ မိန်းကလေး၏ လက်ကိုဖမ်းဆွဲလိုက်ပြီး အားလုံးကြားအောင် ပုရောဟိတ်သည် ဤမိန်းကလေးကို သက်သက် မီးလောင်အောင် လုပ်နေတာပါဟု အော်ဟစ်ပြောသည်။

ထိုအခါ မိန်းမငယ်က ငါသည် တစ်ပါးသော ယောင်္ကျား၏ လက်နှင့် ထိတွေ့တာကိုမျှ မရှိခဲ့ပါဟု သစ္စာဆိုခဲ့သည်။ယခုအခါ ယောင်္ကျားတစ်ယောက်က ငါ့လက်ကိုဆွဲထား၍ ငါ့သစ္စာပျက်ခဲ့ပြီမို့ မီးပုံထဲသို့ဝင်ရန် မဖြစ်တော့ပါဟု ပြောလိုက်သည်။

ပုရောဟိတ်လည်း မိန်းမငယ်က သူ့အပေါ် လှည့်စားနေသည်ကို ရိပ်မိသည်။ထို့ကြောင့် မိန်းမငယ်ကို အပြစ်တင်ပြောဆိုကာ အိမ်မှ နှင်ထုတ်လိုက်လေတော့သည်။

တကယ်တော့ လောင်းကစားဆိုတာ သူများပိုင်ဆိုင်မှုကို မိမိပိုင်ဆိုင်မှု လုပ်ချင်တာပါ။

စိတ်မထိန်းနိုင်သူ တော်တော်များများ ဘဝပျက်ကြရသည်။နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် ရန်ဖြစ်သည်။အကြွေးတင်သည်။ဒုစရိုက်မှုများဖြစ်သည်။အနိုင်မခံ အရှုံးမပေးချင်စိတ်ကြောင့် သင့်တော်သည် မတော်သည်၊ တရားသည်၊ မတရားသည် မစဉ်းစားနိုင်တော့ဘဲ နည်းမျိုးစုံသုံးလာသည်။နည်းမျိုးစုံ စဉ်းစားလာသည်။

လောင်းကစားခြင်း၏ နောက်ဆက်တွဲများက ခန့်မှန်းမရနိုင်အောင် ဆိုးဝါးလှပါသည်။

ရိုက်မောင်း