【 ဆောင်းပါး 】 အသက်ပင်သေသေ

【 ဆောင်းပါး 】 အသက်ပင်သေသေ

ရွာတစ်ရွာမှာ မိသားစုလေးယောက်ရှိသည်။အိမ်ထောင်ဦးစီးယောင်္ကျားနှင့် သူ့အဖေအို၊ သူ့မိန်းမနှင့် သူ့သားငယ်တို့ဖြစ်သည်။

ထုံးစံအတိုင်း သူ့မိန်းမက သူ့အဖေအိုကြီးကို မကြည်ဖြူဘဲ တဆူဆူ တဆောင့်ဆောင့် လုပ်သည်။နောက်ဆုံး သူ့မိန်းမက သူ့အဖေအိုကြီးကို တစ်နေရာခေါ်သွားပြီး မြေကြီးထဲမြှုပ်သတ်ရန်နှင့် သူပြောသလိုမလုပ်ရင် သူနှင့်မပေါင်းသင်းနိုင်တော့ကြောင်း ရာဇသံပေးသည်။

အဖေအိုကို သနားသော်လည်း မိန်းမစကားကို မလွန်ဆန်နိုင်ဘဲ တစ်နေ့မှာ အဖေအိုကို လှည်းနှင့်ခေါ်သွားသည်။သူ့သားကလည်း သူပါလိုက်မည်ဆိုကာ လှည်းပေါ်တက်လိုက်လာသည်။

လူပြတ်သည့် တောစပ်နားရောက်တော့ သူ့အဖေအိုကို လှည်းပေါ်မှာ ခဏထားခဲ့ပြီး အဖေအိုကို မြှုပ်ဖို့ တွင်းတူးသည်။တွင်းတူး၍ မောလာသဖြင့် ပေါက်ပြားကိုချကာ ခဏနားသည်။ထိုအချိန်တွင် သူ့သားက ပေါက်ပြားကို ကောက်ယူကာ မလှမ်းမကမ်း တစ်နေရာမှာ သူ့အင်သူ့အားလေးကိုသုံး၍ ပေါက်ပြားနှင့် မြေကြီးကိုတူးနေသည်။

သူလည်း သူ့သားအနားကိုရောက်သွားပြီး သားကဘာလုပ်မလို့လဲမေးတော့ သားလည်း အဖေအသက်ကြီးလာလို့ အဘိုးအရွယ်ရောက်လာရင် မြှေမြှုပ်ဖို့ တွင်းတူးထားတာပါလို့ ပြန်ဖြေသည်။သူလည်း လုံးဝကို ငုတ်တုတ်မေ့သွားပြီး နောက်ဆုံးမှာတော့ သူ့အဖေကိုရော သူ့သားကိုပါခေါ်ပြီး အိမ်ပြန်လာခဲ့လေသည်။

ငယ်စဉ်ကပင် ကြားဖူးနေခဲ့သော ဇာတ်လမ်းလေးပါ။ လောကမှာ သည်လိုသားသမီးမျိုးရှိပါ့မလားဆိုပြီး အံ့သြမိခဲ့သည်။

ဒေဝဒတ်စကား နားယောင်ပြီး ဘခင် ဗိမ္မိသာရကို သတ်မိသော အဇာတသတ်မင်းအကြောင်း သိရတော့ သြော် ပိုဆိုးတဲ့သူရှိသေးတာပဲလို့ ထပ်သိခဲ့ရသည်။

ယခုကာလတွင်လည်း မျက်စိရှေ့မှာမြင်နေရသည့် သားသမီးတချို့ရှိသည်။မိဘက အနွံအတာခံ အကုန်အကျခံပြီး ကျွေးမွေးပညာပေးနေသည့်ကြားထဲက မိဘကိုအပြစ်တင်တာတွေ မိုက်မိုက်ရိုင်းရိုင်းဆက်ဆံတာတွေ တွေ့ရသည်။တချို့ မူးမူးရူးရူးနှင့် ပြန်ဆဲနေတာတွေတောင် မြင်တွေ့နေရသည်။

တချို့အိမ်ထောင်သည် ကလေးမိဘတွေရှိသေးသည်။သူတို့မှာလည်း သားသမီးရနေပြီပဲ။ကိုယ်ချင်းစာရင် ကောင်းကောင်းသိနိုင်သားနှင့် အသက်ကြီးမိအိုဘအိုများ ဝင်ငွေမရှာနိုင်တော့သော မိအိုဘအိုများကို တစ်ချက်လှည့်မကြည့် တစ်ချက်မကူညီဘဲ ရှက်ရကြောက်ရမှန်းလည်း သိပုံမရဘဲ ကြောင်တောင်ကြည့်ကာ စိမ်းကားလွန်းသူမျိုးကိုလည်း တွေ့ရတတ်သည်။

မိဘမေတ္တာကို မဟာသမုဒ္ဒရာနှင့် နှိုင်းယှဉ်ဖော်ပြကြသည်။မိဘကျေးဇူးမားပုံကို မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်ဖော်ပြကြသည်။ ထိုမျှမေတ္တာကြီးသော ကျေးဇူးကြီးပါသည်ဆိုသော မိဘတွေကို တစ်သက်သည် ဘဝဆပ်လို့တောင် ကြေဖို့ မလွယ်တာကို ဘယ်လိုအတွေးနှင့်များ အကြွေးမဆပ်သည့်အပြင် အပိုဆုကြီးအနေနှင့် ငရဲတောင်သွားဖို့ ကြံနေကြသည် မသိပါ။တစ်ဖက်သတ်အတွေးနှင့် သားသမီးဆိုးတွေအကြောင်းပဲ ပြောလို့မရပါ။မိမှန်းသိ ဘမှန်းသိ မိဘကို ဦးထိပ်တင်ကာ အရိပ်တကြည့်ကြည့်ရှိနေတတ်သည့် သားသမီးကောင်း သားသမီးလိမ္မာတွေလည်းရှိပါသည်။ကိုယ့်အိမ်ထောင်နှင့် ကိုယ့်သားသမီးတွေနှင့် မနိုင်မနင်း ရုန်းကန်နေရသည့်ကြားမှ မိဘတွေကို မငြိုမငြင်ဘဲ ရိုရိုသေသေလုပ်ကျွေးယုယသော လေးစားဂုဏ်ယူစရာ တကယ့်သားသမီးတွေလည်းရှိပါသည်။

ဘုရားဟော ငါးရာ့ငါးဆယ်ဇာတ်များမှ မိဘအတွက် ကိုယ့်အသက်ကိုတောင် ရဲရဲရင့်ရင့်ပေးဝံ့သည့် အလီနသတ္တုမင်းသားအကြောင်း ပြောချင်ပါသည်။

ကပိလတိုင်း၊ ဥတ္တရပဉ္စာလမင်းကြီး၏ မိဖုရားသည် သားတစ်ယောက်မွေးတိုင်း ဘီလူးမ၏ အစားခံရသည်။ဘီလူးမသည် တတိယမြောက်သားကိုယူစဉ် မိဖုရားကြီးကအော်သဖြင့် လက်နက်ကိုင်အစောင့်များ ရောက်လာသည်။ထို့ကြောင့် မစားနိုင်တော့ဘဲ ကလေးကိုချီကာ ထွက်ပြေးသွားသည်။ဘီလူးမသည် ကလေးငယ်ကိုချီသွားရင်း မစားရက်တော့ဘဲ သူ့နေရာကိုခေါ်သွားကာ သူ့သားအဖြစ် မွေးထားလေသည်။ထိုကလေးသည် ဘီလူးမကဲ့သို့ပင် လူသားကိုစားပြီး ကြီးပြင်းလာခဲ့သည်။ထိုလူ့ဘီလူးလေး အရွယ်ရောက်လာသောအခါ မိခင်ဘီလူးမလည်း ဘဝပြောင်းသွားလေသည်။

မိဖုရားကြီးမှ စတုတ္ထမြောက် မွေးဖွားလာသော ဇယဒိသသည် အရွယ်ရောက်လာသောအခါ ထီးနန်းကို ဆက်ခံသည်။ဇယဒိသမင်းသည် သားတော်တစ်ယောက် မွေးဖွားသည်။မင်းသားလေး၏ အမည်မှာ အလီနသတ္တုဖြစ်သည်။သူ့ကို အိမ်ရှေ့စံအဖြစ်ထားသည်။တစ်နေ့တွင် ဇယဒိသမင်းသည် သူ၏စစ်သည်အချို့နှင့်အတူ တောတွင်းသို့ သမင်လိုက်ထွက်သည်။လမ်းတွင် သတာရဟတရားလေးဂါထာယူလာသော နန္ဒပုဏ္ဏားနှင့်တွေ့သောအခါ ထိုလေးဂါထာသော တရားကို အပြန်မှ နာယူမည်ဟုပြောပြီး သမင်လိုက်ရန် ထွက်ခဲ့သည်။တောထဲတွင် ဘီလူးမဖမ်းယူသွားသော သူ၏နောင်တော် လူ့ဘီလူးနှင့်တွေ့ကာ အဖမ်းခံရလေသည်။သူက တရားဂါထာလေးပုဒ်ကို နာယူဖို့ ပုဏ္ဏားကို ကတိပေးခဲ့သဖြင့် သူ့ကိုခေတ္တပြန်လွှတ်ပေးရန်နှင့် သူပြန်လာပြီး အစားခံပါမည်ဟု ကတိပေးပြီး တောင်းပန်လိုက်သည်။လူ့ဘီလူးကလည်း သင့်ကတိသာတည်ပါစေဆိုပြီး ပြန်လွှတ်ပေးလိုက်သည်။

ဇယဒိသမင်းလည်း နေပြည်တော်သို့ပြန်လာကာ ပုဏ္ဏားထံမှာ သတာရဟလေးဂါထာကို နာယူကာ အသပြာလေးထောင် ပူဇော်လိုက်သည်။ထို့နောက် သားတော် အိမ်ရှေ့စံ အလီနသတ္တုမင်းသားကိုခေါ်ကာ ထီးနန်းအပ်ခဲ့ပြီး သူကတော့ ဘီလူးဆီမှာ ပေးထားခဲ့သော ကတိကို အပျက်မခံနိုင်၍ ဘီလူးစားသွားခံရမည်ဖြစ်ကြောင်း ရှင်းပြသည်။

သားတော်က ဘခင်ပြန်သွားမှာကိုတားပြီး ဘခင်ကိုယ်စား ဘီလူးဆီ သူသွားမည်ဟု ပြောသည်။ဘခင်က အတန်တန်ငြင်းသော်လည်း သူက မိဘက သူ့အတွက် အရေးကြီးကြောင်း မိဘကျေးဇူးဆပ်ခွင့်ပြုပါရန် အမျိုးမျိုးတောင်းဆိုလေသည်။နောက်ဆုံးတော့ ဇယဒိသမင်းလည်း သူ့သားကို သူ့ကိုယ်စား ဘီလူးထံသို့ လွှတ်လိုက်ရလေသည်။

အလီနသတ္တုမင်းသားလည်း တောထဲသို့ဝင်ပြီး လူ့ဘီလူးရှိရာသို့သွားကာ ဘခင်ကိုယ်စား သူ့ကိုစားရန်ပြောသည်။ထိုအခါ လူ့ဘီလူးသည် အလွန်အံ့သြသွားပြီး သေမှာမကြောက်ဘူးလားဟုမေးတော့ မင်းသားက မိဘအတွက် သူ့အသက်ပေးရမှာဖြစ်လို့ လုံးဝမကြောက်ကြောင်း ပျော်တောင် ပျော်သေးကြောင်း ပြန်ပြောသည်။

လူ့ဘီလူးသည် မင်းသားလေးကို မသတ်ရက်တော့သဖြင့် အသက်ချမ်းသာပေးပြီး တိုင်းပြည်ပြန်ဖို့ ပြောသည်။မင်းသားလေးကလည်း လူ့ဘီလူး၏ ရုပ်လက္ခဏာကိုကြည့်ကာ ဘီလူးတစ်ကောင်ထက် လူတစ်ယောက်နှင့် ပိုတူနေသည်ကို သတိထားမိသည်။ထို့အပြင် မိဘများ၏ပြောစကားအရ သူ့ဘခင်၏ နောင်တော်သုံးဦးအနက် တတိယမြောက်နောင်တော်ကို ဘီလူးဖမ်းသွားကြောင်း သိထားသဖြင့် သံသယဖြစ်လာသည်။ထို့ကြောင့် လူ့ဘီလူးကို မေးမြန်းစုံစမ်းရင်း အပြန်အလှန်ပြောဆိုရာမှ ထိုလူ့ဘီလူးသည် ဘီလူးမဖမ်းသွားသော သူ့ဘကြီးဖြစ်ကြောင်း သိလိုက်ရသည်။သူက အကျိုးအကြောင်းရှင်းပြသောအခါ လူ့ဘီလူးက မယုံကြည်ပေ။သို့နှင့် အကြားအမြင်ရသော ဒိဗ္ဗစက္ခုရသေ့ရှိရာသို့သွား၍ မေးမြန်းကြသည်။ထိုအခါမှ လူ့ဘီလူးက သူသည် ဘီလူးမဟုတ်ဘဲ လူသားတစ်ယောက်ဖြစ်ပြီး ပဉ္စာလမင်းကြီး၏ တတိယသားဖြစ်ကြောင်း သိရသည်။

အလီနသတ္တုမင်းသားက ဘကြီးဖြစ်သူကို နေပြည်တော်လိုက်ခဲ့ရန်ခေါ်သောအခါ မလိုက်ပေ။သူ့အဖြစ်စုံကို သိရသောကြောင့် သံဝေဂရကာ ဒိဗ္ဗစက္ခုရသေ့ကြီးထံတွင် ရသေ့ဝတ်ကာ တရားအားထုတ်နေလေသည်။

မင်းသားလေး တိုင်းပြည်ပြန်ရောက်၍ ဘခင်ကိုပြောပြသော အခါဇယဒိသမင်းကိုယ်တိုင် လိုက်လာပြီး ခေါ်ပြန်သည်။ရသေ့က သူ့အဖြစ်များကိုကြည့်ပြီး သံဝေဂရသည့်အတွက် သေသည့်တိုင် ရသေ့အဖြစ်နှင့် တရားအားထုတ်တော့မည်ဖြစ်ကြောင်း ပြန်ပြောသည်။

မိဘအတွက် အသက်အသေခံရဲသော တူတော်မောင် အလီနသတ္တုမင်းသားကိုလည်း ဂုဏ်ယူကြောင်း ချီးမွမ်းပြောဆိုကာ တောထဲမှာပင် နေခဲ့လေသည်။

တကယ်တော့ မိဘအတွက် အသက်မစွန့်ဝံ့သော်လည်း မိဘများကိုပစ်မထားဘဲ မိဘများကို စိတ်မဆင်းရဲစေဘဲ ကျွေးမွေးပြုစုစောင့်ရှောက်သော သားသမီးများကို လေးစားဂုဏ်ပြုရမည်ဖြစ်သည်။

‘မာတာပိတု ဥပဋ္ဌာနံ ဧတံမင်္ဂလမုတ္တမံ’ အမိအဘကို ပြုစုလုပ်ကျွေးခြင်းသည် မြတ်သော မင်္ဂလာစစ်စစ်ဖြစ်သည်ဟု ဘုရားရှင်က ဆိုထားသည်။

ထိုသားသမီးမျိုးသည် တစ်ချိန်မှာ လိုအပ်လာလျှင် မိဘအတွက် အသက်စွန့်မည့်သူများဖြစ်သည်။

ရိုက်မောင်း