【 ဆောင်းပါး 】 အာဃာတရန်ငြိုး

【 ဆောင်းပါး 】 အာဃာတရန်ငြိုး

“ငါတောင်းပန်ပါတယ်ကွာ။အဲဒီနေ့က ငါအရမ်းမူးနေလို့ပါ”

“ခင်ဗျားကပြောတော့ လွယ်လိုက်တာ။ခင်ဗျားရိုက်လိုက်တဲ့ တုတ်က ကျုပ်ခေါင်းပေါ် တည့်တည့်သာကျလို့ကတော့ ခေါင်းကွဲရုံမဟုတ်ဘူး အသက်တောင်ပါသွားနိုင်တယ်”

“ငါမူးမူးနဲ့ရိုက်လိုက်တာပါကွာ။မင်းကို အသက်အန္တရာယ် ဖြစ်နိုင်တယ်ဆိုတာ ငါလက်ခံပါတယ်။ငါ့ဘက်က ပြောစရာစကားက တစ်ခွန်းထဲရှိပါတယ်။ငါမင်းကို အရင်ကရော၊ အခုရော လုံးဝမမုန်းပါဘူး။ရန်သူလို လုံးဝသဘောမထားပါဘူး။အရက်မူးပြီး သွေးဆိုးလွန်းလို့ အမှတ်တမဲ့ဖြစ်သွားတာပါ။ငါအပြစ်လွတ်အောင် ပြောနေတာ မဟုတ်ပါဘူး။မင်းအနေနဲ့ ရဲကိုတိုင်ပြီး အမှုဖွင့်ရင်လည်း ငါကျေနပ်ပါတယ်။ငါ မင်းကိုမုန်းလို့ တမင်လုပ်တာ မဟုတ်ဘူးဆိုတာကို ရှင်းပြရုံပါ။အဓိကငါပြောချင်တာက ငါ့အပေါ် မကျေမနပ်ဖြစ်ပြီး ရန်ငြိုးတော့ မထားပါနဲ့ကွာ နော်”

“ကဲပါ ကိုကြီးစိုးရယ်။ကျွန်တော် ကိုကြီးစိုးကို ရဲလည်းမတိုင်ဘူး ဘာရန်ငြိုး ဘာအာဃာတမှလည်း မထားဘူး ဟုတ်ပြီလား”

“ညီညီ မင်းတကယ်ပြောတာနော်”

“တကယ်ပြောတာပါ ကိုကြီးစိုးရဲ့။ကျွန်တော်ကလည်း သီချင်းကို စိတ်ပါလက်ပါ ခံစားနေတုန်း ကိုကြီးစိုး မူးနေတာကို သတိမထားဘဲ ရုတ်တရက် စိတ်မထိန်းနိုင်လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာပါ။ကဲပါ စိတ်ထဲ ဘာမှမထားနဲ့တော့။ကျွန်တော်တို့ အိမ်နီးချင်းတွေပဲ။ဘယ်သူ့ဘယ်သူမှ အာဃာတမထားကြေး ဟုတ်ပြီလား”

သူတို့နှစ်ယောက်က ကျွန်တော်တို့လမ်းထဲက အိမ်နီးချင်းတွေပါ။တစ်ညမှာ ကိုစိုးက အရက်မူးပြီး ပြန်လာသည်။လမ်းထိပ်မှာ ညီညီက တစ်ယောက်ထဲ ဂစ်တာတီးရင်း သီချင်းဆိုနေသည်။ကိုစိုးက မူးမူးနှင့် ရစ်သည်။ညီညီကလည်း မနှောင့်ယှက်ဖို့ ပြောသည်။ဒီလိုနှင့် တစ်ယောက် တစ်ခွန်း စကားများပြီး ကိုစိုးက သစ်သားချောင်းတစ်ချောင်း ကောက်ယူကာ ရိုက်လိုက်သည်။ အရမ်းမူးနေတာဆိုတော့ သူ့ကိုယ်သူတောင် မနည်းထိန်းထားရတာလေ။သူ့တုတ်ချက်က ညီညီ့ပခုံးကိုပဲ သွားထိသည်။

အမူးပြေသွားတော့ ကိုစိုးက သူလွန်သွားမှန်းသိကာ ညီညီ့ကို တောင်းပန်သည်။ညီညီကလည်း ဘာမှမဖြစ်ကြောင်း ပြန်ပြောကာ ကျေလည်သွားကြသည်။

တကယ့်ရန်သူတွေလည်းမဟုတ်ဘဲ တစ်လမ်းထဲသားချင်းတွေမို့ တစ်ယောက်နှင့် တစ်ယောက် အာဃာတ ရန်ငြိုးတွေနှင့် အရှည်အရှည်မဖြစ်တာကိုပဲ ကျွန်တော်တို့လူကြီးတွေက ဝမ်းသာပီတိဖြစ်မိသည်။စိတ်သဘောထား မသေးသိမ်ကြသည့် သူတို့လူငယ်တွေ၏ စိတ်ဓာတ်ကို အထင်ကြီး လေးစားမိသည်။

အာဃာတဆိုတာ တစ်စုံတစ်ယောက်အပေါ် မကျေနပ်လို့ အန္တရာယ်ပြုတစ်ခုခုပေးချင်လို့ စိတ်ထဲမှာ အတေးအမှတ်ထားပြီး ရန်ငြိုးဖွဲ့တာပါ။

လူတစ်ယောက်က သူ့ကိုဒုက္ခပေးသော တစ်စုံတစ်ယောက်အပေါ် နာကြည်းမုန်းတီးပြီး ဒုက္ခပြန်ပေးဖို့ ရန်ငြိုးဖွဲ့တတ်သည်။

သူ့ကိုဒုက္ခမပေးသော်လည်း သူကြည်ဖြူနှစ်သက်သောသူကို ဒုက္ခပေးသည့် တစ်စုံတစ်ယောက်အပေါ်မှာလည်း နာကြည်းမုန်းတီးကာ ဒုက္ခပြန်ပေးဖို့ ရန်ငြိုးဖွဲ့တတ်သည်။

တစ်ခါတလေကျတော့ သူကြည့်မရအောင် မုန်းတီးသူကို အကူအညီပေးသည့် တစ်စုံတစ်ယောက်အပေါ် နာကြည်းမုန်းတီးပြီး ဒုက္ခပြန်ပေးဖို့ ရန်ငြိုးဖွဲ့တတ်ပြန်သည်။

ဤသည်ကိုကြည့်ပါက အာဃာတစိတ် ရင်မှာပိုက်ထားသူသည် မကောင်းမြင်စိတ်ရှိတတ်သူဖြစ်ကြောင်း သိနိုင်သည်။တစ်ဖက်သားအပေါ် ရန်လိုစိတ်ပြင်းထန်သူဖြစ်ကြောင်း သိနိုင်သည်။အမြဲလိုလို စိတ်မကျေနပ်တတ်သူ၊ မရောင့်ရဲနိုင်သူ၊ သူများထက်သာချင်သူ၊ သူများအပေါ် မနာလိုဝန်တိုစိတ်ထားလေ့ရှိသူဖြစ်ကြောင်း သိနိုင်သည်။ထိုသူမျိုးသည်သာ သူများအပေါ် ဒုက္ခမရောက် ရောက်အောင် အချိန်ကုန် လူအပင်ပန်းခံကာ အကုသိုလ်စိတ်ကို တမင်မွေးမြူလေ့ရှိသည်။

အဖြစ်အပျက်တစ်ခုအပေါ်မှာ တချို့က အလွယ်တကူ စိတ်ပြေသွားတတ်သော်လည်း တချို့က မကြေနိုင်မချမ်းနိုင်နှင့် စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ဖြစ်ကာ အာဃာတ ရန်ငြိုးဖွဲ့တတ်ကြသည်။

အားလုံးသိထားကြသည့် ဆဒ္ဒန်ဆင်မင်းနှင့် စူဠသုဘဒ္ဒါဇာတ်လမ်းကိုကြည့်ပါက သုဘဒ္ဒါ၏ မပြေနိုင်သော အာဃာတ ရန်ငြိုးကို တွေ့နိုင်ပါသည်။

ဟိမဝန္တာတောတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းက ဆင်ရှစ်ထောင်ကို အုပ်ချုပ်သည်။သူ့မှာ မဟာသုဘဒ္ဒါနှင့် စူဠသုဘဒ္ဒါ ဆင်မိဖုရားနှစ်ပါးရှိသည်။

တစ်နေ့တွင် ဆဒ္ဒန်ဆင်မင်းသည် အင်ကြင်းပင်တစ်ပင်ကို ဦးခေါင်းနှင့်တိုက်ကစားရာ လေကြောဘက်ရှိ မဟာသုဘဒ္ဒါအပေါ်သို့ အင်ကြင်းပန်းဝတ်မှုန် ဝတ်ဆံနှင့် ပွင့်ဖတ်များ လွင့်ကျသည်။လေညာဘက်ရှိ စူဠသုဘဒ္ဒါအပေါ်တွင်ကား ခါချဉ်ကောင်များ လွင့်ကျလာသည်။ဆဒ္ဒန်ဆင်မင်းသည် တမင်ပြုလုပ်သည်ဟု စူဠသုဘဒ္ဒါက ယူဆကာ ဆဒ္ဒန်ဆင်မင်းအပေါ် အငြိုးအာဃာတထားလေသည်။

တစ်နေ့တွင်လည်း ဆဒ္ဒန်ဆင်မင်းသည် ပွင့်ချပ်ခုနစ်လွှာပါရှိသည့် ကြာပွင့်တစ်ပွင့်ကို မဟာသုဘဒ္ဒါအား ပေးပြန်သည်။ဆဒ္ဒန်ဆင်မင်းကို အထင်လွဲနေသော စူဠသုဘဒ္ဒါ၏ အာဃာတက ပိုပြင်းထန်လာပြီး ဆောက်တည်ရာမရအောင် ခံစားမိလေသည်။

အငြိုးကြီးသော စူဠသုဘဒ္ဒါသည် ပစ္စေကဗုဒ္ဓါများကို သစ်သီးများလှူကာ သည်ဘဝမှ ကွယ်လွန်လျှင် သုဘဒ္ဒါအမည်ဖြင့် ဘုရင့်မိဖုရားဖြစ်၍ ဆဒ္ဒန်ဆင်မင်း၏ အစွယ်အစုံကို ဆောင်ယူနိုင်ရပါလို၏ဟု ဆုတောင်းသည်။အစာအာဟာရ လုံးဝမသုံးဆောင်ဘဲ တမင်အစာအငတ်ခံပြီး အသေခံခဲ့သည်။

စူဠသုဘဒ္ဒါသည် နောက်ဘဝတွင် ဗာရာဏသီမင်း၏ မိဖုရားခေါင်ကြီးဖြစ်လာပြီး ဆဒ္ဒန်ဆင်မင်း၏ အစွယ် လိုချင်ပါသည် မရလျှင် သေပွဲဝင်ရပါမည်ဟု ဘုရင်ကြီးကို ပူဆာသည်။ဘုရင်လည်း ဆင်စွယ်ကို ရှာဖွေဆောင်ယူစေရန် နိုင်ငံအတွင်းရှိ မုဆိုးအကျော်အမော်များကို ခေါ်ယူသည်။

စူဠသုဘဒ္ဒါသည် ခန္ဓာကိုယ်ကြီးမားပြီး ခွန်အားဗလတောင့်တင်းသော သောဏုတ္တရမုဆိုးကို ရွေးချယ်လိုက်သည်။ဟိမဝန္တာတောတွင် ယခင်ဘဝက သူခံစားရပုံများနှင့် ဆုတောင်းခဲ့ပုံများကို ရှင်းပြသည်။ဆင်မင်း၏နေရာ၊ နားခိုရာ၊ ရေချိုးဆိပ်၊ ရေစစ်သည့်နေရာတို့ကို အသးစိတ်ပြောပြသည်။

သောဏုတ္တရသည် ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တိတိ ခရီးအပြင်းနှင်ပြီးမှ ဆဒ္ဒန်ဆင်မင်း၏ နေရာကို ရောက်သည်။နေ့စဉ် ဆင်မင်း၏ သွားလာလှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်သည်။ဆင်မင်းရေချိုးပြီး လာရပ်နေကျနေရာမှာ တွင်းတူးသည်။တွင်းထဲမှ ဒေါက်တိုင်ခံ၍ အပေါ်မှ ပျဉ်ချပ်များ စီခင်းသည်။ပျဉ်ချပ်တွင် မြားထွက်နိုင်ရုံ အပေါက်တစ်ပေါက် ဖောက်ထားသည်။ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ဆင်ကာ လေးနှင့် မြားကိုယူပြီး တွင်းထဲတွင် ဝင်နေလိုက်သည်။

ဆဒ္ဒန်ဆင်မင်းသည် ရေချိုးပြီး ရေစစ်ရန် ရပ်နေချိန်တွင် မုဆိုးသည် အပေါက်ငယ်မှ မြားဖြင့်ပစ်လိုက်ရာ ဆင်မင်း၏ ချက်မှဝင်ပြီး ကျောဘက်မှ ပေါက်ထွက်သွားသည်။ဆင်မင်းသည် နာကျင်စွာ အော်မိသည်။ဆင်မင်း၏အဖြစ်ကို တွေ့ရသော ဆင်အပေါင်းသည် ရန်သူကိုရှာရန် အပြေးထွက်သွားကြသည်။

ဆင်မင်းက သူ့ကို မြားနှင့်ပစ်သော ရန်သူသည် ဝေးဝေးမှာမရှိဘဲ သူ့အောက်တည့်တည့်မှာပဲ ရှိနေသည်ကို သိ၏။ခွာဖြင့်ရှပ်၍ တွင်းကိုဖိလိုက်ရာ သောဏုတ္တရမုဆိုးကို တွေ့ရသည်။ဆင်မင်းလည်း သင်္ကန်းကိုမြင်လိုက်သောခဏ ဒေါသများ လုံးဝလျော့ကျသွားလေသည်။မုဆိုးကို အကျိုးအကြောင်း မေးသောအခါ မုဆိုးက စူဠသုဘဒ္ဒါ စေခိုင်းလို့ အစွယ်ယူရန်လာကြောင်း ရှင်းပြသည်။

စူဠသုဘဒ္ဒါသည် သူ၏အစွယ်ကိုလိုချင်လို့ မဟုတ်ဘဲ သူ့အသက်ကို သတ်လို၍ဖြစ်ကြောင်းပြောကာ မုဆိုးအား သူ့အစွယ်ကို သူကိုယ်တိုင် ဖြတ်ပေးသည်။သူ့အစွယ်၏ အာနုဘော်ကြောင့် အပြန်ခရီးကို ခုနစ်ရက်အတွင်း ရောက်လိမ့်မည်ဟုမှာပြီး အသက်ထွက်သွားလေတော့သည်။

သောဏုတ္တရမုဆိုးလည်း ခုနစ်ရက်မပြည့်မီမှာပင် ဗာရာဏသီပြည်ကို ပြန်ရောက်ပြီး စူဠသုဘဒ္ဒါထံသို့ ဆဒ္ဒန်ဆင်မင်း၏ အစွယ်တစ်စုံကို ပေးအပ်လိုက်သည်။

စူဠသုဘဒ္ဒါသည် အစွယ်များကို စိုက်ကြည့်ရင်း ယခင်က ဆဒ္ဒန်ဆင်မင်းနှင့် ကြင်နာခဲ့ပုံများ အငြိုးထားဖြစ်ပုံများအားလုံးကို ပြန်မြင်ကာ လွမ်းစိတ် တမ်းတစိတ်တို့ဖြင့် ကြေကွဲစွာခံစားရပြီး နှလုံးကွဲကာ အစွယ်ကိုပွေ့လျက် သေဆုံးခဲ့လေတော့သည်။

အာဃာတ ရန်ငြိုးဖွဲ့မိသူ စူဠသုဘဒ္ဒါသည် သူချစ်ရလွန်းသူ ရက်ရက်စက်စက် အသတ်ခံရပြီး တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်း မပျော်ရွှင်နိုင်ဘဲ သောကအပူတွေနှင့် နေရသည်။သောက အပူဝေပြီး သေခဲ့ရသည်။

အာဃာတ ရန်ငြိုးနှင့် တစ်ခဏမက၊ တစ်ဘဝမက၊ တစ်သံသရာလုံးထိတိုင် အစွဲအလမ်းကြီးစွာ မုန်းနိုင်ရက်သည့်သူမျိုးကတော့ ကိုယ့်ဒုက္ခကိုယ်ရှာသူသာဖြစ်သည်။အာဃာတစိတ်ကို မဖျောက်နိုင်သမျှ ပူပင်သောကရနေမှာပါ။အနှိုင်းမဲ့ ဆိုးကျိုးတွေနဲ့ ကြုံတွေ့ရမှာပါ။

“ဤသူသည် ငါ့ကိုဆဲရေး၏၊ ငါ့ကိုညှင်းဆဲ၏၊ ငါ့ကိုနိုင်၏၊ ငါ့ဥစ္စာကိုခိုး၏ဟူ၍ စိတ်၌အမျက်ထားလျက် ရန်ငြိုးဖွဲ့သူတို့မှာ ရန်သည်မငြိမ်းပေ”။

“ဤသူသည် ငါ့ကိုဆဲရေး၏၊ ငါ့ကိုညှင်းဆဲ၏၊ ငါ့ကိုနိုင်၏၊ ငါ့ဥစ္စာကိုခိုး၏ဟူ၍ စိတ်၌အမျက်မထား ရန်ငြိုးမဖွဲ့သူတို့မှာ ရန်သည်ငြိမ်းလေသည်”။

(ဓမ္မပဒ)

ရိုက်မောင်း
Photo Credit - google