【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၄)

【 ဆောင်းပါး 】 အာဃာတရန်ငြိုး (၄)

“ဒီအချိန်က သင်ဒီလိုလုပ်ရမယ့်အချိန် မဟုတ်သေးဘူး။သံဃာအပေါင်းကို ဦးဆောင်ဖို့ အသာထား သင့်ရဟန်းကိစ္စပြီးအောင် အရင်ကြိုးစားရမှာလေ။သင်အပါအဝင် အယုတ်အလတ်အမြတ်ဖြစ်ကုန်သော ငါ့သား ရဟန်းအပေါင်းက ငါဘုရားကို ရည်မှန်းပြီး ရဟန်းပြုလာတာ။ငါကလွဲပြီး တခြားသူတစ်ယောက်ယောက်ကို လွှဲပေးလို့ ဖြစ်ပါ့မလား။တကယ်တမ်းလွှဲဖို့လိုတယ်ဆိုရင်လည်း သာဝကရဟန်းအားလုံးမှာ အထူးချွန်ဆုံးဖြစ်တဲ့ သာရိပုတ္တရာနဲ့ မောဂ္ဂလာန်ကို အပ်မှာပေါ့”

“အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် ကိလေသာကင်းအောင် မကြိုးစားနိုင်သေးဘဲ စားဝတ်နေရေးနဲ့ နေရာကောင်းရဖို့လောက်ပဲ အာရုံထားနေတဲ့ သင့်ကို ငါ့ရဟန်းသံဃာတွေ လွှဲအပ်ဖို့ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ။သေသေချာချာပဲ စဉ်းစားပါဦး”

တစ်နေ့ ..... ဘုရားရှင်က သံဃာပရိတ်သတ်တွေကို တရားဟောနေစဉ်မှာ ဒေဝဒတ်သည် သူ့ပရိသတ်အနည်းငယ်နှင့်အတူ ဘုရားရှင်ရှေ့သို့ ဝင်လာသည်။ထို့နောက် ဘုရားရှင်က အသက်အရွယ်လည်းကြီး အတွေးအခေါ်တွေလည်း ဟောင်းနွမ်းနေပြီဖြစ်လို့ နေရာဖယ်ပေးပြီး သူက ဘုရားရှင်နေရာ ဝင်ပေးမှာမို့ ရဟန်းပရိသတ်အားလုံးကို သူ့ဆီလွှဲပေးရန် တောင်းဆိုသည်။

ထို့ကြောင့် ဘုရားရှင်က ဖော်ပြပါအတိုင်း သူသိအောင် ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

ဘုရားရှင်က သူ့ကို အကျိုးအကြောင်းပြ၍ ငြင်းပယ်လိုက်သောအခါ ပရိသတ်အလယ်မှာ သူ့အရှက်ကို ခွဲရပါမလားဆိုပြီး အရှက်ရ အမျက်ထကာ ဘုရားရှင်အပေါ် အာဃာတရန်ငြိုး အစပျိုးခဲ့လေတော့သည်။

လိုချင်တပ်မက်မှု လောဘသည် သတ္တဝါအားလုံး၏ အကျင့်ကောင်းတွေကို ဖျက်ဆီးပစ်သည်။သတ္တဝါတို့သည် သူတို့လိုချင်တာရနေရင် လောဘတောထဲမှာ ကျေနပ်ပျော်ရွှင်နေကြ၏။သူတို့လိုချင်တာမရခဲ့ရင် ဖြစ်ချင်တာမဖြစ်ခဲ့ရင် အလိုမကျမှု ဒေါသစိတ်တွေ ရောက်လာသည်။ထိုအခါ သူတို့ကို စိတ်ဆင်းရဲစေသူအပေါ် အာဃာတရန်ငြိုးထားတော့သည်။တချို့ဆိုရင် ဖြစ်ချင်သော လောဘဆန္ဒက လိုတာထက် အဆမတန်ကြီးမားပြီး သူတို့မှာလည်း ထိုနေရာနှင့်ထိုက်တန်သော အရည်အချင်း လုံးဝမရှိပေ။သို့သော်လည်း ဖြစ်ချင်တာနှင့် ဖြစ်နိုင်တာကို မကွဲပြားဘဲ သူတို့ဖြစ်ချင်တာကို မရမကလုပ်နိုင်တာက သူရဲကောင်းလို့ တလွဲတွေးတတ်လေသည်။သူတို့ တလွဲအတွေးက သူတို့ကို ငရဲပေးတော့မှာကိုလည်း မဆင်ခြင်နိုင်လောက်အောင် မသိမှုအဝိဇ္ဇာ အမှောင်ကမ္ဘာက သူတို့ကို ဖုံးအုပ်ထားလေသည်။

ဒေဝဒတ်သည် ထိုကဲ့သို့သောသူတို့အထဲတွင် အဓိပတိဖြစ်မည် ထင်သည်။သူ၏ အတ္တကြီးမှုကို အများအတွက်လို့ ဆင်ခြေပေးသည်။ထိုက်ထိုက်တန်တန် အောင်မြင်နေသူတွေကိုလည်း မနာလိုဝန်တိုစိတ်ပွားသည်။သူ့မှာ အရည်အချင်းမရှိတာကို ဖြည့်ဆည်းဖို့ မကြိုးစားဘဲ သူ့ပတ်ဝန်းကျင်မှာရှိသူတွေကို အမျိုးမျိုးပြဿနာရှာသည်။နောက်ဆုံးမှာ သူ့ရဟန်းဘဝကို စတင်စေခဲ့သော အမြဲတမ်းအမှန်တရားကို နည်းအမျိုးမျိုးနှင့် ဟောပြ ညွှန်ပြနေသော ဗုဒ္ဓဘုရားရှင်ကိုပင် အဓိကတရားခံအဖြစ် စွဲချက်တင်ကာ အာဃာတရန်ငြိုး ထားခဲ့လေသည်။

တကယ်တော့ ဒေဝဒတ်သည် ဘုရားရှင်ထံမှာ ရဟန်းဝတ်ခဲ့သူပါ။ သူအပါအဝင် ရဟန်းခုနစ်ပါးအနက် အာနန္ဒာသည် သောတာပန်အရိယာဖြစ်ခဲ့သည်။ကျန်ငါးပါးသည် ရဟန္တာများဖြစ်ခဲ့သည်။သူတစ်ဦးတည်းသာ အရိယာမဖြစ်ဘဲ သာမန်ပုထုဇဉ် ရဟန်းအဖြစ် ကျန်ရှိသည်။သို့သော် သူက အရိယာဖြစ်ရန် တရားအားထုတ်ခြင်းမပြုဘဲ သမာဓိကြောင့် ရရှိထားသည့် ဈာန်သမာပတ်အပေါ် သာယာနေသည်။အဂ္ဂသာဝကနှစ်ပါးဖြစ်သော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့အပေါ် မနာလိုဝန်တိုစိတ် ထားသည်။ယောက်ဖတော်စပ်သည့် သူ့ကို နေရာမပေးဘဲ တခြားသူများကို နေရာပေးသည်ဆိုပြီး ဘုရားရှင်ကိုလည်း မကျေမနပ်ဖြစ်ခဲ့သည်။သူရရှိထားသော ဈာန်သမာပတ်ကို အသုံးပြု၍ အဇာတသတ်မင်းသားကို အပိုင်စည်းရုံး သိမ်းသွင်းနိုင်ပြီးနောက် လာဘ်လာဘပေါများကာ အခြံအရံပရိသတ်လည်း အတော်အသင့်ရှိလာသည်။ထိုအခါ လောဘတွေစွတ်တက်ကာ ဘုရားရှင်ကို နေရာဖယ်ခိုင်း၍ သူကိုယ်တိုင် ဘုရားလုပ်ဖို့ ကြံစည်တော့သည်။

ထိုသို့စိတ်ကူးသည့်အချိန်မှာပင် သူရရှိထားသော ဈာန်သမာပတ်များ အကုန်ပျောက်ကွယ်လေတော့သည်။ထို့နောက် သူသည် အဇာတသတ်ကို ဘခင်သေသည့်အချိန်ထိ စောင့်မနေဘဲ အချိန်ရှိတုန်းမှာ ဘုရင်လုပ်ဖို့နှင့် သူကိုယ်တိုင်လည်း ဘုရားရှင်ကိုသတ်ပြီး ဘုရားနေရာကို ရအောင်ယူမှာလို့ ပြောသည်။အဇာတသတ်သည် ဘခင် ဗိမ္မိသာရမင်းကြီးက လိုလိုချင်ချင် လွှဲအပ်ပေးလို့ ဘုရင်ဖြစ်လာသော်လည်း ဒေဝဒတ်က သစ်ပင်ကို အမြစ်ပါမကျန် ရှင်းပစ်သကဲ့သို့ ထီးနန်းကို လုနိုင်သည့် ရန်သူကိုလည်း အပြတ်ရှင်းပစ်ရမည်ဖြစ်ကြောင်း အကြံဆိုးများပေးကာ အဇာတသတ်ကို အဘသတ်သားဖြစ်စေခဲ့သည်။

သူကိုယ်တိုင်လည်း ဘုရားရှင်ကို သတ်ရန် ကြံစည်သည်။အဇာတသတ်မင်းထံမှ လေးသမားများတောင်း၍ ဘုရားရှင်ကို မြားနှင့် ပစ်သတ်စေသည်။သူတို့ပစ်သော မြားတို့သည် ဘုရားရှင်ဆီသို့ပင်မရောက်ဘဲ လမ်းမှာပျောက်ကုန်သည်။ထိုအခါ လေးသမားများသည် အသက်မရှိ အသိမရှိသော မြားကတောင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးကိုသိပြီး အသက်လည်းရှိ အသိလည်းရှိသောသူတို့က ဘုရားရှင်၏ ဂုဏ်ကျေးဇူးကိုမသိဘဲ ပြစ်မှားနေမိကြောင်း သဘောပေါက်သွားသည်။ထို့ကြောင့် သူတို့အားလုံး ဘုရားရှင်ကို ဝန်ချတောင်းပန်ကာ ရဟန်းဝတ်လိုက်ကြသည်။

ထိုအခါ ဒေဝဒတ်က ဘုရားရှင်ကို သူကိုယ်တိုင်သတ်မည်ဟုဆိုကာ ဘုရားရှင် တောင်အောက်မှာ လမ်းလျှောက်လာစဉ် သူက တောင်ကုန်းပေါ်မှ ကျောက်တုံးကို လှိမ့်ချသည်။ဘုရားရှင်၏ ခြေမတစ်ဖက်တွင် သွေးစိမ်းတည်သွား၏။တစ်ဖန် အဇာသတ်ထံမှ အားခွန်ဗလနှင့် ပြည့်စုံပြီး အလွန်ဒေါသကြီး ရိုင်းစိုင်းသော နာဠာဂီရိဆင်ကို တောင်းသည်။ဆင်ကြီးကို အရက်မူးအောင်တိုက်ကာ ဆွမ်းခံကြွလာသော ဘုရားရှင်ကို သတ်စေသည်။အရက်မူးနေသော ဆင်ကြီးသည် ဘုရားရှင်ထံသို့ တစ်ဟုန်ထိုးပြေးလာသော်လည်း ဘုရားရှင်၏ မေတ္တာကြောင့် အနားသို့ရောက်သည့်အခါ ဘုရားရှင်ကို မသတ်သည့်အပြင် ဘုရားရှင်ရှေ့မှာ ဒူးတုတ်ထိုင်ကာ ဘုရားရှင်ကို အရိုအသေပင်ပေးလေသည်။ထိုအခါ ပြည်သူအပေါင်းတို့သည် ဒေဝဒတ်၏ ယုတ်မာသော အကြံကြောင့် အဇာတသတ်က ဘခင် ဗိမ္မိသာရမင်းကြီးကို သတ်ခဲ့ခြင်း ဒေဝဒတ်ကိုယ်တိုင် ဘုရားရှင်ကို သတ်ဖို့ ကြိုးစားခြင်းများကို မြင်တွေ့နေရလေသည်။ထို့ကြောင့် ဒေဝဒတ်ကို ဘယ်သူမှ ဆွမ်းလောင်းခြင်း ထောက်ခံခြင်း မပြုလုပ်တော့ပေ။

ဒေဝဒတ်တစ်ယောက် လှူမည့်သူမရှိ ကူမည့်သူမရှိနှင့် စားရမဲ့ သောက်ရမဲ့ဘဝသို့ နေ့ချင်းညချင်း ရောက်ရှိသွားလေသည်။ဒေဝဒတ်သည် အားမလျှော့သေးဘဲ သူနှင့်အလိုတူအလိုပါအဖြစ် နောက်ဆုံးကျန်ရှိနေသော ရဟန်းလေးပါးနှင့် တိုင်ပင်ကာ ဘုရားရှင်၏ တပည့်သံဃာများကို သင်းခွဲရန် ကြိုးစားပြန်သည်။ရဟန်းသံဃာတို့ကို ရွာအနီးကျောင်းမှာ မနေစေဘဲ တောထဲမှာ သာနေစေရန်၊ သစ်တစ်ပင်ဝါးတစ်ပင်အောက်မှာသာ နေစေရန်၊ ဒါယကာ ဒါယိကာမတို့ ပို့ပေးသော ဆွမ်းကို မစားစေဘဲ အမြဲဆွမ်းခံပြီးမှသာ စားစေရန်၊ ဒါယကာတို့ ပေးလှူသော သင်္ကန်းကို မဝတ်ဆင်စေဘဲ သုသာန်မှရသော ပံ့သကူသင်္ကန်းကိုသာ ဝတ်ဆင်စေရန်၊ ငါး အမဲ စသော အသားကို မစားစေဘဲ မြေမှပေါက်သော အသီးအရွက် စသည်ကိုသာ စားစေရန် သတ်မှတ်ပေးဖို့ တောင်းဆိုသည်။

ဘုရားရှင်က သာသနာအဓွန့်ရှည်ဖို့နှင့် မဂ္ဂင်ရှစ်ပါးလမ်းစဉ်အတိုင်းကျင့်ဖို့ အဓိကကျပြီး အစွန်းရောက်နိုင်သည့် အကျင့်များကို သတ်မှတ်လို့ မဖြစ်ကြောင်း ရှင်းပြသည်။ဒေဝဒတ်သည် ဘုရားရှင်ဆိုလိုသည်ကို သဘောပေါက်သော်လည်း ဉာဏ်နည်းသော ရဟန်းများ ဇဝေဇဝါဖြစ်အောင် ဘုရားရှင်သည် ဆင်းရဲဒုက္ခမှလွတ်အောင် ကျင့်ကြံရမည့်အစား အပင်ပန်းမခံဘဲ သက်သက်သာသာ စားသောက်နေထိုင်သည့်အတွက် ထိုလမ်းစဉ်သည် တရားမရနိုင်ကြောင်း ထောက်ပြသည်။ဉာဏ်နည်းသူ တချို့ရဟန်းများသည် ဘုရားရှင်ကို အထင်လွဲကာ ဒေဝဒတ်နောက်သို့ လိုက်သွားကြသည်။

ဒေဝဒတ်နှင့် လိုက်သွားသော ရဟန်းများသည် အမိုးအကာရှိသော ကျောင်းမှာ မနေရဘဲ တောထဲမှာ သစ်ပင်အောက်မှာနေရသည်။ဒါယကာများ လှူသမျှ ဆွမ်း သင်္ကန်းတို့ကို လက်မခံကြရ။ဆွမ်းခံထွက်၍ အသားငါးများပါရင်လည်း မစားရပြန်တာမို့ အအိပ်ပျက် အစားပျက်ကာ တရားမရသည့်အပြင် ခန္ဓာကိုယ်လည်းပင်ပန်း စိတ်လည်းဆင်းရဲကာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။

ဒေဝဒတ်ကိုယ်တိုင်လည်း ပင်ပန်းဆင်းရဲခံနေရပြီး သူ့နောက်ပါလာသော ရဟန်းငါးရာ ပြန်ပြေး မသွားဖြစ်အောင် တရားဟောကာ ဆွဲဆောင်ရသေးသည်။ ထိုအချိန်တွင် ဘုရားရှင်၏ စေလွှတ်မှုကြောင့် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ရောက်လာသည်။ဒေဝဒတ်က သူတို့နှစ်ပါးလည်း သူ့ဘက်ပါလာပြီထင်ကာ အားရဝမ်းသာဖြစ်နေသည်။

အဂ္ဂသာဝကနှစ်ပါးက ဘာမှမပြောဘဲ သူတရားဟောနေသည်ကို အလိုက်သင့် နားထောင်နေလိုက်၏။ဒေဝဒတ်သည် သူတရားဟောပြီးသောအခါ အဂ္ဂသာဝကများကို သူ့ပရိသတ် ရဟန်းများအား တရားဆက်ဟောပေးရန်မှာကာ သူကအိပ်ရေးပျက်ပြီး ညောင်းညာနေလို့ဆိုကာ အနားယူ အိပ်စက်နေလေသည်။အဂ္ဂသာဝကနှစ်ပါးလည်း တစ်ညလုံး သစ္စာလေးပါးတရားကို တစ်လှည့်စီ ဟောကြသည်။မနက်မိုးလင်းလို့ ဒေဝဒတ် နိုးလာသောအခါ အဂ္ဂသာဝကနှစ်ပါးက ဒေဝဒတ်ကို နှုတ်ဆက်ကာ ပြန်သွားသည်။ထိုအခါ သောတာပန် အရိယာတွေဖြစ်ကုန်သော ဒေဝဒတ်၏ ပရိတ်သတ်ငါးရာလုံး ဘုရားရှင်ထံသို့  လိုက်သွားကြလေသည်။

ထိုအခါ ဒေဝဒတ်တို့ ငါးပါးသာ ကျန်ရစ်ပြီး ဒေဝဒတ်လည်း လူပင်ပန်းတာရော စိတ်ဖိစီးတာရော ပေါင်းကာ ခံတွင်းမှ သွေးပွက်ပွက်အန်ကာ အိပ်ရာမှ လုံးဝမထနိုင်တော့ပေ။

သည်တော့မှ ဒေဝဒတ်တစ်ယောက် ဘုရားရှင်အပေါ် အာဃာတရန်ငြိုးဖွဲ့ကာ ပြစ်မှားမိသည်များကို သတိရကာ ကြောက်လန့်တုန်လှုပ်သွားသည်။ထို့ကြောင့် ဘုရားရှင်ကို ဝန်ချတောင်းပန်ချင်သည်ဆိုသောကြောင့် သူ့အဖော် ရဟန်းများက သူ့ကိုထမ်းစင်နှင့်ထမ်းကာ ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်သွားကြလေသည်။ဇေတဝန်ကျောင်းအနီး ရေကန်သို့ရောက်သောအခါ သူ့ကိုထမ်းလာသော ရဟန်းများက မျက်နှာသစ် ခြေလက်ဆေးကြောကြသည်။ဒေဝဒတ်လည်း ရေသန့်စင်ရန် ခြေထောက်တစ်ဖက်ကို အောက်ချလိုက်သည်နှင့် သူ့ခြေထောက်ကို ကမ္ဘာမြေကြီးက ဆွဲယူတာ ခံလိုက်ရသည်။ဘယ်လိုမှပြန်ရုန်းလို့မရတော့ဘဲ အဝီစိအထိ ဆွဲခေါ်သွားတာကို ခံလိုက်ရပါတော့သည်။

အာဃာရန်ငြိုးကို အစပျိုးလိုက်သည်နှင့် စိတ်ပင်ပန်း လူပင်ပန်းကာ ရင်မှာပူပင်ရသည်။သောကများရသည်။အလိုမကျသောအခါ ဒေါသတွေပွားရသည်။သူလျှောက်သည့် အဓမ္မလမ်းမှာလည်း ခန္ဓာကိုယ်သာ ချမ်းသာရင် ချမ်းသာမည် စိတ်ကတော့ တစ်ချက်ကလေး တစ်စက်ကလေးတောင် မချမ်းသာနိုင်ခဲ့ပေ။ နောက်ဆုံး နိဂုံးသတ်ချိန်မှာလည်း အပယ်ငရဲမှာ အမုန်းကြွေး အာဃာတကြွေးတွေကို ပြန်ဆပ်ရဦးမှာ။

ဒေဝဒတ်လို လူမျိုးက လောဘရူးလို့ ပြောရမည်။မိစ္ဆာဒိဋ္ဌိလည်းမဟုတ်။ဗုဒ္ဓသာသနာနှင့်လည်း ကြုံနေသား။ပြီးတော့ ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်။ဒါပေမဲ့ လောဘက လာပူးတာကို ခံရတော့ လောဘရူးဖြစ်ပြီး သူမှန်လား၊ မှားလားလည်း မသိတော့။တခြားလူတွေကိုလည်း လူကောင်းလား၊ လူဆိုးလား မခွဲခြားနိုင်တော့။သူမြင်တာ တစ်ခုတည်းပဲရှိသည်။သူဖြစ်ချင်နေသည့် လောဘ။

ရိုက်မောင်း
Photo - Theravada-vn