【 ဆောင်းပါး 】 အားထားနေရသော တရုတ်ခရီးသွားများ

【 ဆောင်းပါး 】 အားထားနေရသော တရုတ်ခရီးသွားများ

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခရီးသွားဧည့်သည်များက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။

ပထဝီရေမြေသဘာဝချင်း ဆက်စပ်တည်ရှိနေသလို ဘာသာရေးအရ ဗုဒ္ဓဘာသာကိုးကွယ်သူလည်း များပြားခြင်းကြောင့် ယင်းခရီးသွားများက ဘုရားစေတီများသို့ လာရောက်ဖူးမြော် ကြည်ညိုကြသည်။အချို့မှာလည်း ဘုရားဖူးရင်း အပန်းဖြေအဖြစ် လာရောက်ခြင်းများလည်းရှိကြသည်။

ကပ်ရောဂါမတိုင်မီ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များမှာ နယ်စပ်အပါအဝင် လေကြောင်း၊ အပျော်စီးသင်္ဘော၊ ဗီဇာ စသည်ဖြင့် လာရောက်ခဲ့ပြီး လာရောက်သူဦးရေမှာ ၄,၃၆၄,၁၀၀ ကျော်ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

ထိုလာရောက်သည့် ကမ္ဘာလှည့်ခရီး သွားဧည့်သည်များအနက်တွင် တရုတ်ခရီးသွားဧည့်သည်များမှာ ၇၄၉,၀၀၀ ကျော်ရှိခဲ့ပြီး ယင်းတစ်နှစ်တာအတွင်း လာရောက်သည့် ခရီးသွားများသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် လူဦးရေ လေးသိန်းကျော်တိုး၍ ဝင်ရောက်ခဲ့သည်ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုထားသည်။

အနောက်နိုင်ငံများမှ ကမ္ဘာလှည့် ဧည့်သည်များ ဝင်ရောက်မှုကျဲလာချိန်တွင် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ စတင်၍ ဗီဇာဖြေလျှော့မှုများကို လုပ်ဆောင်ကာ ခရီးသွားဧည့်သည်များ များပြားလာရန် လုပ်ဆောင်သည့်အခါ တရုတ်ခရီးသွားဧည့်သည်များ များလာပြီး ယင်းဧည့်သည်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက်ကိုလည်း ကော်မတီများဖွဲ့စည်းကာ လုပ်ဆောင်ကူညီပေးခဲ့ကြရသည်။

တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါဖြစ်ပွားလာသည့် ၂၀၁၉ နှစ်ကုန်၊ ၂၀၂၀ နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းလာခဲ့ပြီး ကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၀ မတ်လနှောင်းပိုင်းတွင် ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ မူဝါဒများဖြင့် ကန့်သတ်မှုများကြောင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မရှိသလောက်အခြေအနေမျိုး ဖြစ်သွားခဲ့သည်။ယင်းနောက်မှ ကပ်ရောဂါ ကျဆင်းလာချိန်တွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဗီဇာဆိုင်ရာ ဖြေလျှော့မှုများကို လုပ်ဆောင်ပေးလာခဲ့သည်။ပြည်တွင်းတွင် ကျဆင်းသွားခဲ့သော ခရီးသွားလုပ်ငန်းများကို ပြန်လည်အားယူကာ ရှင်သန်နိုင်စေရန်အတွက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအမံများဖြင့် အကောင်အထည်ဖော်ပေးလာခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါ ကျဆင်းလာမှုနှင့်အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာ၌ မြန်မာနိုင်ငံကလည်း အပါအဝင် လုပ်ဆောင်နေလျက်ရှိသည်။အိမ်နီးချင်းဖြစ်သော တရုတ်အပါအဝင် အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍လည်း ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာရန် မြန်မာနိုင်ငံက လက်တွဲဖော်ဆောင်လာခဲ့ကြသည်။

၂၀၂၂ ခုနှစ်အတွင်း ဗီဇာဆိုင်ရာ ဖြေလျှော့မှုများစွာအပြင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်သည့်အခါ လွယ်ကူစေရန်အတွက် အခက်အခဲဖြစ်နိုင်မည့် အခြေအနေအားလုံးကို ဖြေလျှော့ပေးလာခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်အတွက်လည်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ကူမင်းမြို့၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာခရီးသွားပြပွဲတွင် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများမှလည်း သွားရောက်ပြသခဲ့ကာ ခရီးသွားလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရန် အားယူကာ လုပ်ဆောင်ခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် သန်း ၇၀၀ ခန့် လှည့်လည်ဝင်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင်လည်း တစ်ဆထက် တစ်ဆတိုး၍ တက်ဝင်ရောက်နေလျက်ရှိသည်။ကပ်ရောဂါမတိုင်ခင်နှစ်များက အခြေအနေကဲ့သို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်ရောက်လာစေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များချကာ လုပ်ဆောင်နေလျက်ရှိသည်။

ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ ခရီးသွားဈေးကွက်များရရှိကာ ယင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်လာရေးအတွက် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်များအနက် အင်အားကြီးမားသော ပြည်ပဈေးကွက်တစ်ခုဖြစ်သည့် တရုတ်ခရီးသွားဈေးကွက် ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်ကလည်း တရုတ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြပြီး တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်စေရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ယနေ့ခေတ် အချိန်ကာလတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်က ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်၍ စတင်လာခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုမှာ သိသာစွာများပြားလာခဲ့ပြီး မြန်မာ့ခရီးသွားလုပ်ငန်းသည်လည်း ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ကာ ၂၀၂၃ ခုနှစ် မတ်လအထိ ကာလအတွင်းဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင်ရောက်ခဲ့သည်။ယင်းပမာဏသည် ယမန်နှစ် ကာလတူက ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည်ဦးရေ ၁၂၇,၉၈၉ ဦးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပိုမိုတိုးလာသည့် အခြေအနေမျိုးလည်းဖြစ်သည်။အဆိုပါဝင်ရောက်လာသော ခရီးသွားဧည့်သည် ၃၆၇,၃၆၈ ဦး အနက်တွင် ၄၈,၃၄၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၁၃ ဒသမ ၁၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသွားဧည့်သည်များလည်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများတွင် ဖော်ပြထားလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုလာရောက်ရန် ကြိုးပမ်းလျက်ရှိပြီး အိန္ဒိယ၊ ရုရှား၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အခြားသောနိုင်ငံများမှ ကမ္ဘာလှည့်ဧည့်သည်များကို ပိုမိုဝင်ရောက်လာရန်အတွက်ကိုလည်း ကြိုးပမ်းနေလျက်ရှိသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွားဧည့်သည်များမှာ ပုဂံ၊ မန္တလေး စသည့် ဒေသများအပြင် ကျိုက်ထီးရိုးစေတီ၊ ရွှေတိဂုံစေတီ၊ အင်းလေးကန်အပါအဝင် မြန်မာနိုင်ငံရှိ ထင်ရှားသော နေရာများသို့ အများဆုံးသွားရောက်ကြသလို ငပလီ၊ ငွေဆောင်၊ ချောင်းသာ စသည့် ကမ်းခြေများ၌လည်း အပန်းဖြေလာရောက်ခြင်းများရှိခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုလက်ရာတွေ၊ အနုသုခုမလက်ရာတွေနဲ့ ရေမြေတောတောင်ရှုခင်းတွေကလည်း ခရီးသွားတွေအတွက် စိတ်ဝင်စားစရာဖြစ်စေမှာပါ” ဟုလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ရိုးရာလက်မှုလုပ်ငန်းများအပါအဝင် ခရီးသွားဧည့်သည်များ စိတ်ဝင်စားစေမည့် အခြေအနေမျိုးဖြင့် ခရီးသွားလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးရန် လုပ်ဆောင်နေခြင်းများလည်းရှိသည်။

တရုတ်နိုင်ငံဘက်မှလည်း ယင်းနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်မည့်သူများအတွက် မူဝါဒများဖြေလျှော့ကာ လုပ်ဆောင်ပေးနေလျက်ရှိရာ အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံသို့လည်း အလည်အပတ်ရောက်လာသူများရှိလာသည်။ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနေပြီး တစ်စထက် တစ်စ တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းများလည်း တိုးလာလျက်ရှိရာ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူကောင်းများ ဖြစ်လာစေခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာအတွင်းတွင် တရုတ်နိုင်ငံရှိ TikTok ၌ ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ အချက်အလက်များနှင့် ယဉ်ကျေးမှုအခြေအနေများကို တရုတ်နိုင်ငံသားတိုင်း သိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြသည်။ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံကြားတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအကြား communication channel တည်ဆောက် နိုင်ရေးအတွက် လိုအပ်သည့် အစီအစဉ်များနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးလာခဲ့ကြသည်။

ထို့ကြောင့်ပင် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးမှုနှင့်အတူ တရုတ်နိုင်ငံမှ ခရီးသွားများမှာ ပိုမိုလာရောက်နိုင်ဖွယ်ရှိနေသည့် အခြေအနေမျိုးရှိနေပြီး ခရီးသွားလုပ်ငန်းအတွက် အားထားလာရမည့် အခြေအနေမျိုး ဖြစ်လာကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်