【 ဆောင်းပါး 】 အိမ်ဆိုတဲ့ လွတ်လပ်ကမ္ဘာ

【 ဆောင်းပါး 】 အိမ်ဆိုတဲ့ လွတ်လပ်ကမ္ဘာ

ဘကြီးရဲ့ ပြဿနာက သူ့အိမ်ကလွဲလို့ ဘယ်အိမ်ကိုမှ အိမ်မထင်တာ။

ကျနော်တို့ တောမြို့မှာဆို ဘကြီး ညအိပ်ဖူးတဲ့ အိမ်တစ်အိမ်မှမရှိ။ဘယ်လောက်ထိအောင် သူများအိမ်မှာ ညမအိပ်လဲဆို ဘကြီး မင်္ဂလာဆောင်တာတောင် ယောက္ခမအိမ်မှ ညသွားမအိပ်။

တကယ်ဆို မင်္ဂလာဆောင်မယ့်မနက် ဘုန်းကြီးတွေကို အရုဏ်ဆွမ်းကပ်မှာဆိုတော့ မနက် ၄ နာရီလောက်ကတည်းက သတို့သားလည်း ပြင်ပြင်ဆင်ဆင်ရှိရမယ် မဟုတ်လား။ယောက္ခမရွာနဲ့ ဘကြီးတို့မြို့ပေါ် အိမ်နဲ့က လှည်းနဲ့လာမယ်ဆို နာရီဝက်ကျော် မှောင်နဲ့မည်းမည်းဆိုတော့ ယောက္ခမအိမ်မှာ အိပ်လိုက်တာ အဆင်ပြေဆုံး။ဒါပေမဲ့ ဘယ်အိမ်မှာမှ မအိပ်ချင်တဲ့ ဘကြီးက မနက်အစောကြီးထ၊ဘကြီးဘက်က မိဘနဲ့ အကြီးအကဲတွေခေါ်ပြီး လှည်း ၂ စီးတိုက် လာခဲ့ကြတာတဲ့။

“ဘကြီးက သူများအိမ်မှာဆို အိပ်လို့ကို တော်ရုံနဲ့ မပျော်တာ။ကိုယ့်အိမ်မဟုတ်တဲ့ စိတ်နဲ့ အိပ်ရတာ စိတ်မဖြောင့်တာ။မင်္ဂလာမဆောင်ခင် ညက ယောက္ခမအိမ် အပေါ်ထပ်မှာ အိပ်ဖို့ နေရာသပ်သပ်လုပ်ပေးတာကို မအိပ်လို့ သားကြီးတော်က မကြည်ဘူး။မကြည်လည်း မတတ်နိုင်ဘူးလေ။ကိုယ်မှ အိပ်လို့ အဆင်မပြေတာ” လို့ ဘကြီးက ဆိုတယ်။

ဘကြီးက သူ့အမေ အိမ်ကနေ ဘယ်မှမခွာ။မိန်းမယူတော့မယ်ဆိုမှ တိုက်အိမ်ကို ဘကြီးစိတ်ကြိုက် ဒီဇိုင်းဆွဲကာ သေချာဆောက်။ဘကြီးက မော်လမြိုင်မြို့မှာရှိတဲ့ တိုက်အိမ်တစ်လုံးရဲ့ ဒီဇိုင်းကို သိပ်သဘောကျတာနဲ့ သူ့ညီဝမ်းကွဲ ပန်းရန်ဆရာကိုခေါ်၊ လက်ဆောင်ပစ္စည်းတွေ အိမ်ရှင်ကိုပေးကာ ဒီဇိုင်းကြိုက်လို့ စိတ် ကြိုက်ကြည့်ခွင့်တောင်းပြီးတော့ သူ့အိမ်ပြန်ဆောက်ထားတာတဲ့။

ဘကြီးတို့ခေတ် တောမြို့မှာက အိမ်ဆိုရင် သစ်သားအိမ်ပဲ ကြိုက်ကြတဲ့ခေတ်။တိုက်အိမ်ဆောက်မယ်ဆိုတာ မိဘတွေကအစ သဘောမကျ။ဘကြီးကတော့ သူ့စိတ်ကြိုက် တိုက်ဆိုမှတိုက်။တိုက်တောင်မှ အိမ်ထဲဝင်တာနဲ့ အေးနေအောင် အုတ်သားထူထူ၊ ပြတင်းပေါက်များများနဲ့ တိုက်။အဲဒီတိုက်ဆောက်ပြီး မိန်းမလည်း ယူပြီးရော အဲတိုက်ကနေ ညအိပ်ညနေ အတတ်နိုင်ဆုံး မခွာတော့။

ယောက္ခမရော ယောက်ဖပါ ဘကြီးကို သူတို့ရဲ့ စိုက်ပျိုးရေးဆရာတစ်ဆူပမာ သိပ်အလေးထားတာကြောင့် ယောက္ခမအိမ်ပေါ် ဘယ်အချိန်တက်တက် အရေးပေးခံရပေမယ့် ဘကြီးကတော့ မိန်းမအမြင်ကတ်လောက်အောင်ကို ယောက္ခမအိမ်ပေါ် ညမအိပ်။ယောက္ခမအိမ်မှာ အလှူပဲရှိရှိ၊ ဘာရှိရှိ ညနက်တဲ့အထိနေရလည်းနေမယ်၊ မနက်အစောကြီးလာရမယ်ဆိုလည်း ရောက်အောင်လာမယ်၊ ညမအိပ်။

ကျနော်တို့ဇာတိမှာက ရွာအလိုက် ဘုရားပွဲဆိုတာမျိုး နှစ်စဉ်ကျင်းပလေ့ရှိတယ်။ဘုရားပွဲကျင်းပတဲ့ ရွာတိုင်းက လာသမျှ ဧည့်တွေကို ဘုန်းကြီးပွဲလို ထမင်းတွေ ဟင်းတွေ မုန့်တွေတင်မက သောက်စရာတွေနဲ့ပါ ဧည့်ခံလေ့ရှိတယ်။ညဘက်ဆိုရင်တော့ အနည်းဆုံး ၂ ည ဗလာဇာတ်ပွဲ။ဘုရားပွဲ လာစားကြသူတွေကလည်း တအုံးအုံး၊ ညဘက်ပွဲလာကြည့်သူတွေကလည်း ရွာနီးချုပ်စပ်တင်မက သိပ်များ။ရွာသူ၊ ရွာသားတိုင်းက ကိုယ့်ရွာဘုရားပွဲကိုယ် သိပ်တခုတ်တရ အလေးထားကြတာ။

ကြီးတော်က အပျိုဘဝကတည်းက သူ့ရွာမှာ သူတို့မိသားစုက စားနိုင်သောက်နိုင်သုံးနိုင်တဲ့ လယ်ပိုင်ရှင်တွေ။ဘကြီးနဲ့ယူပြီး ၅ နှစ်မကြာ၊ လယ်တွေလည်း တိုးဝယ်၊ ဆန်စက်တွေလည်းတည်၊ စပါးဝယ်ရောင်းလည်းလုပ်၊ ဆန်လည်းရောင်းနဲ့ သူဌေးလို့ပြောနိုင်တဲ့အဆင့်မို့ သူ့ရွာ ဘုရားပွဲဆို ရွာမှာ အေးအေးဆေးဆေးနေပြီး လင်မယားရွာမှာ တလွှားလွှားနဲ့ သိပ်မော်ကြွားချင်ရှာတာပေါ့။

ဘကြီးက ဘုရားပွဲဆိုလည်း ယောက္ခမအိမ်မှာ ညမအိပ်၊ မနက်အစောကြီး လာဆိုလာမယ်၊ တစ်နေကုန်လည်းနေမယ်၊ ညဦးပိုင်းအထိ မိန်းမနဲ့အတူ ဇာတ်ပွဲတွေသွားဆို သွားလို့ရသေးတယ်။ပြီးရင်တော့ မိန်းမ သူ့မိဘအိမ်မှာနေခဲ့၊ ဘကြီးကတော့ သူ့အိမ်သူ ပြန်မယ်ဆိုတာချည်း။

ဘကြီးမှ မဟုတ်၊ ဘကြီးရဲ့ ညီ၊ ကျနော့်အဖေဆိုရင်လည်း ယောက္ခအိမ်ပေါ် တစ်ခါမှ မအိပ်။ရန်ကုန်ကနေ ကျနော်အဖေ၊ အမေ ဇာတိပြန်လာရင် အဖေ့မိဘအိမ်မှာပဲတည်း။အမေက ၁ ရက်၊ ၂ ရက်နေပြီးတော့ သူ့မိဘရွာ ပြန်သွားရင်လည်း အဖေက ညအိပ်လုံးဝမလိုက်။

အဲဒီလို ညီအစ်ကို ၂ ယောက်ဆိုတော့ ကျနော်တို့ညီအစ်ကို မိန်းမရပြီးနောက် ယောက္ခမအိမ်ပေါ် ကုပ်ကုပ်ကလေး သွားအိပ်တယ်ကြားတိုင်း အဖေက သူတို့အဖြစ်နဲ့နှိုင်းကာ နှိမ်လေ့ရှိတယ်။

“ငါတို့ညီအစ်ကိုများ တစ်သက်နဲ့ တစ်ကိုယ် ယောက္ခမအိမ် တစ်ခါမှ သွားမအိပ်ဖူးဘူး” တဲ့။ယောက္ခမအိမ်မှာ သွားအိပ်တာပဲ ဂုဏ်ငယ်သလို ဘာလိုလို။

“ကိုယ့်အိမ်မှာဆို ဘယ်အချိန် ခေါင်းချချ တန်းအိပ်ပျော်တာပဲ” လို့ ဘကြီးက ပြောလေ့ရှိတယ်။ဘကြီးက သူ့အိမ်သူ သိပ်ချစ်တဲ့သူ။ဘကြီးရဲ့ ခြံကြီးက အကျယ်ကြီး။တစ်ဖက်ထိပ်မှာ အိမ်၊ တစ်ဖက်ထိပ်မှာ ဆန်စက်။ခြံကကျယ်သလောက် တစ်ခြံလုံးအနှံ့ အရိပ်ရအပင်ကြီးတွေချည်းမို့ ခြံထဲ ဘယ်အချိန်ဝင်ဝင် နေဘယ်လောက်ပူပူ ခြံထဲရောက်တာနဲ့ အေးသွားရော။

ဘကြီးခြံထဲက ဘူးစင်ဆိုတာကလည်း အကြီးကြီး။ဘူးစင်အောက်က နေပြောက်မထိုး၊ ရိပ်နေတဲ့နေရာမို့ ဘူးစင်အောက်မှာ ကားလည်းထား၊ ဧည့်သည်လာရင်လည်း ဘူးစင်အောက်မှာ ဧည့်ခံ၊ နေ့ခင်းနေ့လယ် စာလေးဖတ်၊တရေးတမောအိပ်။

“ဘူးစင်တည်တာက ဘူးသီးစားချင်လို့ချည်းမဟုတ်ဘူး။ဘူးစင်အောက်မှာ နားချင်တာရော” လို့ ဘကြီးက ဆိုတယ်။

ဘကြီးရဲ့ခြံက အမြဲလိုလို အမှိုက်မရှိ ပြောင်ရှင်းနေတယ်။ခြံစည်းရိုးကို အုတ်တံတိုင်းခတ်နိုင်ပေမယ့် အိမ်ထဲနဲ့ လမ်းမ တိုးလျှိုးပေါက်မြင်ကွင်းကိုသာ ကြိုက်လို့ သံဆူးကြိုးကိုသာ လူတိုးလို့မရအောင် ခပ်စိပ်စိပ် ခတ်ထားတယ်။ဘကြီးက သူ့အိမ်သူ နေချင်စဖွယ်ကောင်းအောင် ပြုလုပ်ထားပြီး သူ့အိမ်ပဲသူ ချစ်လေ့ရှိတယ်။

“ဘကြီး သူများအိမ်တွေမှာ ဘာလို့ ညအိပ်မသွားတာလဲ” လို့ တစ်ခါက ကျနော်မေးကြည့်တော့ “မလွတ်လပ်တာကြောင့်ဖြစ်မယ်”လို့ ဘကြီး ပြန်ဖြေဖူးတယ်။သူများအိမ်ပေါ် ဘာပဲဖြစ်ဖြစ် သူများမျက်နှာ ကြည့်နေရတာဆိုတော့ ဘယ်လွတ်လပ်မလဲ။ယောက္ခမအိမ်ဆို သာဆိုးသေး မလွတ်လပ်။

“အဲဒါကြောင့် ဘကြီး မတတ်သာလို့ တခြားမြို့တွေ သွားတဲ့အခါ ဘယ်ဆွေမျိုးအိမ်မှ မတည်းဘဲ တည်းခိုခန်းမှာပဲ ပိုက်ဆံအကုန်ခံပြီး သွားတည်းတာ။တည်းခိုခန်းတောင် ဈေးကြီးတာပဲ ရှာတည်းတယ်။ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ်လေးနေရအောင်” လို့ ဘကြီးက ဆိုတယ်။

ဘကြီးဘဝမှာ သူများအိမ် ညအိပ်တာဆိုလို့ မဖြစ်မနေမို့ ရန်ကုန်လာတဲ့အခါ သူ့ရဲ့ညီအိမ်မှာတည်းတာ တစ်ခုတည်း။ဒါတောင် ၄-၅ ရက်ထက် ပိုမနေ။ကိစ္စပြီးတာနဲ့ အိမ်ပြန်မယ်ဆိုတာချည်း။

ဘကြီးက သူ့အိမ်သူ ချစ်တယ်။ဘယ်နေရာနေနေ လွတ်လပ်မှုရှိဖို့ဆိုတာ နံပါတ်တစ်။လွတ်လပ်မှု ကိုချစ်လို့ အိမ်ကိုချစ်တာတဲ့။

ငြိမ်းဆက်
Photo Credit - Mon State Travel & Tours