【 ဆောင်းပါး 】 “မဂ္ဂဇင်းတစ်ခုကို မွေးဖွားသူ”

【 ဆောင်းပါး 】 “မဂ္ဂဇင်းတစ်ခုကို မွေးဖွားသူ”

စာရေးဆရာဘဝမှနေ၍ အယ်ဒီတာလောကသို့ ဝင်ရောက်ခဲ့သည်ရှိသော် စာရေးဆရာအတွက် အနှောင့်အယှက်ပင်ဖြစ်တတ်သည်ဟု ဆရာနတ်နွယ်က “တောအကြောင်း တောင်အကြောင်း” မှာ ပြောဖူး ရေးဖူးသည်။သို့တိုင် ဆရာနတ်သည်လည်း အယ်ဒီတာအဖြစ်နှင့် ဝင်စို့ ထွက်စို့တွေများတာ တွေ့ရသည်။

ဖြစ်နိုင်လျှင်တော့ ဝတ္ထုတို၊ ဆောင်းပါး၊ ဖတ်ညွှန်းလောက်သာ ရေးဖြစ်သော ကျနော်ပင်လျှင် အယ်ဒီတာ မလုပ်ချင်။အယ်ဒီတာဘဝကို အယ်ဒီ တာအရသာကို သိသွားသောအခါ အချိန်တွေအများကြီးပေးရသည်ကို နှမျောလာသည်။လက်အောက်ငယ်သားမရှိ ကိုယ်တိုင်ပြေးရလွှားရတာတွေကြုံလာလျှင် ချက်ချင်းထွက်ပစ်လိုက်ချင်စိတ်ပေါက်လာ၏။မဖြစ်နိုင်၍သာ နေရ ခြင်းဖြစ်သည်။တကယ်တော့ အေးအေးလူလူ စာသာရေးချင်သည်။ဆရာနတ်နွယ်က စာမရေးဘဲ အယ်ဒီတာ အလုပ်ကိုသာ သီးသန့်လုပ်လျှင် အချိန်ပေးနိုင် တွေးနိုင်လျှင် ပိုကောင်းပိုသင့်မြတ်သည်ဟုလည်း ဆိုဖူး၏။

စာမရေးသော အယ်ဒီတာများကို နည်းနည်းစေ့ငုချင်လာသည်။စာရေးဆရာ မဟုတ်သည့်အတွက် မဂ္ဂဇင်းကို ပိုမိုအာရုံစိုက်နိုင်မှာတော့ သေချာသည်၊ ပထမဦးစွာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အယ်ဒီတာချုပ် “ချစ်မောင် (အဝကျွန်း)” ကို သိသလောက် ရေးခဲ့သည်။

စာရေးဆရာ မဟုတ်သော အယ်ဒီတာထဲမှာ သူက အသက်အရရော ဝါအရပါ ကြီးသူထင်၍ ရှေ့မှာထားလိုက်ခြင်းဖြစ်သည်။ယခုရေးချင်သူကတော့ “ရွှေအမြုတေ” မဂ္ဂဇင်း အယ်ဒီတာချုပ် (ဦး) ဝင်းငြိမ်းဖြစ်သည်။စာဖတ်သူထဲမှာ စာနယ်ဇင်းလောကသားထဲမှာ သူ့ကိုတော့ မသိသူမရှိဟု ထင်ပါသည်။ရွှေအမြုတေသည် သူရှေ့က မဂ္ဂဇင်းများကို အမှီလိုက်နိုင်သည့်အပြင် နှာတစ်ဖျားပင် သာချင်နေသည်။ကျနော်တို့ အများထင်ကြသလို ဦးဝင်းငြိမ်းမှာ ထုတ်ဝေသူ ပိုင်ရှင်နှင့် အယ်ဒီတာချုပ် မဟုတ်ပါ။ဒါကလည်း အခြေအနေနှင့် အကြောင်းတရားတွေရှိသည်၊ ထုတ်ဝေသူနှင့် ပိုင်ရှင်မှာ အခြားတစ်ယောက်ဖြစ်သည်။

စကားစပ်၍ပြောရလျှင် အယ်ဒီတာချုပ်မှာ ပိုင်ရှင်လည်းဖြစ်သည်ဟု ကျနော်တို့က တွေးထင်ထားကြသည်။အဲသည်အထင် မမှားပါ။အယ်ချုပ်နှင့် ပိုင်ရှင်မှာ တစ်ဦးတည်းဖြစ်နေကြတာများသည်။စန္ဒာက ဝင်းဦး၊ ရှုမဝက မောင်ဆွေတင့်၊ ပေဖူးလွှာက မြလှိုင်၊ မဟေသီက မှူးသမိန် (ဗိုလ်မှူးကြီးဟောင်း စောမြင့်/ယိမ်းနွဲ့ပါး)၊ သွေး သောက်က ပြည့်စုံ။

ပိုင်ရှင်မဟုတ်သော အယ်ဒီတာများ ၁၉၈၀ ကာလများတွင် ပေါ်‌ပေါက်လာသည်။ချယ်ရီက အောင်ပြည့် (ပိုင်ရှင် မြတ်ထန်)၊ သဘင်က ချစ်ဦးညို (ပိုင်ရှင် ကိုလေး)၊ ကလျာက မောင်ဝဏ္ဏ (ပိုင်ရှင် ဒေါ်ကလျာ)၊ စသဖြင့် ---။

ဆရာဝင်းငြိမ်းက စာမရေးသော စာရေးဆရာမဟုတ်သော “ပညာသည်အယ်ဒီတာ” ဟု ကျနော်ကသတ်မှတ်ထားသည်။ဦးချစ်မောင် (အဝကျွန်း) ကိုလည်း ဒီလိုပဲ ကျနော်သတ်မှတ်သည်။ဦးဝင်းငြိမ်းကို ပေဖူးလွှာမဂ္ဂဇင်းတုန်းက စာပေအင်တာဗျူးဆရာတစ်ယောက်အဖြစ် တွေ့ရ ဖတ်ရသည်။သတိပြုမိစေလောက်သော အင်တာဗျူးများရှိခဲ့သည်၊ သို့သော် ဝတ္ထုတိုတစ်ပုဒ်သော်မှ သူမရေးပါ (မတွေ့ဘူး မဖတ်ဖူးပါ)။ကမ္ဘာ့ဆယ်လီများအကြောင်း ဘာသာပြန်များရေးတာတော့ ဖတ်ဖူးသည်များရှိမည်။ပရက်စလေ၊ ဂျိန်းစ်ဒင်း စသည်ဖြစ်မည်။ဦးဝင်းငြိမ်းပင် ကိုယ်ရေး စာရေးဆရာ မဖြစ်သည့်အတွက် ဘာတွေနစ်နာသွားမည်တော့ မသိနိုင်၊ ဦးဝင်းငြိမ်း အယ်ဒီတာချုပ်ဖြစ်သည့်အတွက်တော့ ကျနော်တို့ရလိုက်တာတွေရှိသည်။ကျနော်က ဒါကို အဓိကထားချင်သည်။

ရွှေအမြုတေ၏ အဓိကအရွေ့မှာ အနုစာပေဘက်သို့ ဦးတည်သွားသည်။သူ့ရှေ့မှ မဂ္ဂဇင်းထဲက သူနှင့်ဆင်သလိုရှိသော မဂ္ဂဇင်းကို ပြောရလျှင် မင်းသားကြီးဝင်းဦး၏ “စန္ဒာမဂ္ဂဇင်း” ဖြစ်မည်။မြန်မာပြည်မှာ ရောင်စုံအော့ဆက်နှင့် ပထမဆုံးထွက်ရှိသော မဂ္ဂဇင်းဟု အမှတ်အသားရှိသည်။

ဒီမှာ မဂ္ဂဇင်းသွားရာ လမ်းကြောင်းအကြောင်း အနည်းငယ်ထည့်ပြောချင်သည်။မဂ္ဂဇင်းတွေမှာ သွားရာ လမ်းကြောင်းတွေ မတူကြ။ “မိုးဝေမဂ္ဂဇင်း” က နိုင်ငံရေးအထိုင်ရှိသည်။နိုင်ငံရေးကဲသော စာရေးဆရာ ကဗျာဆရာများက မိုးဝေမှာ ရေးကြသည်။ “ရှုမဝမဂ္ဂဇင်း” က နိုင်ငံရေးကဲလျှင် သဘောမတွေ့ အနုပညာဆန်တာကို ပိုကြိုက် သည်။လက်သီးလက်မောင်းတန်းတာတွေ ရှုမဝနှင့် ဓာတ်မတည့်။ပြောရလျှင် ကိုယ်ရွေးသောလမ်းကို ကိုယ်သွားကြသည်။စာရေးဆရာကလည်း ကိုယ်နှင့်တော်ရာ သတ်မှတ်ထားသော မဂ္ဂဇင်းကို သွားကြသည်။ဦးဝင်းငြိမ်း၏ မဂ္ဂဇင်းသည် ထိုစဉ်က ကဗျာများကို မဂ္ဂဇင်းတိုင်းက ပါဝင်ထည့်သွင်းကြပါလျက် သူက ကဗျာမထည့်ပါ။ဒီအတွက် ကဗျာဆရာကြီးများကနေ ကဗျာဝါသနာရှင်လူငယ်များအထိ စိတ်ဝင်စားခံရမှု လျော့နည်းသွားသည်။ကဗျာသည် ငြင်းရခုံရသည်။ကဗျာဆရာများ၏ ညနေခင်းဝိုင်းသည် စီစီညံညံရှိသည်။ကိုယ်မှန်သည်ထင်ရာ ဆုပ်ကိုင်ထားကြသဖြင့်လည်း အလျှော့ပေးခဲကြသည်။နားညီးတတ်သူနှင့် ကဗျာဆရာများသည် ဘယ်တော့မှကီးမကိုက်နိုင်။ဒါတွေသိလို့များ သူ့ “ရွှေအမြုတေ” မဂ္ဂဇင်းမှာ ကဗျာမထည့်သလား မသိ။

ဝင်းဦး၏ “စန္ဒာ” မဂ္ဂဇင်းမှာလည်း ကဗျာထည့်တာ မတွေ့ပါ၊ ကဗျာမပါပါ၊၊ ဝင်းဦးကရော ဘာကြောင့် ကဗျာမထည့်သလဲ။ကျနော်ကတော့ “စန္ဒာမဂ္ဂဇင်း” ကို ရှေးဆန်သည်ဟု သတ်မှတ်လိုက်သည်။စန္ဒာကို စတင်မွေးဖွားကြသူများမှာ ဆရာတင့်တယ်၊ ဆရာကြပ်ကလေးနှင့် ဆရာမြသန်းတင့်တို့ဖြစ်သည်ဟု မှတ်သားဖူးသည်။ဝင်းဦးက အခန်းဆက်ဝတ္ထုရှည် ပင်တိုင်ရေးသည်။စန္ဒာမဂ္ဂဇင်းဖတ်ဖူးလျှင် တွေ့ပါလိမ့်မည်။ထွဋ်ခေါင်၊ ဩဘာ၊ မင်းနန္ဒာ၊ နန္ဒသူ၊ သက်လုံတို့မှာ သူတို့ပဲ တာဝန်ခွဲဝေ၍ ဝိုင်းရေးကြသည်ဟု ဟိုစဉ်ကတည်းက သိခဲ့ လေ့လာခဲ့ရသည်။စေ့ထားသောတံခါးများ ရေးသူ သက်လုံမှာ ဆရာကြပ်ကလေးဖြစ်သည်။ယခုအခေါ်မှာ တက်ကျမ်းဖြစ်သည်။ရှေ့ ကျကျကတည်းက စန္ဒာမှာ တက်ကျမ်းပါနေပြီ။ဆရာနန္ဒသူမှာလည်း ကြပ်ကလေးဖြစ်သည်၊ ပုဂံ ခေတ်နောက်ခံဝတ္ထုများကို အခုထိစွဲလမ်းနေသေးသည်။

ကမ္ဘာကျော် နိုဘယ်လ်စာပေဆုရ ဂျပန်စာရေးဆရာ ရာဆုနရီ ကဝဘတ၏ “နှင်းပွင့်တိုင်းပြည်” ဘာသာပြန်သူမှာ နန္ဒသူ (ဆရာကြပ်ကလေး) ဖြစ်သည်။ဘယ်လိုမှမထင်ရ။ငြိမ်ငြိမ်ကုပ်ကုပ်ကလေးနေကာ မြန်မာစာပေအကျိုး သယ်ပိုးခဲ့သော ဆရာကြီးများဖြစ်သည်။တစ်ခါ ဝင်းဦးက ပရက်စလေ၊ ဂျိန်းစ်ဒင်း၊ အိုမာရှရစ်တို့ကို ကြိုက်သည်။ဒါလည်း ဦးဝင်းငြိမ်းနှင့် အကြိုက်တူကြသည်။အဲဒါနဲ့ ကဗျာမကြိုက်တာချင်းပါ တူကြပုံရသည်။ကဗျာမပါသော်လည်း စကားပြေတွေကတော့ကောင်းသည်။မဂ္ဂဇင်းတွေမှာ တစ်ခန်းတစ်ကဏ္ဍအားဖြင့် ကလောင်ငယ် ကလောင်လက်သင်များအတွက် ဖွင့်ပေးထားသော “ချစ်ကိုယ်တွေ့” အခန်းပါသည်။ရှုမဝမှာလည်း ဤကဏ္ဍကနေ ကလောင်ရှင်တွေ စုမိဆောင်းမိသည်။ရွှေအမြုတေမှာ ပြန်လည်ခံစားခြင်းတစ်ပုဒ်လည်းပါသည်။

ဝတ္ထုတိုတွေမှာလည်း ဆုပေးပွဲနှင့် ဆက်စပ်လိုက်သောအခါ ပို၍အားထုတ်လာကြသည်။ကျနော်လည်း ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်လုပ်ပေးခဲ့ဖူးသည်။ဦးဝင်းငြိမ်းကိုတော့ ကျနော့်အနေဖြင့် စာရေးဆရာဟု မသတ်မှတ်ချင်။ပညာရှင် အယ်ဒီတာစစ်စစ်တစ်ဦးအနေဖြင့်သာ သတ်မှတ်ချင်သည်။ဦးချစ်မောင်ကိုလည်း ပညာရှင်ဟု သတ်မှတ်ချင်သည်။ရုပ်ရှင်တေးကဗျာ အယ်ဒီတာချုပ် အဝကျွန်း ဦးချစ်မောင်နှင့် ဦးဝင်းငြိမ်းမှာ တူညီချက်တစ်ခုကိုတော့ သတိထားမိသည်။ဦးချစ်မောင်က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းလက်ရှိမှာ “စောင့်ကြည့်” ဂျာနယ်ကို တိုးချဲ့ထုတ်ဝေ၍ ဦးဝင်းငြိမ်းကလည်း မဂ္ဂဇင်းအပြင် အလင်းတန်းဂျာနယ်ကို ထုတ်ဝေအောင်မြင်နေခြင်းဖြစ်သည်။မဂ္ဂဇင်းဂျာနယ်တစ်ခုဖြစ်ဖို့က မခက်။အောင်မြင်ဖို့ကခက်သည်၊ အောင်မြင်မှုကို တစ်လျှောက်လုံး ထိန်းသိမ်းထားနိုင်ဖို့ အခက်ဆုံးဖြစ်လိမ့်မည်ထင်သည်။သို့သော် ဦးချစ်မောင်က လှုပ်လှုပ်ရှားရှား ဒီမိုကရေစီအကူးအပြောင်းကာလအတွင်း အတိုက်အခံ ဂျာနယ်တွေကြားမှာ ထိုးဖောက်ထွက်ပေါ်လာရခြင်းဖြစ်၍ ပိုမိုအင်အားစိုက်ထုတ်ခဲ့ရပေလိမ့်မည်။

စာရေးဆရာ အယ်ဒီတာနှင့် အယ်ဒီတာစစ်စစ်တို့အကြား ဘာတွေတူပါလိမ့် ဘာတွေခြားနားပါလိမ့်ဟု တွေးစရာတွင် အကန့်အသတ်တွေကို တွေ့ရတော့သည်။စာရေးဆရာ အယ်ဒီတာက သူကိုယ်တိုင်လည်း အကြောင်းကြောင်းတို့ကြောင့် ကိုယ်တိုင်ဝင်ရေးရသည့်အခါ ဘယ်ဟာကတော့ မလွတ်နိုင်၊ ဘယ်ဟာကတော့ လွတ်ကင်းလောက်သည်ဟု သိနေသဖြင့် သူကိုယ်တိုင်က ချိန်ဆရေးနိုင်ခဲ့သော်လည်း သူ့၍လို မသိသေး၍ ရေးမိသည့် စာရေးဆရာကို ဖြတ်ရတောက်ရမှာတော့ အားနာသည်။ဖြစ်နိုင်လျှင် မဖြတ်ချင်မတောက်ချင်။အဲသည်မှာ ချီတုံချတုံတွေဖြစ်ရတတ်သည်။

စာမရေးသော အယ်ဒီတာဆိုလျှင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူ့မေးရကောင်းမလဲ …..။

လင်းထင်