【 ဆောင်းပါး 】 “အရာရာ ဖြတ်ကျော်နိုင်ပါစေ”

【 ဆောင်းပါး 】 “အရာရာ ဖြတ်ကျော်နိုင်ပါစေ”

နောက်နှစ်တစ်ခုသို့ ကူးပြောင်းလေပြီ။
 
တရားသဘောအရဆိုလျှင် အဟောင်းတွေကုန်ပြီး အသစ်တွေလာသည်ထက် အသက်ရှင်နေထိုင်ရမည့် နှစ်တစ်နှစ်လျော့လာကာ သေရမည့်နှစ်ဘက်သို့ ပိုပြီးနီးကပ်လာပြီလို့ အဓိပ္ပါယ်ယူရမည်ဖြစ်သည်။
 
ကျနော်တို့အသက်က ယခုဆို ၆၀ တန်းတွေလို့ ပြောလို့ရသည့် ၁၉၆၀-၇၀ ကြားမှာ မွေးလာခဲ့သည့်သူတွေဖြစ်သည်။ဒီတော့ အဆိုးတွေများစွာ ဖြတ်ကျော်လာခဲ့ရသည်။မမြဲသောတရားတွေကိုလည်း သိမြင်ခဲ့ရသည်။ဘာမှ ကိုယ်ထင်ထားသလောက် အရေးမကြီးတာကိုလည်း ကိုယ်တိုင်သိမြင်ခဲ့ရသည်။ဘာမှ တရားသေဆုပ်ကိုင်ထားလို့မရအောင် ပြောင်းလဲမှုတွေ၊ လျော့ပါးမှုတွေကို ကြုံခဲ့ရသည်။ဒီထဲမှာ ချစ်ရခင်ရသူတွေ အများကြီးကို အချိန်ကာလတစ်ခုအတွင်းမှာ စွန့်ပစ်ခဲ့ရသည်။
 
ထို့အတူ ခေတ်ကိုမြင်ကြသည့် အမြင်တွေလည်းပြောင်းလဲကုန်ပြီဖြစ်သည်။တခြားမကြည့်နှင့်။ကျနော်တို့ခေတ်နှင့် ယနေ့ခေတ် လူငယ်တွေ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေးအပေါ် ရှုမြင်သည့် အမြင်က အများကြီးပြောင်းလဲသွားပြီဖြစ်သည်။ဖြစ်နေသည့် နိုင်ငံရေးနှင့် လက်ရှိဖြစ် ပျက်နေမှုများအရ စစ်မှန်သည့် ဘာသာရေးအ ပေါ် အလေးထားမှုများလာသလို ဖြစ်သင့်သည့် ပျော်ရွှင်မှုမျိုးကို ယနေ့လူငယ်တွေက ပိုပြီးကျင့်သုံးလာကြသည်။
 
ကျနော်တို့ခေတ်က မမြင်ရမကြားရဖူးသည့် ကိုယ်သုံးမည့်စရိတ်ကို အတိဒုက္ခရောက်နေသည့် မိသားစုကို လှူသည်မျိုး ယနေ့ခေတ်တွင် မြင်နေရသည်။ထိုသည်က ကောင်းမွန်သည့် ဖြစ်ပေါ် ပြောင်းလဲမှုဖြစ်သည်။
 
နှစ်သစ်ကို ကူးသည့်အခါ ကောင်းမွန်သည့် ဓလေ့စရိုက်၊ ကောင်းမွန်သည့် ကြိုးစားအားထုတ်မှု၊ ကောင်းမွန်သည့် စိတ်ခံယူချက် စသည်တို့ကို ဆက်ယူသွားရမည်ဖြစ်ပြီး မကောင်းသည့် အကျင့်အကြံ၊ နေထိုင်မှုနှင့် ပေါင်းသင်းဆက်ဆံမှုကိုပါ ဖြတ်ချနိုင်လျှင် ကောင်းသည့် နှစ်သစ်ကူးမှုမျိုးပင်ဖြစ်သည်။
 
နှစ်တိုင်း ကျနော့်ကို လာကန်တော့သည့် တူ၊ တူမတွေကို ‌ကျနော်ပြောလေ့ပြောထရှိသည်မှာ စိတ်အဟောင်း၊ အတွေးဟောင်း၊ ခံစားချက် အဟောင်းတွေကို ပစ်ချထားခဲ့။ငါတို့ စိတ်သစ်၊လူသစ်၊ ကြိုးစားမှုအသစ်တွေနဲ့ ဒီနှစ်ကို ကောင်းမွန် အောင်မြင်အောင် ကုသိုလ်စိတ်နဲ့ ဖြတ်ကြမယ်ဟု စိတ်အားတက်ကြွအောင် လှုံဆော်လေ့ရှိခြင်းပင်ဖြစ်သည်။
 
ဆိုးရွားသည့်အခြေအနေနှင့် ကိုယ်အသက်တောင်  ကိုယ်မပိုင်သည့် ယခုလိုအချိန်ကာလတွင် အဘက်ဘက်မှ အားလျော့ချင်စရာကြီးပဲဖြစ်သည်။မလုပ်ချင် မကိုင်ချင် ဖြစ်သည်ထက် လုပ်လည်း ဘာမှမထူးဘူးဆိုသည့် စိတ်အခြေခံကို ပြင်ဖို့ အားထုတ်စေချင်သည်။ထိုသို့ အရာရာကို မလုပ်ရသေးခင် အားလျော့ချင်သည့် စိတ်ကို ဟိုဘက်နှစ်တွင် ထားခဲ့စေချင်ပါသည်။
 
ကျနော်တို့အားလုံးတွင် ကျနော်တို့ကို အားထားနေရသည့် မိသားစုတွေ၊ ကလေးသူငယ်တွေ၊ အနာဂတ်တွေ ရှိနေသည်။ပြင်းထန်ဆိုးရွားလှသည့် ရောဂါကပ်ဘေး၊ စစ်မက်ဘေး၊ ဒုဗိန္တရကပ်ဘေးတို့ကို ကြုံနေရသည့်အခါ မှန်ကန်သည့် အမြင်နှင့် မလျော့သည့်အားကို ဆက်ထားကာ နှစ်သစ်ကို ဆက်ကျော်ဖြတ်ဖို့ အားတင်းစေလိုပါသည်။
 
နှစ်တွေက တစ်နှစ်ပြီး ကိုယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျော်ဖြတ် ကုန်လွန်လာမည်ဖြစ်သည်။ထို့အတွက် ဆိုးဝါးခက်ခဲလှသည့် ကာလအချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆို သည်ကို ပြဖို့ စိတ်အားကြီးဖို့ လိုသည်။
 
နှစ်ဟောင်းတွင် ဘာတွေဖြစ်ခဲ့သည်ကို ပြောစရာမလိုအောင် အားလုံးသိမြင်ခဲ့ပြီးဖြစ်သည်။ဖြစ်ချင်သည်များ မဖြစ်ခဲ့သည်လည်း ရှိခဲ့မည်ဖြစ်သည်။ဖြစ်သင့်တာလည်း မဖြစ်ခဲ့သည်ရှိမည်။သေချာစဉ်းစားပါက မသေသေးခြင်းသည်ပင် ကြီးမားသော ကံအခွင့်အလမ်းဖြစ်သည်။
 
သေသူထက် ရှင်သူက ပို၍အလုပ်-လုပ်နိုင်ပေသည်။ချစ်သူခင်သူများကို စောင့်ရှောက်နိုင်မည်ဖြစ်သည်။
 
ပြီးခဲ့သည့်ရက်ပိုင်းက ပူလွန်းသဖြင့် နေအိမ်ရှေ့ အပင်အောက်တွင် ကုလားထိုင်ဖြင့် ထိုင်ရင်း ဖေ့စ်ဘုတ်မှ မြင်ရကြားရတာတွေကို လိုက်ကြည့်မိသည်။ထိုထဲတွင် စစ်ဖြစ်လို့ သားတကွဲ သမီးတကွဲ၊ အမိတကွဲ ဖတစ်ကွဲ အဖြစ်တွေ၊ နေအိမ်မီးရှို့လို့ နေစရာမရှိတဲ့ ဘ၀တွေ၊ အိမ်တွေ ဖျက်ခံရလို့ သွားစရာလာစရာမရှိတော့လို့ မှီခိုအားထားစရာမရှိတော့လို့ လမ်းပေါ်ရောက်ရတဲ့ ဘ၀တွေ အဖြစ်အပျက်တွေကို မြင်ရသည်။မြင်ရကြားရတာတွေ မကောင်းသော်လည်း ကုသိုလ်စိတ်ဖြင့် နိုင်သလောက်ကူသည့်သူတွေကို မြင်ရသည့်အခါ ဒီလိုခေတ်ပျက်ကြီးမှာ လူစိတ်ရှိတဲ့ လူအချို့ကိုတွေ့ရသေးသဖြင့် စိတ်အားတက်မိသည်။
 
တကယ်တမ်းပြောရလျှင် ဖျက်သူသာရှိပြီး ပြင်သူမရှိပါက လောကကြီးအတွက် စိတ်အားပျက်စရာဖြစ်သည်။သို့သော် လူတိုင်း လူတိုင်းတွင် စိတ်ခြင်းက တူကြသည်မဟုတ်။တချို့က ရှိသော်လည်း ထပ်ရှိချင်သည်။ဝေမျှရန် စိတ်နည်းသည်။တချို့က ရှိလည်း ရှိသည်။ဝေမျှရန်လည်း လက်မရွံ့။တချို့ကတော့ မရှိ။သို့သော် ရှိသလောက် ဝေမျှသည်။တချို့က ရှိလည်း မရှိ။ဝေမျှရန်လည်း စိတ်မရှိ။တစ်မိတည်းပေါက်မှာပင် စိတ်ချင်းက မတူကြရာ တခြားသူအတွက် စာနာစိတ်ထားဖို့ဆိုသည့် ပရစိတ်ဆိုသည်မှာ မြင်ရခဲသည်။
 
သို့သော် ယခုလိုဆိုးရွားသည့် ယနေ့ခေတ်တွင် ရှိတာလေးကို ဝေမျှသည့် စိတ်လေး လူတွေမှာရှိသည်ကပင် ပြန်လည်ကောင်းမွန်လာနိုင်သော အတိတ်နိမိတ်ကောင်းအဖြစ် အားတက်မိခြင်းဖြစ်သည်။
 
ထိုမျှဝေသောစိတ်ဖြင့် ကိုဗစ်ကို ပြည်သူက ပြည်သူကို ကူညီရင်းဖြင့် ဖြတ်ကျော်လာနိုင်ခဲ့ခြင်းဖြစ်သည်။ယခုနေ ထိုအကြောင်းတွေ ပြန်တွေးတော့ အဟောင်းတွေက အသစ်ဖြစ်လာသည်။ပြီးခဲ့သည့် လေးနှစ်အတွင်း ကျနော်တို့ ဘယ်လိုကျော်ဖြတ်လာသလဲဆိုသည်ကို ပြန်တွေးကြည့်တော့ မတွေးဝံ့စရာ။ပြန်လည်းမစဉ်းစားချင်လောက်အောင် နာကျင်ထိရှစရာတွေ ခံပြင်းစရာတွေများလှသည်။သို့သော် စိတ်ကောင်းရှိသူတွေ ရှိသင့်သလောက် ရှိသေးသဖြင့် ကျနော်တို့ အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။သို့သော် မမေ့တော့ မမေ့နိုင်။
 
ရောဂါဘေး၊ စစ်မက်ဘေး၊ စားဝတ်နေရေးဘေးများကို ယခုထိရင်ဆိုင်နေရချိန်တွင် ကျနော်တို့အားလုံး၌ စိတ်တစ်ခုသာ တောင့်ခံနိုင်တော့သည့်အခြေအနေသို့ ရောက်နေကြပြီဖြစ်သည်။
 
အရာရာမှာ တစ်ဦးကို တစ်ဦး မထူမနိုင်လောက်အောင် အင်အားယုတ်လျော့လာနေပြီဖြစ်သည်။သို့သော် ကျနော်တို့ချစ်သော လူတွေအတွက် ကျနော်တို့ ဆက်ပြီးသန်မာနေဖို့ လိုနေသေးသည်။ထို့အတွက် စိတ်ဓာတ်က ပို၍သန်မာဖို့ လိုလေသည်။
 
သို့မှသာ လာမည့်အခက်အခဲများနှင့် အရာရာကို ကျော်ဖြတ်နိုင်မည် ဖြစ်လေသည်။
 
မောင်ဦးလွင်