【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၁ )

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၁ )

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စွမ်းဆောင်ရည်များတွင် ၎င်းတို့၏စိန်ခေါ်မှုအဖြစ်ရှိနေသည့် လူထူထပ်သော မြို့များမှ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို တပြိုင်နက်လျော့ချနိုင်ခဲ့သည့် လုပ်ဆောင်ချက်များ ရှိနေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတစ်ခုတည်းတွင် မက်ထရိုလိုင်းအသစ် ၂၉ ခု ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံး အမြန်ရထားလမ်းသည် ပေကျင်းနှင့်တီယန်ကျင်းကြား ၂၀၀၈ ခုနှစ်တွင် စတင် လည် ပတ်ခဲ့သည်။

ထိုအချိန်မှစ၍ နိုင်ငံသည် ကီလိုမီတာ ၄၀၀၀၀ (မိုင် ၂၅၀၀၀) နီးပါး ရှည်လျားသော ကွန်ရက်ကို တည်ဆောက်ခဲ့ပြီး ယခုအခါ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအထိ သွားလာနိုင်သော ကမ္ဘာ့အကြီးဆုံးကျည်ဆန်ရထားများဖြစ်လာခဲ့သည်။

အရွေ့တစ်ခုအဖြစ် မြင်ယောင်မိကြမည်မှာ တရုတ်နိုင်ငံသည် ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲများတွင် ကမ္ဘာ့တစ်ခုတည်းသော မြန်နှုန်းမြင့် ရထားများကို မိတ်ဆက်ခြင်းအပါအဝင် မကြာသေးမီနှစ်များအတွင်း မောင်း သူမဲ့ရထားအရွေ့ကို ဦးဆောင်နိုင်ခဲ့သည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။

၎င်းတို့သည် International Union of Railways (UIC) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်ရထားလမ်းများသည်လည်း GSM-R ကြိုးမဲ့ရထားလမ်း ဆက်သွယ်ရေးစံနှုန်းကို လက်ခံကျင့်သုံး လာနေကြသည်။ ဒါ့အ ပြင် ကုလသမဂ္ဂ ၏အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အစပြုမှုဖြစ်သော အာရှ ဖြတ်ကျော်မီးရထားကွန်ရက်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည်။

ယင်းမှာ တရုတ်နိုင်ငံသည် ဥရောပနှင့်အာရှတလွှား မီးရထားလမ်းကွန်ရက်များ ပေါင်းစည်းမှုကို မြှင့်တင်ရန် လုပ်ဆောင်မှုများလည်း ဖြစ်သည်။ တကယ်တမ်းတွင် ကမ္ဘာ့သယ်ယူပို့ဆောင်ရေးတွင် အဆင်ပြေသောနည်းလမ်းတစ်ခုအဖြစ် ယနေ့တိုင်ရှုမြင်ကြသည့် မီးရထားလမ်းများ၊ မီးရထားများ တည်ဆောက်မှုသည် ရေပန်းစား နေဆဲဖြစ်ကာ ယင်းကဏ္ဍတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဦးဆောင်ဖြစ်လာသည်။

ယင်းတို့တွင် ကြိုးပမ်းခဲ့မှုများအဖြစ် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးအမြန်ရထားလမ်းဖြစ်သည့် ၂၈၆.၈ ကီလိုမီတာထိ ရှည်လျားသော Hohhot-Zhangjiakou မြန်နှုန်းမြင့်ရထားလမ်းကို ဧပြီလ ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြသည်။

လေ့လာမည်ဆိုလျှင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ အဓိကအမြန်ရထားလမ်းဖြစ်ပြီး Zhangjiakou-Hohhot အမြန်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ အမြန်နှုန်းဖြင့်ခရီးနှင်နိုင်ရန် ဒီဇိုင်းထုတ်လုပ်တည်ဆောက်ခဲ့ကြသည်လည်း ဖြစ်သည်။

သည်နေရာတွင် ရထားလမ်းပိုင်းဖြစ်သည့် မြို့နှစ်မြို့၏အကြောင်းကို အနည်းငယ်မြင်ယောင်ကြည့်လျှင် မြို့တော် Hohhot သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြောက်ပိုင်းရှိ အတွင်းမွန်ဂိုလီးယား ၏မြို့တော်ဖြစ်ပြီး ၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းအရ နေထိုင်သူ ၃,၄၄၆,၁၀၀ ရှိကာ ဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အချာအဖြစ် ဆောင်ရွက်လျက်ရှိရာ နေရာဒေသဖြစ်သည်။

အခြားတစ်ဖက်တွင် Zhangjiakou သည်လည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Hebei ပြည်နယ်၏ စီရင်စု အဆင့်မြို့ တစ်မြို့ဖြစ်ကာ အရှေ့ တောင်ဘက်တွင် ပေကျင်း၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် အတွင်းမွန်ဂိုလီးယားနှင့် အနောက်တောင်ဘက်တွင် Shanxi တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြို့တစ်မြို့ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်း၏လူဦးရေသည် ၄,၆၅၀,၀၀၀ ရှိနေသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် Zhangjiakou-Hohhot ရထားလမ်းကို တည်ဆောက်မှုတွင် အရေးပါသော လမ်းပိုင်းအဖြစ်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

(ဆက်လက်ဖေါ်ပြပါမည်)

မိုးသား