【 နိုင်ငံတကာဆောင်းပါး 】နှစ်ပေါင်း ၈၀၀ကျော်သက်တမ်းရှိ ကွမ်ရင်ဖူဆလက်တစ်ထောင်ရုပ်ထု

【 နိုင်ငံတကာဆောင်းပါး 】နှစ်ပေါင်း ၈၀၀ကျော်သက်တမ်းရှိ ကွမ်ရင်ဖူဆလက်တစ်ထောင်ရုပ်ထု

လူများစွာတို့အတွက် ဖြေရှင်းရခက်သည့် အခက်အခဲများ ကြုံလာရတဲ့အခါ ကောင်းကင်ဘုံက နတ်ဘုရားများ၊ ဗုဒ္ဓရုပ်ပွားတော်များအပေါ် အားကိုးအားထားပြုကြရာတွင် ယင်းတို့အနက် ကွမ်ရင်လည်းအပါအဝင် ဖြစ်သည်။

ကွမ်ရင်ကို အဝလောကီတေသွာရ ဗောဓိသတ္တဟုခေါ်ကြပြီး တရုတ်နိုင်ငံတွင် ရှေးဘုရင်များလက်ထက်ကတည်းက ရုပ်ထုများထုတ်လုပ်ပူဇော်ခဲ့ကြသည်ကိုတွေ့ရသည်။  သာဓကအနေဖြင့် အထင်အရှားရှိသည်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့(Chongqing City)  ဒါ့ဇူ (Dazu) ခရိုင်တွင် အဝလောကီတေသွာရ ဘုရားလောင်း ရုပ်တုရှိနေပြီး လူအများက "ကမ္ဘာ့ကျောက်ထွင်းအနုပညာရတနာ" ဟုခေါ်တွင်ကြသည်။

ယင်းရုပ်တုမှာ ထွင်းထုခြင်းပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်း ၈၀၀ ကျော်ရှိပြီဖြစ်ပြီး တောင်ပိုင်း စုန့်မင်းဆက်ခေတ် (၁၁၂၇ မှ ၁၂၇၉) အတွင်း ထွင်းထုခဲ့သည်ဟုဆို သည်။  ၁၉၉၉ ခုနှစ်တွင်တော့ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် နေရာများအဖြစ် စာရင်းသွင်းခဲ့သည်။ အမြင့် ၇.၇ မီတာနှင့် အကျယ် ၁၂.၅ မီတာရှိသော ရုပ်တုတွင်ထူးခြားချက်အနေဖြင့်အခြားသော  အဝလောကီတေသွာရကွမ်ရင်ရုပ်တုများနှင့်ကွဲပြားကာ အမှန်တကယ်အားဖြင့် လက်တစ်ထောင်ကျော် ထည့်သွင်းထုလုပ်ထားသည်ဟု ဆိုကြသည်။

၂၀၀၉ ခုနှစ်အထိ တရားဝင် မှတ်တမ်းတင်ထားသော လက်တော်အရေအတွက်အတိအကျမှာ ၁၀၀၇ လက်ဖြစ်သော်လည်း နောက်ပိုင်းမှသိပ္ပံပညာဖြင့် ရေတွက်နိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ရုပ်တုတော်အား ပြန်လည်တည်ဆောက်ခြင်းအတွက် တာဝန်ရှိသောယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူ ၃၀ ကျော် သည် "လက်တစ်ထောင် အဝလောကီတေသွာရကွမ်ရင်"  ရုပ်တုအား သိပ္ပံနည်းကျရေတွက်ရန် ခေတ်သစ်သိပ္ပံနှင့် နည်းပညာကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

လက်တစ်ထောင်ပါရှိ ထွင်းထားသော အဝလောကီတေသွာရရုပ်ပုံအား စူးစမ်းလေ့လာရေးတွင် စတုရန်း ၈၈ ခုဖြင့် ပိုင်းခြားလျက် လက်ချောင်းတိုင်းနှင့် အသေး စိတ်အားလုံးကိုစီစစ်ပြီး ထပ်ခါတလဲလဲ စစ်တမ်းကောက်ယူခဲ့ကြရသည်ဟု ဆိုသည်။ ပညာရှင်တို့၏ ကြိုးပမ်းမှုဖြင့် နောက်ဆုံးတွင် မေးခွန်းပုံစံ ၁၀၃၂ ခု၊ ဒေတာ ၃၅၀၀၀ နှင့် လက်ရှိဓာတ်ပုံ ၂၀၀၀၀ ကျော်တို့မှ ကျောက်တုံးတွင် ထွင်းထုထားသော ရုပ်ပုံ၏သတ်မှတ်ထားသောလက် အရေအတွက် ၈၃၀ ကို ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုသည် ခေတ်သစ်သိပ္ပံယဉ်ကျေးမှု၏ရလဒ်ဖြစ်ခဲ့ပြီး ထိုအချိန်မှစ၍ လက်တစ်ထောင်ဖြင့် ကျောက်ထွင်းပုံတော်၏ လျှို့ဝှက်ဆန်းကြယ်မှုကို လုံးလုံးလျားလျား ဖြေရှင်းနိုင်ခဲ့သည်သာဖြစ်သည်။

ယူနက်စကိုစာရင်းဝင် အဆိုပါကွမ်ရင်ရုပ်တုတော်သည် ရာစုနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ရာ ရုပ်ထုထဲတွင် အက်ကွဲကြောင်းများပေါ်လာပြီး ၎င်း၏ လက်ချောင်းများစွာထဲမှ တစ်စိတ်တစ်ပိုင်းသည် ၂၀၀၇ ခုနှစ်တွင် ပြုတ်ကျခဲ့တာကြောင့် ၂၀၀၈  ခုနှစ်တွင် ယွမ်ငွေသန်းပေါင်းများစွာ အကုန်အကျခံကာ ပြန်လည်ပြင်ဆင်ရေးပြု လုပ်ခဲ့ကြခြင်းဖြစ်သည်။

China Academy of Cultural Heritage Project မှ ပညာရှင်များအဖွဲ့သည် ရုပ်တုအား ခွဲခြမ်းစိတ်ဖြာရန် အဆင့်မြင့်ဆုံး X-ray နှင့် infra-red နည်းပညာကို အသုံးပြုပြီး ၎င်း၏ဖွဲ့စည်းပုံဆိုင်ရာ ကြံ့ခိုင်မှုကို ထိခိုက်စေသည့် အကြောင်းရင်းအမျိုးမျိုးကို တွေ့ရှိခဲ့သည်။

အထူးသဖြင့် စိုထိုင်းဆများသည့် နွေရာသီ၏ ပြင်းထန်သော အပူရှိန်ကြောင့် ကွမ်ရင်ရုပ်ထု၏ မျက်နှာပြင်သည် အစိုဓာတ် ဖုံးလွှမ်းသွားသည်ကို တွေ့ရှိခဲ့သည်။ ငွေ့ရည်ဖွဲ့ခြင်း နှင့် ရေငွေ့ပျံခြင်းဖြစ်စဉ်သည် ရုပ်တုအား သက်တမ်းတိုးစေပြီး ရွှေအပြားကို တိုက်ခိုက်ကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေသည်ဟု  Mr Zhan က ထိုစဉ်က ဆိုခဲ့သည်။

တရုတ်နိုင်ငံမှ ပညာရှင်များသည် နှစ်ပေါင်း (၈၀၀) သက်တမ်းရှိ ကွမ်ရင်ဖူဆလက်တစ်ထောင်ရုပ်ထု တော်အား ခုနစ်နှစ်ကြာ ပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ကြသည်လည်း ဖြစ်သည်။

မိုးသား