【 နိုင်ငံတကာဆောင်းပါး 】ဘိုအော်ညီလာခံနှင့် မျှဝေသော အနာဂတ်

【 နိုင်ငံတကာဆောင်းပါး 】ဘိုအော်ညီလာခံနှင့် မျှဝေသော အနာဂတ်

Boao Forum for Asia (BFA) သည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်သည့် ဘိုအော် (Boao) တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ထိုဖိုရမ်မှာ အာရှနိုင်ငံများအကြား စီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ထိုဖိုရမ်တွင် အာရှနှင့်ကမ္ဘာ့ရင်ဆိုင်နေရသော အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးရန် နယ်ပယ်အသီးသီးမှ အစိုးရခေါင်းဆောင်များ၊ စီးပွားရေးအမှုဆောင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြသည်။ ညီ လာခံတွင်စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဆန်းသစ်တီထွင်မှု၊နှင့် ယဉ်ကျေးမှုဖလှယ်မှုများစသည့် ကျယ်ပြန့်သောအကြောင်းအရာများကို ညီလာခံတွင် ဆွေးနွေးကြသည်။

၎င်းညီလာခံသည် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နည်းဆိုင်ရာ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုနှင့် အကြံဥာဏ်များကို မျှဝေရန် ပါဝင်သူ များအတွက် ပလပ်ဖောင်းတစ်ခု ပံ့ပိုးပေးထားသည်။

နှစ်စဉ်ကျင်းပသည့် ဘိုအော်ဖိုရမ်သည် အာရှခေါင်းဆောင်များ၏ ဒေသတွင်းပြဿနာများကို ဆွေးနွေးဖြေရှင်းရန် အရေးကြီးသည့် ပလက်ဖောင်းတစ်ခုဖြစ်လာပြီး ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုကိုလည်း ဆွဲဆောင် နိုင်ခဲ့သည်။

ယခင်ဖိုရမ်များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားကဲ့သို့သော ထင်ရှားသော ပုဂ္ဂိုလ် များက တက်ရောက်မိန့်ခွန်းပြောခဲ့သည်။

Boao Forum သည် နှစ်စဉ်ညီလာခံအပြင်၊ တစ်နှစ်ပတ်လုံး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ကျင်းပသည်။ ထိုပွဲများတွင် အာရှနိုင်ငံများအကြား ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကွန်ရက်ချိတ်ဆက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများပေးရန် ရည်ရွယ်သည်။

ယခုနှစ်ကျင်းပသည့် Boao Forum သည် ကိုဗစ်ကူးစက်မှုလျော့ပါးချိန် ကျင်းပသည့်ညီလာခံဖြစ်ပြီး အိမ်ရှင်တရုတ်နိုင်ငံတွင် ရာစုသစ်အပြောင်းအလဲနှင့် ရှီကျင့်ဖျင်၏ တတိယသက်တမ်းကာလတွင် ကျင်းပသည့် ဆွေးနွေးပွဲဖြစ်သဖြင့် နိုင်ငံတကာက စောင့်ကြည့်မှုများခဲ့သည်။ယခုနှစ်အစည်းအဝေးသို့ စပိန်၊ မလေးရှားနှင့် စင်္ကာပူတို့မှ စပိန်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးများတို့ပါတက်ရောက်ခဲ့သည်။ စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်၊ စပိန်နိုင်ငံဝန်ကြီးချုပ်ပီဒရိုဆန်းချက်ဇ်၊ ကုတ်ဒီဗွားနိုင်ငံဝန်ကြီးချုပ်အာချီတို့ ဘိုအော်အာရှဖိုရမ် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပခဲ့သည့် ဘိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ နိုင်ငံရေး၊ စက်မှုနှင့် ကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာ ရှင်အဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် မသေချာမရေရာမှု များပြားသည့် ကမ္ဘာကြီးတွင် သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ် မှုများကို ရင်ဆိုင်၍ တံခါးဖွင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်းဖြစ်ပါသည်။ ယင်းဆောင်ပုဒ်သည် လူအများက သေချာရေရာမှုများကို စောင့်မျှော်နေခြင်းကို ပြသထားပါသည်။

လေးရက်ကြာ အချိန်အတွင်း ဖိုရမ်တက်ရောက်နေသော နိုင်ငံခြားလုပ်ငန်းရှင်၊ ပညာရှင်များက  ဘိုအော် အာရှဖိုရမ်သည် နိုင်ငံတကာ စီမံခန့်ခွဲရေးအတွက် အကြံဉာဏ်ကောင်းများ ဆောင်ကြဉ်းပေးလာသည့်အပြင် နိုင်ငံခြားလုပ်ငန်းရှင်များအတွက်လည်း ယုံကြည်စိတ် ဆောင်ကြဉ်းပေးလာကြောင်းဆိုသည်။

Boao Forum မတိုင်မီတရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်နေသည့် အာဆီယံအတွင်းရေးမှူးချုပ်နှင့်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဒါရိုက်တာချုပ်တို့လည်း ဘိုအော်သို့ လာရောက်ခဲ့သည်။ ဘိုအော်ညီလာခံအပြီးတွင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နူရယ်လ်မက်ခရွန်နှင့် ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်တို့ ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့လာရောက်ရန် စီစဉ်လျက်ရှိသည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး အဆင့်မြင့်ကိုယ်စားလှယ်ဂျိုးဇက်ဘော်ရယ်လ်နှင့် အီတလီနိုင်ငံဝန်ကြီးချုပ်ဂျော်ဂျီရာမယ်လိုနီတို့သည်လည်း တရုတ်သို့လာဖို့ရှိပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟယာရှိလည်း ဧပြီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဆိုရာ ဘိုအော်ညီလာခံအပြီး အခင်းအကျင်းမှာ လက်ရှိနိုင်ငံတကာအရေးများနှင့် ဆက်စပ်ပြီး အရေးစိုက်စရာဖြစ်လာခဲ့သည်။

လက်ရှိနိုင်ငံတကာအကျပ်အတည်းများအရ ဘိုအော်ညီလာခံမှာ နှစ်စဉ်ကျင်းပနေကြညီလာခံများထက်ပိုပြီး စိတ်ဝင်စားစရာကောင်းနေသည်။ လက်ရှိတွင် တရုတ်သမ္မတရှီကျင့်ဖျင်၏ မော်စကိုခရီးစဉ်အတွင်း ယူကရိန်း အကျပ်အတည်းအတွက်တင်ပြမှုမှာ နောက်ဆက်တွဲရှိနိုင်ကြောင်း သုံးသပ်မှုများအရ  ဘိုအော်ညီလာခံနောက်ဆက်တွဲတွေ့ဆုံမှုများအတွင်း ထိုသို့သောသုံးသပ်မှုမှာ ဖြစ်လာနိုင်သည်ဆိုသော ယူဆချက်များရှိနေသည်။

ဘိုအော်ညီလာခံနှင့်အတူ တရားဝင်ခရီးစဉ်အဖြစ် တရုတ်သို့လာရောက်သည့် စပိန်ဝန်ကြီးချုပ်၏ ခရီးစဉ်မှာ ပို၍ထူးခြားမည်ဟု မျှော်လင့်ထားသည်။နေတိုးအဖွဲ့ဝင် စပိန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ဖေဖော်ဝါရီလတွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံခဲ့သည့် စပိန်ဝန်ကြီးချုပ်ပီဒရိုဆန်းချက်ဇ်မှာ ခရီးစဉ်အတွင်း တရုတ်သမ္မတရှီနှင့် တွေ့ဆုံကာ ပေကျင်း၏ ယူကရိန်းငြိမ်းချမ်းရေးအစီအစဥ်နှင့်ပတ်သက်၍ ဆွေးနွေးဖို့ရှိနေသည်ဟု နိုင်ငံတကာမီဒီယာများက ဆိုသည်။

ထိုတွေ့ဆုံမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများအလွန်ကာလတွင် ရုရှား-ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်း ဖြန်ဖြေရေးခရီးစဉ်တစ်ခုအဖြစ် တရုတ်သမ္မတ၏ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ကို အလည်အပတ်ရောက်ကောင်း ရောက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားကြသည်။

ထို့ကြောင့် ဘိုအော်ညီလာခံတွင် ပြောခဲ့သည့် တရုတ်ဝန်ကြီးချုပ်လီချန်း၏ မိန့်ခွန်းနှင့် စပိန်ဝန်ကြီးချုပ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တွေ့ဆုံမှုများက စိတ်ဝင်စားဖို့ ကောင်းလာခဲ့သည်။ လေးရက်တာကျင်းပခဲ့သည့် ဘိုအော်ဖိုရမ်တွင် အာရှဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးနှင့် နိုင်ငံအသီးသီးဖွံ့ဖြိုးရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။  မတ်လ ၂၉ရက် ဘိုအော်အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကမ္ဘာ့စီးပွားရေး မျှော်မှန်းချက် ဖိုရမ်ခွဲတွင် တက်ရောက်ခဲ့ကြသူများက လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးနာလန်ပြန်ထူရန် အခက်အခဲရှိသော်လည်း ရှေ့အလားအလာကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၃၀ ရက်က ဘိုအော်ညီလာခံ တရုတ်ဝန်ကြီးချုပ်လီချန်းက “အနာဂတ်မျှဝေသောအာရှရဲ့ လူမှုအသိုင်းအဝိုင်း” အကြောင်းကိုပြောခဲ့သည်။ လီက တရုတ်ရဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အဆိုပြုချက် ၁၂ ချက် ထုတ်ပြန်မှုကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်း အများစုက အသိအမှတ်ပြုထားပြီး မျှတပြီး ကောင်းကျိုးဖြစ်စေမယ့် အဆိုပြုချက်များဖြစ်ကြောင်း ၊ ဒါပေမယ့် အနောက်နိုင်ငံတချို့ကတော့ တရုတ်၏ အဆိုပြုချက်ကို မလိုလားသော နိုင်ငံများရှိနေကြပြီး မှားယွင်းသော သတင်းများကို ဖြန့်ချီနေကြပြီး တရုတ်နိုင်ငံ၏ ဘက်မလိုက်သော ရပ်တည်ချက်ကို အလေးမထားရာလည်း ရောက်ကြောင်း၊ တရုတ်ဟာ စစ်ပွဲဖြစ်စေလိုသော ဆန္ဒတစ်ခုမှ မရှိကြောင်း အထူးသဖြင့် အာရှတွင်ဖြစ်ပြီး အာရှနိုင်ငံများအပြင် မိတ်ဖက်နိုင်ငံများနဲ့လည်း ငြိမ်းချမ်းရေးကို အတူတူ ကာကွယ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

လီက “အာရှအတွင်းက ပြဿနာများကို  အာရှနိုင်ငံသားများကသာ ဖွံ့ဖြိုးဆဲကမ္ဘာနှင့် ဆင်းရဲသောနိုင်ငံများ (Global South) အနေနဲ့ ကိုယ်တိုင်ဖြေရှင်းရမည်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အနောက် နိုင်ငံများက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော လုံခြုံရေးတည်ဆောက်မှုပုံစံကို မလိုအပ်ပါဘူး။ ကျွန်တော်တို့အာရှသားများဟာ ငြိမ်းချမ်းရေးအရေးပါပုံကိုလည်း နားလည်ထားပြီး ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ကိုယ်တိုင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို နားလည်ထားပါတယ်”ဟု ပြောခဲ့သည်။

မတ် ၃၁ ရက်နေ့ ညနေပိုင်းတွင် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် စပိန်ဝန်ကြီးချုပ်ဆန်းချက်ဇ် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့သည်။ရှီက တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုး တက်ရေးဖြင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ဘက်စုံတွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်နေပြီး စပိန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမိုကျယ်ပြန့်သော ဈေးကွက်များနှင့် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသာ မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထားဆွေးနွေးသည့် ဘိုအော်ဖိုရမ်ကို နိုင်ငံတကာက ယူကရိန်း အကျပ်အတည်းအတွက် အဖြေရှာရန် တံခါးပေါက်တစ်ခုအဖြစ်မျှော်လင့်သည်က ယခုနှစ်ဘိုအော်ဖိုရမ်၏ ထူးခြားမှုဖြစ်သည်။ထိုသည်မှာ ဘိုအော်ဖိုရမ်သည်ကမ္ဘာ့နှင့် အာရှစီးပွားရေးအကျပ်အတည်းကိုသာမက ကမ္ဘာ့အကျပ်အတည်းကိုပါ ဖြေရှင်းဖို့ နေရာပေးလာနေသည့် သဘောဖြစ်သည်။ဆိုသည်မှာ  ယူကရိန်းအကျပ်အတည်းတွင် ပေကျင်း၏သံခင်းတမန်ခင်းသည် ဝါရှင်တန်နှင့်အနောက်နိုင်ငံများထက် ပိုမိုလက်စောင်းထက်ကောင်းထက်နိုင်သည်ဆိုသည့် ယူဆချက်ရှိနေသောကြောင့်ပင်  တရုတ်တွင် ကျင်းပသည့် နှစ်စဉ်ကျင်းပသည့် ဘိုအော်ဖိုရမ်မှာ အရေးပါလာနေခြင်းဖြစ်လေသည်။

 

လင်းသစ်အောင်