【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် တရုတ်စီးပွားရေးအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် တရုတ်စီးပွားရေးအလားအလာ

 ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ တတိယမြောက် သမ္မတသက်တမ်း စတင်ချိန်တွင် သက်တမ်းနှစ်ဆက် နှစ်ကြာ လက်တွဲလာသူအချို့ပါဝင်လာခြင်းမရှိတော့ဘဲ စီးပွားရေးနှင့် သံတမန်ရေးတွင် အတွေ့အကြုံရှိသူများ ပါဝင်လာသည့်အခါ ရှီ၏တတိယသက်တမ်းမှာ နိုင်ငံတကာ စောင့်ကြည့်သူများအတွက် စိတ်ဝင်စားဖွယ် ကောင်းခဲ့သည်။ ပြီးခဲ့သည့် အစည်းအဝေးနှစ်ရပ်တွင် ပြောခဲ့သည့်မိန့်ခွန်းများ သတင်းစာရှင်းလင်းပွဲများကိုကြည့်ပါက ကမ္ဘာ့ဇာတ်ခုံတွင် တရုတ်နိုင်ငံ၏အနေအထားကို  ခိုင်မာစေမည့် ရှီဦးဆောင်သော တရုတ်အစိုးရ၏ ရပ်တည်ချက်ကို မြင်နိုင်သည်။ 

ရှီ၏ဒုတိယသက်တမ်းအတွင်း ကမ္ဘာ့တွင် ထူးခြားသောဖြစ်ရပ်များဖြစ်ခဲ့သည်။ ကိုဗစ်နှင့် ရုရှား-ယူကရိန်း စစ်ပွဲက အထင်ကရဖြစ်သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာတွင် စတင်တွေ့ရှိခဲ့သည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ တွင် ကျန်းမာရေးအရ တင်းကျပ်သည့် ကိုဗစ်-သုညမူဝါဒဖြင့် သုံးနှစ်ကြာထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၂ခုနှစ်ကုန်ပိုင်းတွင် ပြင်ပကမ္ဘာနှင့် ဝင်ထွက်ခွင့် ပြန်ဖွင့်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်များကို ပိတ်လိုက်ပြီးနောက် ကမ္ဘာ့အရေးများမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ကိုဗစ်မဖြစ်ခင်က ကမ္ဘာ့သည် စီးပွားရေးဆိုင်ရာ ပြဿနာသာ ကြီးကြီးမားမားရှိခဲ့ပြီး ကိုဗစ်လျော့ပါးလာသည့် ယခုအချိန်တွင် အိမ်နီးချင်း ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုမှ တစ်ဆင့် အနောက်နိုင်ငံ များနှင့် ကြားခံ စစ်ပွဲကြီးတစ်ခုကို ဆင်နွဲနေကြသည့် အကျိုးဆက်ကို ကမ္ဘာက ခံနေရပြီဖြစ်သည်။ ထို့ကြောင့် ကိုဗစ်အလွန် ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံတကာအရေးမှာ တစ်ရက်နှင့် တစ်ရက် ကြိုတင်တွက်ဆထားလို့ မရနိုင်လောက်အောင် ပြောင်းလဲနေခဲ့သည်။ 

ထိုသည်မှာ လာမည့် တတိယသက်တမ်းအဖြစ် တရုတ်နိုင်ငံကို ဦးဆောင်မည့် ရှီအစိုးရအဖွဲ့အနေဖြင့် မဖြစ်မနေဖြတ်သန်းရမည့် ကမ္ဘာ့အခင်းအကျင်းသစ်ဖြစ်ပြီး ရှီကျင့်ဖျင်သွားလာရမည့် ပထဝီဝင်နိုင်ငံရေး ဆက်ဆံရေးများ အခက်အခဲများလည်း ဖြစ်သည်။သို့ရာတွင် ကျင်းပပြီးစီးခဲ့သော အစည်းအဝေးနှစ်ရပ်၌ သမ္မတရှီကျင့်ဖျင်ပြောခဲ့သည့်မိန့်ခွန်းများကို ကြည့်ပါက လက်ရှိကမ္ဘာ့အခြေအနေအတွက် ပြင်ဆင်ထားမှုနှင့် ပိုင်းဖြတ်ထားမှုများကို မြင်ရသည်။ ထူးခြားသည်က ကမ္ဘာ့အင်အားကြီးနိုင်ငံများမေ့လျော့ထားသည့် ကမ္ဘာ့စီးပွားရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကို တရုတ်က အလေးအနက်ထားသည်ကိုတွေ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုနှင့် စီးပွားရေးပြိုင်ဘက်မှာ အမေရိကန်ဖြစ်သည်။သို့ရာတွင် တခြားတစ်ဖက်၌ ၂၀၂၂ ခုနှစ် တွင် အမေရိကန်နှင့် တရုတ်တို့ကြား ကုန်စည်ကုန်သွယ်မှုသည် ဒေါ်လာ ၆၉၀ ဒသမ ၆ ဘီလီယံဖိုးရှိခဲ့သဖြင့် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးမှာ အပြန်အလှန်အရေးပါသည့် အနေအထား ဖြစ်နေသည်။ လက်ရှိတွင် အမေရိကန်နှင့်တရုတ်အကြား ပွန်းတိုက်မှုက ခပ်စိပ်စိပ်ဖြစ်လာနေသည်။ ယူကရိန်း စစ်ပွဲစတင်ကတည်းက ပေကျင်းနှင့် ဝါရှင်တန်အကြား ထိတွေ့မှုကနည်းသထက်နည်းလာသည်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပသော G-20 ထိပ်သီးအစည်းအဝေးတွင် ရှီ နှင့် ဘိုင်ဒင် တို့တွေ့ ဆုံခဲ့မှုကြောင့် ပေါ်ပေါက်လာသော ပျော့ပျောင်းသောမျှော်လင့်ချက်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်မီးပုံးပျံကို အမေရိကန်တိုက်လေယာဉ်က သူလျှိုမီးပုံးပျံဟုဆိုကာ ပစ်ချခံရချိန်တွင် ငြိမ်သက်သွားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုဖြင့် ဆော်ဒီအာရေဗျနှင့် အီရန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီကြောင်း မတ် ၁၀ ရက်က ကြေညာခဲ့ပြီးနောက် ယင်းဖြစ်ထွန်းမှုမှာ အရှေ့အလယ်ပိုင်းတွင် တရုတ်နိုင်ငံ၏ စေ့စပ်ဆွေးနွေးရေး သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် နိုင်ငံတကာက မှတ်ယူခဲ့သည်။ ထို့ကြောင့် ရှီကျင့်ဖျင်၏ တတိယမြောက်သက်တမ်းကို ခန့်မှန်းပါက တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ဦးဆောင်မည့်သဘောကိုတွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးနှစ်ရပ်ဖြစ်သော ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေး (NPC)နှင့်တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC)တွင် တရုတ်စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့ကို ကိုဗစ်ကာလအတွင်း စီးပွားရေး အရှိန်မပျက်အောင် မောင်းနှင့်ခဲ့သည့် လီချန်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ တရုတ်ဝန်ကြီးချုပ်သစ်၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို မတ် ၁၃ ရက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးနောက်ဆုံးနေ့တွင် ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်သစ် လီချန်က တရုတ်နိုင်ငံစီးပွားရေးအလားအလာအပေါ် ယုံကြည်စိတ်အပြည့်ရှိကြောင်းပြောကြားခဲ့ပြီး ယခုနှစ် တရုတ်ပြည်စီးပွားရေး၏ တိုးတက်မှုရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်း ဝန်းကျင်ဟုဆိုသည်။ လီက ယင်းရည်မှန်းချက်ကို လွယ်လွယ်လေးဖော်ဆောင်နိုင်မှာ မဟုတ်ဘဲ ပိုမိုအားထုတ်ကြိုးပမ်းဖို့ လိုအပ်ကြောင်း ပြောခဲ့သည်။ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ မက္ကရို မူဝါဒ၊ ပြည်တွင်းဝယ်လိုအား တိုးချဲ့ ခြင်း၊ ပြုပြင်ပြောင်း လဲရေးနှင့် ဆန်းသစ်တီထွင်ရေး၊ အန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေး အပါအဝင် လုပ်ငန်းနယ်ပယ်လေးခုကို တစ်ပြိုင်တည်းကောင်းမွန်စွာ ဆောင်ရွက်ဖို့လိုပြီး လက်တွေ့ကျသည့် အခြေအနေ အရ ပိုမို ပြည့်စုံကောင်းမွန်လာအောင်လည်း အဆက်မပြတ်ဆောင်ရွက်ရမည်ဟု ပြောခဲ့သည်။

စီးပွားရေးအရအရေးကြီးသည့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကို ပြောခဲ့ရာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ၍ လုပ်ကိုင်နိုင်ကြောင်း၊ ထိန်းချုပ်ဟန့်တားမှုနှင့် ဖိနှိပ်မှုတို့သည် မည်သူ့အပေါ် မဆို ကောင်းကျိုးမရှိကြောင်း၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ၏ စီးပွားရေးသည် ခွဲခြား၍ မရကြောင်း၊ တစ်နိုင်ငံက တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးရရှိကြောင်း၊ လက်ရှိ အရေးတကြီး လုပ်ဆောင်ရသည်မှာ ယမန် နှစ် နိုဝင်ဘာလက သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ဘိုင်ဒင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို မူဝါဒအဖြစ် ရေးဆွဲချမှတ်ပြီး လက်တွေ့ဖော်ဆောင်ရန် ဖြစ်ကြောင်းကိုပြောခဲ့သည်။

ထို့နေ့တွင်ပင် ပြုလုပ်သည့်  အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတအဖြစ် တတိယအကြိမ်ရွေးချယ်တင်မြှောက်ခံရသည့် ရှီကျင့်ဖျင်က အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်ရှင်သန်ရေးခရီးစဉ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်တွန်းအားပေးရမည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးပြီး အရည်အသွေးမြင့်မားသော တံခါးဖွင့်မှုကိုလည်း ဇောက်ချ၍ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်က တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာအား အကျိုးရရှိစေကြောင်း၊ တရုတ်ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာနှင့် ခွဲမရကြောင်း၊ တရုတ်ပြည်သည် အရည်အသွေးမြင့်မားသော တံခါးဖွင့်မှုကို ဇောက်ချ၍ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့စျေးကွက်နှင့် အရင်းအမြစ်များကို အသုံးပြုပြီး ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေပြီး တစ်ကမ္ဘာလုံးမှာရှိသည့် နိုင်ငံအသီးသီးအား အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသည်ကိုကြည့်ပါက တရုတ်စီးပွားရေးအပေါ် အစည်းအဝေးနှစ်ရပ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ချယုံကြည်မှုဘာကြောင့် မြင့်တက်လာသည်ကို သိနိုင်မည်ဖြစ်သည်။

မကြာမီက ထုတ်ပြန်သည့် တရုတ်အမျိုးသား စာရင်းအင်းဌာန၏ယခုနှစ် ဇန်နဝါရီနှင့်ဖေဖေါ်ဝါရီလ အတွက်ထုတ်ပြန်မှုတွင် တရုတ်အမျိုးသား စီးပွားရေးတည်ငြိမ်လာပြီး ပြန်လည်တိုးတက်လာကြောင်း ဖော်ပြခဲ့ သည်။ ကမ္ဘာ့စီးပွားရေးနာလံထူမှုတွင် အရေးပါသည့် ကမ္ဘာ့ခရီးသွားလာရေးကဏ္ဍနှင့် ပတ်သက်ပြီး မတ်လ ၁၄ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မတ်လ ၁၅ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပခရီးသွားနိုင်သည့် နိုင်ငံအရေအတွက် တိုးလာပြီး၊ ပြည်ပသို့ ခရီးလှည့်လည်ရန် ကောင်းမွန်သော အခြေအနေ တစ်ဆင့်တက်ဖန်တီးပေးထားကြောင်း ပြောခဲ့သည်။

ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေးအုပ်စု ဖြစ်သည့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁ဝနှစ်ခန့် အတွင်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်စဉ်ပျမ်းမျှအကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၃ဝကျော် ရှိသည်။ ထိုသည်ကို တရုတ်နိုင်ငံ ကျန်းစူးပြည်နယ်ရှိ ထိုက်ဆန်းဆိပ်ကမ်း တစ်ခုတည်းက  ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နိုင်ငံခြားကုန်သွယ်မှု ကွန်တိန်နာပေါင်း ၇၇၅၀၀၀TEUs နှင့် ကုန်စည် တန်ချိန် ပေါင်း ၁၇.၆၃၄သန်း ပို့ဆောင်နိုင်ခဲ့သည့် စာရင်းအချက်အလက်တစ်ခုကို ကြည့်လျှင် သိနိုင်ပေသည်။

၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် အစည်းအဝေး၏ ပထမဆုံးနေ့တွင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် အောင်မြင်မှုများကို သုံးသပ်ပြီး ၂၀၂၃ ခုနှစ်အတွက် ပန်းတိုင်များ ပါဝင် သော အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ရာတွင်  ၂၀၂၃ ခုနှစ်အတွက် တရုတ်သည် စီးပွားရေးအား ၅ ရာခိုင်နှုန်းခန့် မြှင့်တင်ရန် ရည်ရွယ်ထားပြီး မြို့ပြအလုပ်အကိုင် အသစ်ပေါင်း ၁၂ သန်းကို ဖန်တီးပေးရန် ရည်ရွယ်ထားကြောင်း၊ ငွေကြေးဖောင်းပွမှုအတွက် အဆုံးအဖြတ် ပေးနိုင်သည့် သုံးစွဲသူဈေးနှုန်းညွှန်းကိန်းကိုလည်း မြှင့်တင်ရန် ရည်မှန်းထားကြောင်း အစီရင်ခံခဲ့သည်။

ထို့ကြောင့် ရှီ၏တတိယမြောက်သက်တမ်းမှာ တရုတ်စီးပွားရေးကို ယခင်ကထက် ပိုမိုလျင်မြန်စွာ တိုးတက်လာနိုင်သည့် အခင်းအကျင်းများ ဖြစ်လာနိုင်ဖို့ရှိသလို နာလံထူဖို့ ခက်ခဲနေသည့် ကမ္ဘာ့စီးပွားရေးကိုလည်း ကိုဗစ်မတိုင်ခင်ကာလကဲ့သို့ လည်ပတ်နိုင်ရန် မောင်းတင်သွားနိုင်မည့် အလားအလာများလည်း မြင်နေရပေသည်။ထိုထဲတွင် အရှိန်ရနေသည့်‌ BRIနှင့် RCEP တို့က ထိပ်ဆုံးကနေ ပါဝင်ဖို့ရှိနေသည်မှာ မလွဲဧကန်ပင် ဖြစ်နေပေသည်။

လင်းသစ်အောင်