【 နိုင်ငံတကာဆောင်းပါး 】အားလပ်ရက်များနှင့် တရုတ်ခရီးသွားအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】အားလပ်ရက်များနှင့် တရုတ်ခရီးသွားအလားအလာ

ကိုဗစ်ကူးစက်မှုလျှော့ပေါ့လာပြီးနောက် တရုတ်နိုင်ငံသားများ ပြည်တွင်းပြည်ပခရီးသွားလာမှုစတင်ခဲ့ရာ ကမ္ဘာတစ်ဝန်းခရီးသွားလုပ်ငန်းမှာ ပြန်လည်ခေါင်းထောင်လာခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများဆက်တိုက်ဖြစ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်နာလံထူဖို့ရာအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ တစ်ခုတည်းသော အခွင့်အလမ်းဖြစ်လာနေသည်။ထို့ကြောင့် တရုတ်၏စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအလှုပ်များက ကမ္ဘာအတွက်စောင့်ကြည့်ချင်စရာဖြစ်လာခဲ့သည်။

ယခုနှစ်အစောပိုင်း တရုတ်နှစ်သစ်ကူးပိတ်ရက်ခရီးသွားလာခွင့်ကို ၂၀၁၉ ခုနှစ်ကိုဗစ်နောက်ပိုင်းပထမဆုံး ပြန်လည်ခွင့်ပြုခဲ့ရာ တရုတ်ခရီးသွားလုပ်ငန်းမှာ မထင်မှတ်လောက်အောင် ပြန်လည် လည်ပတ်ခဲ့သည်။ အမျိုးသားမီးရထားဌာနအဆိုအရ ယခုနှစ်ဇန်နဝါရီလမှဖေဖော်ဝါရီလအထိ ရက်ပေါင်း ၄၀ ကြာ တရုတ်နှစ်သစ်ကူး ခရီးသွားကာလအတွင်း မီးရထားဖြင့် ခရီးသွားစုစုပေါင်း ၃၄၈ သန်း (သို့မဟုတ်) တစ်နေ့လျှင်ပျမ်းမျှ ခရီးသွား၈.၇ သန်းခန့် ရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် မေဒေးရက်တွင် တရုတ်ပြည်တွင်းခရီးသွားလာမှုမှာ အားတက်ဖွယ်ဖြစ်သည်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရဆိုလျှင် ၂၀၂၃ ခုနှစ် အလုပ်သ မားနေ့ အားလပ်ရက်အတွင်း နိုင်ငံတစ်ဝှမ်းပြည်တွင်းခရီးစဉ် စုစုပေါင်း ၂၇၄ သန်း ဝင်ရောက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၇၀.၈၃ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ် အလားတူ အားလပ်ရက်အဆင့်ကို ကျော်လွန်သွားခဲ့သည်ဟုဆိုသည်။

အဆိုပါမေဒေးအားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းမှ ၀င်ငွေမှာ ယွမ် ၁၄၈.၀၅၆ ဘီလီယံ (ဒေါ်လာ ၂၁.၄၂ ဘီလီယံဝန်းကျင်) ရှိကာ တစ်နှစ်ထက်တစ်နှစ် ၁၂၈.၉၀ ရာခိုင်နှုန်းတိုးလာကြောင်းထုတ်ပြန်ခဲ့သည်။မေလအားလပ်ရက်သည်တရုတ်နှစ်သစ်ကူးပွဲနှင့်အောက်တိုဘာလရက်သတ္တပတ်အားလပ်ရက်များထက်ပိုမိုတိုတောင်းသော်လည်းနွေရာသီတွင်တရုတ်၏စီးပွားရေးလုပ်ငန်းများအတွက် ခရီးသွားအများဆုံး ရာသီတစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံ၏ ခရီးသွားဈေးကွက်သည် နွေရာသီတွင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး အများစုမှာ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း China Tourism Academy က ခန့်မှန်းခဲ့သည်။ ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ ခရီးသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ပြည်ပအဝင်နှင့်အထွက် ခရီးသွားဦးရေသည် သန်း ၉၀ ကျော်အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ တရုတ်ခရီးသွား အေဂျင်စီ Ctrip.com စာရင်းအချက်အလက်၌ ဇန်နဝါရီမှ မတ်လအတွင်း ပြင်ပခရီးသွားစာရင်းသွင်းမှုများတွင် တစ်နှစ်ထက်တစ်နှစ် ၃၀၀ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့မြင်ရသည်မှာ တရုတ်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အားတက်စရာဖြစ်လေသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ်တွင် သွားရောက်လည်ပတ်မှုပေါင်း  ၄.၅၅ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ်လည်ပတ်သွားလာမှု၏  ၇၆ ရာခိုင်နှုန်းအဆင့်သို့ရောက်လာနိုင်ပြီး  တစ်နှစ်ထက်တစ်နှစ် ၇၃ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းတွင် ပြည်တွင်းခရီးသွား လုပ်ငန်းမှ ၀င်ငွေသည် ယွမ် ၄ ထရီလီယံ (ဒေါ်လာ ၅၈၃ ဘီလီယံ) ရှိမည်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၈၉ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါမဖြစ်မီက ကမ္ဘာ့အကြီးဆုံး ခရီးသွားရင်းမြစ်ဈေးကွက်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွားများသည် ကမ္ဘာ့တစ်ဝန်း ခရီးသွားလာရာတွင် စုစု ပေါင်းအမေရိကန်ဒေါ်လာ ၂၅၅ ဘီလီယံ သုံးစွဲခဲ့ပြီး တရုတ်နိုင်ငံတွင်းသို့ ပြည်ပခရီးသည် ၁၆၆ သန်း ဝင်ရောက်ခဲ့သည်။ ထိုနှစ်ပြည်တွင်း ခရီးသွားလုပ်ငန်းတွင် သွားရောက်လည်ပတ်မှုခရီးသည်အရေအတွက်မှာ ၆ ဘီလီယံကျော်ရှိခဲ့ရာ ယခုနှစ်အတွက် ပြည်တွင်းခရီးသည် ၄.၅၅ ဘီလီယံခန့်မှန်းခဲ့ရာ နီးစပ်သည့် အရေအတွက်ဖြစ်လေသည်။

တရုတ်နိုင်ငံ၏ခရီးသွားလာမှုမှာ အချိန်နှင့်အမျှ တိုးတက်နေသည်။ ပုံမှန်ပြန်ဖြစ်ဖို့ ဦးတည်နေမှုနှင့်အတူ ပြည်တွင်းပြည်ပသွားလာမှုမှာ ယခင်ကိုဗစ်မဖြစ်ခင် သွားလာမှုအချိန်ကာလနီးပါးသို့ တရွေ့ရွေ့ချည်းကပ်လာနေသည်။ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာနယ်စပ်များ ဖွင့်လှစ်ပြီးနောက် တရုတ်ခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လာရာ မကာအိုအထူးအုပ်ချုပ်ရေးဒေသ (SAR)တွင် ဖေဖော်ဝါရီလအထိ ခရီးသည် ၃ သန်းနီးပါး လာရောက်လည်ပတ်ခဲ့ပြီး ပျမ်းမျှဟိုတယ်တည်းခိုနှုန်း ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာမှုမရှိခဲ့ခြင်းသက်ရောက်မှုကြောင့် တရုတ်ပြည်တွင်းခရီးသွားလာမှု တိုးတက်နေရာ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ပထမသုံးလပတ်တွင် ပြည်တွင်းခရီးစဉ် ၁.၂ ဘီလီယံကျော် ရှိခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၁.၃ ထရီလီယံထိ သုံးစွဲခဲ့သည်။ ထိုပမာဏမှာ ပြည်တွင်းခရီးသွားသုံးစွဲမှုတွင် တစ်နှစ်ထက် တစ်နှစ် ၄၆.၅ ရာခိုင်နှုန်းနှင့် ၆၉.၅ ရာခိုင်နှုန်း အသီးသီးတိုးမြင့်လာခဲ့ခြင်းကို ဖော်ပြနေလေသည်။

အာရှခရီးသွားလုပ်ငန်းဖလှယ်ရေးစင်တာ (ATEC) က တရုတ်ပြည်မကြီး၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား ပြင်ပ-နယ်စပ်ခရီးသွားလာမှုသည် ၂၀၂၃ ခုနှစ်တွင် တိုးလာမည်ဟု ခန့်မှန်းထားမှုရှိသည်။

တရုတ်နိုင်ငံ၏ ပြင်ပခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်းသည် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးအခွင့်အလမ်းများအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုနှစ်မေဒေးအားလပ်ရက်အတွင်း တရုတ်ပြည်တွင်းခရီးသွားလာမှုကို ကြည့်ပါက ခရီးသွားကဏ္ဍက တရုတ်ပြည်တွင်းစီးပွားရေးကို မည်မျှနှိုးဆွနိုင်မည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သောတရုတ်နိုင်ငံ၏ စီးပွားရေးကောင်းမွန်လာမှုက ကမ္ဘာအတွက် ကောင်းမွန်သောအရွေ့ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေသတွင်း စီးပွားတိုးတက်မှုနှုန်း နောက်ဆုံးခန့်မှန်းချက်တွင် တရုတ်တွန်းအားကြောင့် အာရှစီးပွားရေးတိုးတက်မှုကို လွန်ခဲ့သောနှစ်ကထက် ၃.၈ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းခဲ့ရာ ၄.၆ ရာခိုင်နှုန်းတိုး တက်မည်ဟု ပြောင်းလဲခန့်မှန်းခဲ့ခြင်းပင်ဖြစ်သည်။ ထိုအစီရင်ခံစာသစ်တွင် တရုတ်နိုင်ငံက နယ်စပ်နှင့်နိုင်ငံတကာဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်လိုက်သောကြောင့် အရှိန်အဟုန်သစ်ရရှိပြီး ထိုဒေသသည် ကမ္ဘာစီးပွားရေးတိုးတက်မှု၏ ၇၀ ရာခိုင်နှုန်းကို အကျိုးပြုမည်ဖြစ်ကြောင်းဆိုထားရာ တရုတ်အားလပ်ရက်များနှင့် တရုတ်ခရီးသွားအလားအလာက ကမ္ဘာ့စီးပွားရေးတွင် တစ်မျိုးတစ် ဖုံအရေးပါလာနေသည်မှာ ငြင်းမရသည့် အချက်တစ်ခုပင်ဖြစ်လေသည်။     

လင်းသစ်အောင်