【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ခေါင်မိုး (သို့မဟုတ်) တိဗက်ဒေသ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ခေါင်မိုး (သို့မဟုတ်) တိဗက်ဒေသ

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ယနေ့ တရုတ်နိုင်ငံမှာ ပြည်နယ်အနေနဲ့ ၂၃ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ တိုက်ရိုက်အုပ်ချုပ်တဲ့မြို့ ၄ မြို့နဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသကြီး ၂ ခုဆိုပြီး စုစုပေါင်း ၃၄ ခု ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုထဲမှာတော့ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်ရှီးကျွမ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နင်ရှဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရှင်းကျန်းဝေယူအယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဖြစ်ကြပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုထဲမှာပါတဲ့ တိဗက်ဒေသကတော့ တရုတ်နိုင်ငံတွင်းသာမက ကမ္ဘာအတွက်ပါ ထူးခြားသော ဒေသဖြစ်ပြီး ကမ္ဘာ့ခေါင်မိုးဟု တင်စားရလောက်အောင်ပင် ကမ္ဘာ့အမြင့်ဆုံး ကုန်းမြင့်နှင့် တောင်တန်းဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

တိဗက်ဒေသဟာ မြန်မာနိုင်ငံ၏ မြောက်ဘက်ထိပ် တည့်တည့်တွင်ရှိပြီး မြန်မာနိုင်ငံထဲမှာလည်း တိဗက်လူမျိုးများနေထိုင်သည့် တိဗက်ကျေးရွာများရှိတယ်လို့လည်း မှတ်သားဖူးပါတယ်။

တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ကတော့ လာဆာမြို့ဖြစ်ပါတယ်။တိဗက်ကုန်းပြင်မြင့်မှာ ကီလိုမီတာ ၂၅၀ဝ,ဝဝဝ (၉၇၀,ဝဝဝ စတုရန်းမိုင်) ခန့် ကျယ်ဝန်းပြီး တိဗက်လူမျိုးများအပြင် အခြားလူမျိုးစုများဖြစ်သည့် Monpa ၊ Tamang ၊ Qiang ၊ Sherpa နှင့် Lhoba လူမျိုးများနှင့် ၂၀ ရာစုမှစတင်၍ ဟန်တရုတ်နှင့် Hui လူမျိုးစုများ အခြေချနေထိုင်ခဲ့ကြပါတယ်။ယနေ့တွင် တိဗက်ကုန်းမြင့်ရဲ့ အနောက်နှင့် အလယ်ပိုင်းကို တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အုပ်ချုပ်နေပြီး အရှေ့ပိုင်းဒေသများမှာ ယခုအခါ Sichuan ၊ Qinghai နှင့် အခြားသော အိမ်နီးချင်းပြည်နယ်များအတွင်း အများအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအဖြစ် ရှိနေပါတယ်။

တိဗက်ဒေသဟာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဒေသဖြစ်ပြီး ပျမ်းမျှအမြင့် ၄,၃၈၀ မီတာ (၁၄,ဝဝဝပေ) ရှိပါတယ်။ဟိမဝန္တာတောင်တန်းများတွင် တည်ရှိပြီး တိဗက်၏ အမြင့်ဆုံးတောင်ကတော့ ဧဝရတ်တောင်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၈,၈၄၈.၈၆ မီတာ (၂၉,ဝ၃၂ ပေ) မြင့်ပါတယ်။

တိဗက်တွင် အဓိကကိုးကွယ်သော ဘာသာမှာ တိဗက်ဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာများလည်း ရှိပါသေးတယ်။တိဗက်ဗုဒ္ဓဘာသာဟာ ဒေသ၏ အနုပညာ၊ ဂီတနှင့် ပွဲတော်များအပေါ် အဓိကလွှမ်းမိုးမှုဖြစ်ပါတယ်။ တိဗက်ဗိသုကာပညာတွေဟာ တရုတ်နဲ့ အိန္ဒိယတို့၏ လွှမ်းမိုးမှုကို ထင်ဟပ်နေပါတယ်။တိဗက်ရှိ အဓိကအစားအစာများမှာလည်း မုယောစပါးကင်၊ ယဲ့အသား (တောင်ပေါ်အမွှေးရှည်နွား) နှင့် ထောပတ်လက်ဖက်ရည်တို့ဖြစ်ကြပါတယ်။

တိဗက်ဒေသဟာ ဆီးနှင်းများ ဖုံးလွှမ်းနေသော ကုန်းပြင်မြင့်ဒေသဖြစ်ပြီး ယင်းဒေသတွင် ကမ္ဘာကျော် ဧဝရတ်တောင်ထိပ်၊ ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံးဖြစ်သော ယာလုကျန့်ပု ချောက်ကမ်းပါးကြီး (Yarlung Tsangpo Grand Canyon)၊ ထူးခြားဆန်းကြယ်၍ ခမ်းနားထည်ဝါလှသော နတ်တောင်များနှင့် နတ်ရေကန်များ၊ တစ်မူထူးခြားသော တိုင်းရင်းသားရိုးရာဓလေ့ပုံစံများ၊ လျှို့ဝှက်ဆန်းကြယ်၍ ရိုသေကိုင်းရှိုင်းသော ယုံကြည်ကိုးကွယ်မှုများကို တွေ့မြင်နိုင်တဲ့ ဒေသဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပိုတာလာနန်းတော် (The Potala Palace)၊ တရုတ်တိုင်းရင်းဆေးပညာ၏ အဖိုးတန်ရတနာဖြစ်သော တိဗက်တိုင်းရင်းဆေးဝါးများ၊ တိဗက်ယဉ်ကျေးမှု၏ “စွယ်စုံကျမ်း” ဟု ခေါ်စမှတ်ပြုကြသော ထန်ခါ (Thangka) ပန်းချီအနုပညာလက်ရာပုံစံများနှင့် သမိုင်းကြောင်းရှည်ကြာသော ယဉ်ကျေးမှုအနုပညာတို့လည်း ရှိပါသေးတယ်။

လက်ရှိတွင် အဆိုပါဒေသ၌ ဂရိတ်-အေ အဆင့်ရှိ ရှုမျှော်ခင်းကြည့်နေရာ ၁၁၆ ခုရှိပြီး ယင်းအနက် ဒေသဆိုင်ရာ မြို့တော် လာဆာရှိ ပိုတာလာနန်းတော်အပါအဝင် နေရာ ၅ ခုမှာ 5A အဆင့်ရှိကြောင်း သိရပါတယ်။

တိဗက်ဒေသတွင် ၂၀၂၀ ပြည့်နှစ်က ခရီးသွားဧည့်သည် ၃၅.၀၅ သန်း လာရောက်ခဲ့ပြီး စုစုပေါင်းခရီးလုပ်ငန်းဝင်ငွေမှာ ယွမ် ၃၆.၆၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဗျူရိုအရ သိရပါတယ်။

မကြာသေးမီနှစ်များအတွင်းကစပြီး ခရီးသွားလုပ်ငန်းတိုးတက်မှုနှင့်အတူ၊ ဝန်ဆောင်မှုကဏ္ဍဟာ တိဗက်တွင် အကြီးဆုံးကဏ္ဍ ဖြစ်လာခဲ့ပါတယ်။

ခန့်မောင်