【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့လေအားလျှပ်စစ် ထုတ်လုပ်မှုကို တရုတ်ဦးဆောင်နေပြီလား

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့လေအားလျှပ်စစ် ထုတ်လုပ်မှုကို တရုတ်ဦးဆောင်နေပြီလား

အနာဂတ်ကမ္ဘာကြီးနဲ့ လူသားမျိုးဆက်အတွက် “အန္တရာယ်ကင်းနိုင်သမျှ” ဆိုတဲ့ စဉ်းစားတွေး ခေါ်မှုတွေနဲ့အတူ နိုင်ငံအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လာကြရပါတယ်။
 
ခေတ်မီလာမှုနဲ့အတူ ပိုတိုးပြီး လိုအပ်လာတဲ့ စွမ်းအင်နဲ့ လောင်စာကဏ္ဍအတွက် ခေါင်းစားစရာအဖြစ်ကနေ ဖောက်ထွက်ဖို့ကလည်းအရေးတကြီး လိုအပ်နေပါတယ်။
 
ပူနွေးလာတဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းဖို့နဲ့သဘာ၀ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးဆိုတဲ့ အချက်တွေအတွက်လည်း စိန်ခေါ်မှုတွေရှိနေတာဖြစ်ပါတယ်။ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့ နည်းလမ်းတွေထဲ လေအား၊ ရေအား၊ နေရောင်ခြည် စတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း တည်ဆောက်မှုတွေကနေ လိုအပ်တဲ့ စွမ်းအင်ကိုထုတ်ယူဖို့ ကြိုးစားခဲ့ကြပြီး ဒီထဲမှာ တည်ငြိမ်မှုရှိပြီး အရွယ်အစား အကြီး၊ အသေး လိုအပ်တဲ့ပမာဏကို တည်ဆောက်အသုံးပြုနိုင်တဲ့ သန့်ရှင်း ပြည့်ဖြိုးစွမ်းအင်ဖြစ်တဲ့ လေအားလျှပ်စစ် စီမံကိန်း‌တွေကလည်း အပါအဝင်ဖြစ်ပါတယ်။
 
ကမ္ဘာပေါ်မှာ လေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်မှုအများဆုံး နိုင်ငံတွေမှာတော့ ဦးဆောင်သူအဖြစ် တရုတ်နဲ့ အမေရိကန်က ၂၀၂၁ ခုနှစ် စာရင်းအချက်အလက်တွေ ထွက်ပေါ်ကတည်းက ရှိနေကြပါတယ်။
 
ကမ္ဘာ့လူဦးရေ သုံးသပ်ချက် (world population review) ရဲ့ အချက်အလက်အရ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ် မှာ လေအားလျှပ်စစ် အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ လေအားလျှပ်စစ်ကနေ ၄၆၆.၅  terawatt hours (TWh) ထုတ်လုပ်မှုရှိခဲ့ပါတယ်။ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းထုတ်လုပ်မှု ၁,၅၉၆.၄ TWh နဲ့ နှိုင်းယှဉ်ရင် ၂၉ ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ ၂၀၂၁ ခုနှစ်မှာ လေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ဒုတိယနေရာမှာရှိခဲ့ပြီး တစ်ကမ္ဘာလုံး ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းကျော်နဲ့ ညီမျှပါတယ်။
 
ဒါကြောင့် တရုတ်နဲ့ အမေရိကန်က ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့လေအားလျှပ်စစ် ထုတ်လုပ်မှုရဲ့  ၅၀.၆ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြပါတယ်။
 
အဲဒီနောက်မှာတော့ ဂျာမဏီ၊ ယူကေ၊ စပိန်၊ ဆွီဒင်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနဲ့ ဂျပန်နိုင်ငံတို့က ၂၀၂၁ ခုနှစ်ရဲ့ လေအားလျှပ်စစ် ထုတ်လုပ်မှုမှာ အစဉ်လိုက်အတိုင်းရှိခဲ့ကြပါတယ်။
 
ဒီလိုလေအားလျှပ်စစ် စီမံကိန်းတွေ တိုးတက်များပြားလာတာဟာ ကမ္ဘာကြီးပူနွေးမှုနဲ့ လေထုညစ်ညမ်းမှုအပါအဝင် သဘာ၀ပတ်ဝန်းကျင် ကိစ္စရပ်တွေအတွက် ကျွဲကူးရေပါဖြစ်ခဲ့လို့ ပြည့်ဖြိုးမြဲဖြစ်ပြီး လုံခြုံတည်ငြိမ်မှုရှိတဲ့ အခုလိုစွမ်းအင်ထုတ်လုပ်ရေးကဏ္ဍတွေကို ပညာရှင်တွေက ထောက်ခံကြပါတယ်။ဒီနေရာမှာ တရုတ်ရဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေး အစီအစဉ်နဲ့ပြုလုပ်လာတဲ့ စွမ်းအင်စီမံကိန်းတွေကလည်း ကမ္ဘာတစ်ဝန်းက စောင့်ကြည့်စရာဖြစ်လာပါတယ်။
 
တရုတ်နိုင်ငံဟာ စာရင်းကောက်ယူမှုတွေရှိတဲ့ ၂၀၂၁ ခုနှစ်ကနေ လေအားလျှပ်စစ် စီမံကိန်းကို အများဆုံးတည်ဆောက် ထုတ်လုပ်သူဖြစ်လာရာက အခုနှစ် ၂၀၂၄ ခုနှစ် အဖွင့်မှာလည်း ကမ္ဘာ့အကြီးဆုံး အလွန်မြင့်မားသောအမြင့် (ultra-high-altitude) လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို မိတ်ဆက်ခဲ့ပါတယ်။အမြင့် ပေ  ၄,၆၅၀ မီတာမှာ တည်ဆောက်ထားတဲ့ လေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nagqu ဒေသမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှာ စတင်လည်ပတ်ခဲ့တယ်လို့ China Daily သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ ဒါဟာ ကမ္ဘာ့အကြီးဆုံး လေရဟတ်ခြံ စီမံကိန်းဖြစ်နေပြီး နှစ်သစ်မှာဖွင့်ခဲ့တဲ့ ဒီစီမံကိန်းကနေ စုစုပေါင်း လျှပ်စစ်စွမ်းအား ၁၀၀ မဂ္ဂါဝပ်အထိ ရရှိမယ်လို့ ဆိုပါတယ်။ဒီစီမံကိန်းကို China Energy Investment Group က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယွမ် သန်း ၆၄၀ (ဒေါ်လာ ၉၀ ဒသမ ၃၆ သန်း)၊ တန်ကြေးရှိတယ်လို့ ဆိုပါတယ်။
 
ရလဒ်ပိုင်းအနေနဲ့ လေရဟတ်တာဘိုင် ၂၅ လုံးကနေ နှစ်စဉ် Green လျှပ်စစ်ဓာတ်အား ကီလိုဝပ် (hours)  သန်း ၂၀၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။
 
အခြားတစ်ဖက်မှာတော့ ဒါဟာ စံပြအဖြစ် ကျောက်မီးသွေး မက်ထရစ်တန် ၆၀,၀၀၀ ခန့်ကို ချွေတာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁၆၀,၀၀၀ ခန့် လျှော့ချနိုင်မယ်လို့ဆိုတာကြောင့် နှစ်သစ်အဖွင့်ကိုကြည့်ရင်း ကမ္ဘာ့လေအားလျှပ်စစ် စီမံကိန်းနဲ့ လျှပ်စစ်ထုတ်လုပ်မှုကို တရုတ်က ဆက်ဦးဆောင်မှာလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။
 
မိုးသား