【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကြီးဆုံး ၁၀ ခု စာရင်းဝင် ထျန်းအန်းမင်ရင်ပြင်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကြီးဆုံး ၁၀ ခု စာရင်းဝင် ထျန်းအန်းမင်ရင်ပြင်

ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးအများစုမှာ အခမ်းအနားတွေနဲ့အတူ လူထုစုဝေးပွဲအတွက်ပြုလုပ်နိုင်ဖို့ ပြည်သူ့ရင်ပြင်အဖြစ် လူသိများတဲ့ နေရာတစ်ခုကို သတ်မှတ်ထားလေ့ရှိပါတယ်။

ဒီလိုရင်ပြင်တွေမှာ နိုင်ငံတော်အခမ်းအနားတွေ၊ ရိုးရာယဉ်ကျေးမှုပွဲတော်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ စျေးရောင်းပွဲတွေကိုလည်း ကျင်းပလေ့ရှိကြပါတယ်။

ကမ္ဘာ့မြို့ကြီးတွေမှာရှိတဲ့ ရင်ပြင်လိုနေရာတွေထဲမှာ အကြီးဆုံးနေရာတွေကို ပိုင်ဆိုင်ထားတာကတော့ တရုတ်နိုင်ငံက မြို့ကြီးတွေဖြစ်ပါတယ်။ကမ္ဘာ့အကြီးဆုံး မြို့တော်ရင်ပြင်ဆိုတာကလည်း တရုတ်နိုင်ငံမှာ တည်ရှိတာဖြစ်သလို ကမ္ဘာ့အကြီးဆုံး မြို့တော်ရင်ပြင် ၁၀ ခုထဲမှာ တရုတ်နိုင်ငံက ၄ ခုပါဝင်နေပါတယ်။

ဒီထဲမှာ ကမ္ဘာ့အကြီးဆုံး မြို့တော်ရင်ပြင် နံပတ် ၇ နေရာမှာ တည်ရှိနေတဲ့ နေရာကတော့ ပေကျင်းမြို့မှာရှိတဲ့ ထျန်းအန်းမင် (Tienanmen) ရင်ပြင်ဖြစ်ပါတယ်။

ထျန်းအန်းမင်ရင်ပြင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမြို့တော် ပေကျင်းမြို့လယ်တွင် မြို့၏ဗဟိုချက်အဖြစ် တည်ရှိနေတာဖြစ်ပြီး တရုတ်ပြည်၏ ယဉ်ကျေးမှုနှင့် အမျိုးသားအမှတ်သင်္ကေတအဖြစ် တည်ရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီရင်ပြင်ကြီးဟာ ပေကျင်းမြို့၏ မြို့လယ်ခေါင်၌တည်ရှိပြီး ၎င်းရဲ့မြောက်ဘက်အရပ်၌ရှိသော ထျန်းအန်းမင်ဂိတ်ဝကြီးကို အစွဲပြု၍ ထျန်းအန်းမင်ရင်ပြင်ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

ထျန်းအန်းမင်ရင်ပြင်ကို ၁၄၂၀ ပြည့်နှစ် မင်မင်းဆက်လက်ထက်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။စတင်တည်ဆောက်ကာစက ယခုလောက်မကျယ်ဝန်းသေးဘဲ နောက်ပိုင်းမှ နဂိုမူလအရွယ်အစား၏ လေးဆအထိ တိုးချဲ့ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာတော့ ဒီရင်ပြင်ကြီးဟာ ဧရိယာစတုရန်းမီတာပေါင်း ၄၄၀,၀၀၀ ကျော် (ဧကပေါင်း ၁၀၉ ဧကနီးပါး) ကျယ်ဝန်းတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

ဒီရင်ပြင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ကြောင်း ကြေညာခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဥက္ကဋ္ဌကြီး မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ကြောင်း ထျန်းအန်းမင်ရင်ပြင်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ရင်ပြင်တွင် ပြည်သူ့သူရဲကောင်း အထိမ်းအမှတ်အဆောက်အဦ၊ ပြည်သူ့ခန်းမဆောင်တို့ တည်ရှိသလို တရုတ်အမျိုးသားပြတိုက်နှင့် ဥက္ကဋ္ဌကြီး မော်စီတုန်း၏ အထိမ်းအမှတ်အဆောက်အဦသည်လည်း ၎င်းအနီးအနားတွင် တည်ရှိနေပါတယ်။

လက်ရှိမှာလည်း ထျန်းအန်းမင်ရင်ပြင်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့်ပွဲတော်တွေ၊ အများပြည်သူဆိုင်ရာ ပွဲတော်တွေနဲ့အတူ ဘုရင့်အာဏာသည် အမြင့်ဆုံးဆိုတဲ့ သင်္ကေတကနေ ပြည်သူသည်သာ အဓိကဆိုတဲ့ အများပြည်သူဆိုင်ရာ ရင်ပြင်အဖြစ် ပြောင်းလဲတည်ရှိနေတာဖြစ်ပါတယ်။

ပေကျင်းမြို့သို့ လာရောက်သူတိုင်းကလည်း တရုတ်ရှေးဟောင်းနန်းတော်ကြီးသို့ သွားရောက်လေ့လာလေ့ရှိရာ နန်းတော်တွင်းမဝင်မီ ဒီရင်ပြင်ကြီးကို ဦးစွာလာရောက် လေ့လာကြပါတယ်။

ထျန်းအန်းမင်ရင်ပြင်ကြီးကို ပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားပြီး နှစ်စဉ်နှစ်တိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်ပတ်လည်နေ့ အခမ်းအနားများနှင့် စစ်ရေးပြအခမ်းအနားများကို ပြုလုပ်ကျင်းပလျက်ရှိတဲ့ နေရာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ၁၀ ခုစာရင်းဝင် ထျန်းအန်းမင်ရင်ပြင်ဟာ တရုတ်ပြည်၏ သမိုင်းနှင့် ယဉ်ကျေးမှုအရ အရေးပါသော နေရာတစ်နေရာအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

ခန့်မောင်