【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမြင့်ဆုံးနေရာရှိ ရှေးဟောင်းနန်းတော်ကြီး

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမြင့်ဆုံးနေရာရှိ ရှေးဟောင်းနန်းတော်ကြီး

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုထဲမှာပါတဲ့ တိဗက်ဒေသကတော့ တရုတ်နိုင်ငံတွင်းသာမက ကမ္ဘာအတွက်ပါ ထူးခြားသော ဒေသဖြစ်ပြီး ကမ္ဘာ့ခေါင်မိုးဟု တင်စားရလောက်အောင်ပင် ကမ္ဘာ့အမြင့်ဆုံး ကုန်းမြင့်နှင့် တောင်တန်းဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

တိဗက်ဒေသဟာ မြန်မာနိုင်ငံ၏ မြောက်ဘက်ထိပ် တည့်တည့်တွင်ရှိပြီး မြန်မာနိုင်ငံထဲမှာလည်း တိဗက်လူမျိုးများနေထိုင်သည့် တိဗက်ကျေးရွာများလည်းရှိပါတယ်။

တိဗက်တွင် အဓိကကိုးကွယ်သောဘာသာမှာ တိဗက်ဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာများလည်းရှိပါသေးတယ်။တိဗက်ဗုဒ္ဓဘာသာဟာ ဒေသရဲ့ အနုပညာ၊ ဂီတနှင့် ပွဲတော်များအပေါ် အဓိကလွှမ်းမိုးမှုဖြစ်ပါတယ်။တိဗက်ဗိသုကာပညာတွေဟာ တရုတ်နဲ့ အိန္ဒိယတို့၏ လွှမ်းမိုးမှုကို ထင်ဟပ်နေပါတယ်။တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ကတော့ လာဆာမြို့ဖြစ်ပါတယ်။

အခုနောက်ပိုင်း ခရီးသွားတွေ စိတ်ဝင်စားလာတဲ့  တိဗက်ဒေသရဲ့ အထင်ကရနေရာတစ်ခုကတော့ ပိုတာလာနန်းတော်ဖြစ်ပါတယ်။

ပိုတာလာနန်းတော်ဟာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လာဆာမှာ တည်ရှိတာဖြစ်ပါတယ်။ပိုတာလာနန်းတော်ကို လာဆာမြို့ရဲ့ တောင်ထွတ်တစ်ခုပေါ်မှာ ၁၆၄၅ ခုနှစ်တွင် ပဉ္စမမြောက် ဒလိုင်းလားမား တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမြင့်မီတာ ၃,၇၀၀ တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁,၄၀၀ ခန့်ကတည်းက တည်ဆောက်ထားသည့် ပိုတာလာနန်းတော်ဟာ ကမ္ဘာ့အမြင့်ဆုံးနေရာဟု သတ်မှတ်ထားသည့် နေရာတွင် တည်ရှိသည့် ရှေးဟောင်းအထွဋ်အမြတ်ထားရာ နန်းတော်တစ်ခုလည်းဖြစ်ပါတယ်။

လာဆာမြို့ကိုရောက်ရင် အဓိကသွားရောက်လည်ပတ်ကြတဲ့ နေရာကတော့ ပိုတာလာနန်းတော်ဖြစ်ပါတယ်။ပိုတာလာနန်းတော်ကြီးကို အနီရောင်နန်းတော်နဲ့ အဖြူရောင်နန်းတော်ဆိုပြီး အပိုင်း ၂ ပိုင်း ခွဲခြားထားပါတယ်။

အနီရောင်နန်းတော်အပိုင်းဟာ ဘာသာရေးစာပေတွေလေ့လာတာ၊ ဘုရားဝတ်ပြုဆုတောင်းပြီး တရားထိုင်တာ စတဲ့ ဘာသာရေးဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ပြီး၊ အဖြူရောင်နန်းတော်အပိုင်းမှာတော့ ဌာနဆိုင်ရာရုံးတွေရှိပါတယ်။

ပိုတာလာနန်းတော်ကြီးတစ်ခုလုံးမှာ တိဗက်သမိုင်းနှင့် ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့်ပြည့်နေပြီး အခန်းများအားလုံးကို ကျောက်မျက်ရတနာ ရွှေငွေများနှင့် အလှဆင်ထားပါတယ်။အခန်းတိုင်းမှာ ဆင်းတုရုပ်များ၊ ဆေးရေးပန်းချီကားများ၊ ပန်းပုလက်ရာများ အမြောက်အများတွေ့ရမှာဖြစ်ပါတယ်။  

နံရံဆေးရေး ပန်းချီကားများကလည်း တိဗက်အကြောင်းများ ပြောပြနေပါတယ်။ဧရိယာ စတုရန်းမီတာ ၁၃၀,၀၀၀ ကျော်တဲ့ ဧရာမအဆောက်အအုံအတွင်းမှာ ပျံလွန်တော်မူသွားတဲ့ Dalai Lama ဘုန်းတော်ကြီး ၈ ပါး ရဲ့ အုတ်ဂူတွေ၊ ဝတ်ကျောင်း၊ ညီလာခံခန်းမတွေ၊ မျှော်စင်တွေနဲ့ တိဗက်ပြည်ထွက် အနုပညာလက်ရာတွေ ထားရှိထားပါတယ်။

ပိုတာလာနန်းတော်ကို သွားရောက်လေ့လာမည်ဆိုရင် ဓာတ်လှေခါး (သို့မဟုတ်) စက်လှေခါးမရှိပါဘူး။နန်းတော်ထိရောက်အောင် လှေခါးထစ်ပေါင်း ၄၀၀ ကျော်ကို တက်၍ သွားရတာဖြစ်ပါတယ်။

ပိုတာလာနန်းတော်ကြီးတစ်ခုလုံးဟာ တိဗက်သမိုင်းနဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် လာဆာကိုရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ပိုတာလာနန်းတော်ကို မဖြစ်မနေသွားရောက်လည်ပတ်ကြတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်တဲ့ ပိုတာလာနန်းတော်ကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည်အများအပြား လာရောက်လည်ပတ်နေဆဲဖြစ်ပါတယ်။

ခန့်မောင်