【 နိုင်ငံတကာဆောင်းပါး 】 ကောင်းကင်ယံတောင်တန်းနဲ့ နတ်ရေကန် ရှုခင်းသာဧရိယာ

【 နိုင်ငံတကာဆောင်းပါး 】 ကောင်းကင်ယံတောင်တန်းနဲ့ နတ်ရေကန် ရှုခင်းသာဧရိယာ

 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ရရှိပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ တစ်နှစ်ထက် တစ်နှစ် ခရီးသွားလာနှုန်း မြင့်တက်လာလျက်ရှိတဲ့ ရှင်းကျန်းဒေသရဲ့ ခရီးသွားဆွဲဆောင်မှု နေရာတွေထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကောင်းကင်ယံတောင်တန်း (Tian Shan)၊ ကောင်းကင်ဘုံရေကန် (နတ်ရေကန် (Tian Chi) ရှုခင်းသာဧရိယာအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီရှုခင်းသာနေရာဟာ တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသရဲ့ ဂုဏ်ယူဖွယ်နေရာတစ်ခုအဖြစ်ပါဝင်ပြီး ရောက်ဖူးသူတိုင်းက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အပန်းဖြေနေရာတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာဆိုရင် ကောင်းကင်ယံတောင်တန်း (Tian Shan)၊ ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi) ကို နိုင်ငံတော်အမျိုးသား 5A အဆင့် ခရီးသွားနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အမျိုးသားဘူမိဗေဒဆိုင်ရာ ဥယျာဉ်များအဆင့်ဝင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာပဲ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

            ပထဝီအနေအထားနဲ့ ရှုခင်းအလှ

ကောင်းကင်ယံတောင်တန်း (Tian Shan) ကို မြင်သာအောင် ပုံဖော်ကြည့်မယ်ဆိုရင် ဆီးနှင်းဖုံးနေတဲ့ တောင်တွေအပြင် အနီရောင်တောင်တန်းတွေရှိတဲ့ နေရာတစ်ခုအဖြစ် ပုံဖော်ရမှာဖြစ်ပါတယ်။ပထဝီအနေအထား ထူးခြားချက်အနေနဲ့ ဒီတောင်တန်းဟာ တရုတ်နိုင်ငံထဲမှာပဲ မဟုတ်ဘဲ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နဲ့ ကာဂျစ္စတန်နိုင်ငံတို့နဲ့လည်း ဆက်စပ်တည်ရှိနေတာဖြစ်ပါတယ်။ကာဇက်စတန်၊ ကာဂျစ္စတန်နှင့် ဥဇဘက်ကစ္စတန်ဘက်ခြမ်းက Tian Shan တောင်တန်းရဲ့ အနောက်ခြမ်းကတော့ ၂၀၁၆ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ပါတယ်။တောင်ရဲ့ အမြင့်ဆုံးတောင်ထွတ်က ကာဂျစ္စတန်-တရုတ် နယ်စပ်မှာရှိတဲ့ Jengish Chokusu (Victory Peak) ဖြစ်တယ်လို့ ဆိုပါတယ်။အမြင့် ၇၄၃၉  မီတာမြင့်ပြီး (၂၄,၄၀၆ ပေ) မှာ ကာဂျစ္စတန်ဘက်ခြမ်းမှာ အမြင့်ဆုံးနေရာအဖြစ် ရှိနေတာဖြစ်ပါတယ်။

လှပတဲ့ Tianshan Tianchi ရှုခင်းသာနယ်မြေကို စူးစမ်းလေ့လာဖို့ဆိုရင် ကြည့်ရှုသင့်တဲ့ နေရာ ၃၈ ခုအထိရှိနေပြီး ရှုခင်းအလှအနေနဲ့ တောင်တန်းဒေသတွေနဲ့အတူ ကျယ်ပြန့်တဲ့ ဗဟိုအာရှ သဲကန္တာရမြင်ကွင်းတွေ၊ ခြားနားချက်အနေနဲ့ ခြောက်သွေ့တဲ့ တောင်စောင်းတွေနဲ့ အလွန်စိုစွတ်တဲ့ မြောက်ဘက်တောင်စောင်းတွေရဲ့ ကွဲပြားခြားနားတဲ့ မြင်ကွင်းအလှတွေကို ခံစားရမှာဖြစ်ပါတယ်။

             ရှားပါးမျိုးစိတ်များ ရှင်သန်ရာ

ရှင်းကျန်းဒေသရဲ့ Tian shan ကောင်းကင်ယံတောင်တန်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းခွဲကျော်က ရှားပါးပြီး မျိုးသုဉ်းလုနီးပါး မျိုးစိတ်ပေါင်း ၄၇၇ မျိုး နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် မျိုး သုဉ်းတဲ့ အပင်တွေနဲ့ တိရိစ္ဆာန် ၁၄၀ မျိုးအပါအဝင် ထူးခြားတဲ့ မျိုးစိတ်တွေရဲ့ နေထိုင်ရာဒေသအဖြစ်လည်း ဖော်ပြမှုတွေရှိပါတယ်။

            အထင်ရှားဆုံးနေရာ

ခရီးသွားလာစရာ မြောက်များစွာရှိတဲ့ ရှင်းကျန်းဒေသမှာ Tian Shan ကောင်းကင်ယံတောင်တန်းတွေထဲ Bogda Peak ကတော့ အမြဲတမ်း နှင်းဖုံးနေပြီး လှပတဲ့ရှုခင်းဖြစ်ပါတယ်။ဒီနေရာမှာ ခရီးသွားတွေက မှတ်တမ်းတင်တတ်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

            နတ်ရေကန် (Tian Chi)

ကောင်းကင်ယံတောင်တန်းနဲ့အတူ လိုက်ဖက်တင့်တယ် ပနံရနေတာကတော့ ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi) ဖြစ်ပါတယ်။ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi) က Urumqi မြို့ရဲ့ အရှေ့ဘက် ၁၁၀ ကီလိုမီတာ (၆၈ မိုင်) ခန့်မှာ တည်ရှိပြီး ဧရိယာအားဖြင့် ၄.၉ စတုရန်းကီလိုမီတာ (၁.၈၉ စတုရန်းမိုင်) ရှိပါတယ်။အရင်က Yaochi (Jade Lake) လို့ လူသိများပြီး ၁၇၈၃ ခုနှစ်မှာတော့ Tianchi လို့ ခေါ်တွင်စေခဲ့တယ်လို့ ဖော်ပြမှုတွေမှာ တွေ့ရပါတယ်။

ဒီရေကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉၀၇ မီတာ (၆၂၅၇ ပေ) မြင့်ပြီး အကျယ်အဝန်း ၄.၉ စတုရန်းကီလိုမီတာ (၁.၉ စတုရန်းမိုင်) ရှိကာ အနက်ရှိုင်းဆုံးနေရာကတော့ ၁၀၅ မီတာ (၃၄၄ ပေ) ရှိတယ်လို့ ဆိုပါတယ်။ရှေးဟောင်း ရေခဲမြစ်တွေ၊ ဆီးနှင်းတွေကနေ အရည်ပျော်ပြီးဖြစ်လာတဲ့ ရေကန်မို့ ကန်ရေပြင်က ကြည်လင်ပါတယ်။နွေရာသီမှာဆိုရင် တောင်ပေါ်က ကောင်းကင်ဘုံရေကန်မှာ အေးမြတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ် ခရီးသွားတွေက လာရောက်အပန်းဖြေကြပါတယ်။

ရေကန်မှာ လှေစီးနိုင်ပြီး ရှုခင်းတွေကို လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ငွေရောင်တောင်တန်းတွေ၊ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်တွေ၊ သစ်ပင်တွေနဲ့အတူ လှပပြီး ကျက်သရေရှိလှတဲ့ တောပန်းပင်လေးတွေကိုလည်း ခရီးလမ်းတစ်လျှောက် တောင်စောင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။နေဝင်ချိန် အလှတရားကို ကြည့်ရှုခံစားရတာကို ကြိုက်တဲ့သူတွေအတွက် ရောင်စုံလှပနေတဲ့ သဘာဝအရောင်တွေက ဖမ်းစားနေမှာဖြစ်ပြီး ကြည်နူးမှုနဲ့အတူ နောက်ခံတောင်တန်းတွေကြောင့် လွမ်းဆွေးဖွယ်လည်း ခံစားရမှာဖြစ်ပါတယ်။

            လည်ပတ်ဖို့ အကောင်းဆုံးအချိန်

ရာသီဥတုအနေနဲ့ တရုတ်နိုင်ငံ နွေရာသီလဖြစ်တဲ့ ဇွန်လဝန်းကျင်မှာဆိုရင် အခုလိုလှပတဲ့ ကောင်းကင်ယံတောင်တန်း (Tian Shan) ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi) ကို သွားရောက်လည်ပတ် အပန်းဖြေဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ပွဲတော်အနေနဲ့တော့ နိုဝင်ဘာလလယ်ကနေ မတ်လနှောင်းပိုင်းအထိ ဒီရှုခင်းသာဧရိယာမှာ “Tianshan Tianchi ရေခဲနဲ့ နှင်းပွဲတော်” ကို ကျင်းပလေ့ရှိပါတယ်။အဲဒီကာလဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ နှင်းလျှောစီးတာအပြင် အခြားရေခဲ၊ နှင်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပါဝင်ခံစားနိုင်တယ်လို့ ဆိုပါတယ်။

မိုးသား