【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားတွေ စိတ်ဝင်စားတဲ့ တိဗက်ရဲ့ မြို့တော်

【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားတွေ စိတ်ဝင်စားတဲ့ တိဗက်ရဲ့ မြို့တော်

ကမ္ဘာတစ်ဝန်းက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေထဲမှာ တရုတ်နိုင်ငံထဲက တိဗက်ဒေသဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တိဗက်ဒေသဟာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက တစ်ခုဖြစ်ပြီး တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ကတော့ လာဆာ (Lhasa) မြို့ ဖြစ်ပါတယ်။

တိဗက်ဒေသဟာ အာရှတိုက်အလယ်ပိုင်း မြင့်မားတဲ့ ကုန်းမြေပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။မြို့တော် လာဆာဟာလည်း ဟိမဝန္တာတောင်ကြားမှာ တည်ရှိပြီး ဗုဒ္ဓဘာသာဘုရားဖူးတွေအတွက် အရေးပါတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

လာဆာမြို့ဟာ ဗြဟ္မပုတြမြစ်၏ လက်တက်ဖြစ်သော ကျိချူမြစ်ပေါ်တွင် တည်ရှိပြီး မြောက်ဘက်တောင်ထွတ်ပေါ်တွင် တည်ရှိပါတယ်။ ပင်လယ်ပြင်အထက် ပေ ၁၁၈၃၁ တွင် တည်ရှိတဲ့ လာဆာမြို့ဟာ သစ်ပင်များ မပေါက်ရောက်သော တောင်များ ဝန်းရံလျက်ရှိတဲ့ ဒေသဖြစ်ပါတယ်။

နွေရာသီဆိုရင် လာဆာမြို့ကို ခရီးသွားအများအပြား လာရောက်လေ့ရှိပါတယ်။လာဆာမြို့ကိုရောက်လာတဲ့ ခရီးသွားတွေ အဓိကသွားရောက်လည်ပတ်ကြတဲ့ နေရာကတော့ လာဆာမြို့ရဲ့ တောင်ထွတ်တစ်ခုပေါ်မှာရှိတဲ့ ပိုတာလာနန်းတော်ဖြစ်ပါတယ်။၎င်းမှာ ကမ္ဘာ့အမြင့်ဆုံးနေရာဟု သတ်မှတ်ထားသည့်နေရာတွင် တည်ရှိသည့် ရှေးဟောင်းအထွဋ်အမြတ်ထားရာ နန်းတော်တစ်ခုလည်းဖြစ်ပါတယ်။

ပိုတာလာနန်းတော်ကြီးတစ်ခုလုံးဟာ တိဗက်သမိုင်းနဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် လာဆာကိုရောက်ရင် ပိုတာလာနန်းတော်ကို မဖြစ်မနေ သွားရောက်လည်ပတ်ကြပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော ဂျော့ဟန်းဘုရားကျောင်းဟာလည်း လာဆာမြို့၏ ဗဟိုချက်တွင် တည်ရှိပါတယ်။ဘုရားကျောင်းရဲ့ သက်တမ်းမှာ နှစ်ပေါင်း ၁၃၀၀ ကျော်နေပြီဖြစ်ပါတယ်။ဂျော့ဟန်းဘုရားကျောင်းထဲမှာ ဗုဒ္ဓ၊ နတ်ဘုရားများ၊ သမိုင်းဝင်ပုဂ္ဂိုလ်တို့ရဲ့ပုံတော် ၃,၀၀၀ ကျော်အပါအဝင် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်းများစွာလည်း တည်ရှိပါတယ်။

လာဆာမြို့နှင့် အနီးတစ်ဝိုက်မှာလည်း အခြားဘာသာရေးဆိုင်ရာ လည်ပတ်စရာ နေရာအများအပြား ရှိနေပါသေးတယ်။

လာဆာမြို့ကိုရောက်ရင် ခရီးသွားတွေ စိတ်ဝင်စားကြတဲ့ ပြတိုက်၊ ပန်းခြံ၊ ဘာသာရေးအဆောက်ဦတွေ၊ ဝတ်ပြုဆုတောင်းတဲ့နေရာ စတဲ့ လည်ပတ်စရာနေရာတွေ များစွာတည်ရှိနေတာဖြစ်ပါတယ်။ တိဗက်မြို့တော် လာဆာမြို့မှတစ်ဆင့် အခြားသောခရိုင်များကို ဆက်လက်သွားလာနိုင်ပါတယ်။ပန်ဒူအို (Pangduo) ရေအားလျှပ်စစ်စက်ရုံ၊ ရိတင်း (Reting) ဘုန်းတော်ကြီးကျောင်း၊ နာဂန်လာ (Nagenla) တောင်ကြား၊ နမ့်ဆိုတောင်ပေါ်ရေအိုင် (Namtso) တို့ကလည်း တိဗက်ဒေသရဲ့ ထင်ရှားတဲ့ သွားရောက်လည်ပတ်ရန် နေရာများဖြစ်ပါတယ်။

လာဆာမြို့ဟာ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝင်ငွေအဓိကရရှိတာကတော့ ဒေသခံတွေဆီကဖြစ်ပြီး အဓိက ကတော့ လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေဆီကလို့ ဆိုပါတယ်။ဒီဒေသကို နွေရာသီရောက်တိုင်း ခရီးသွားတွေ အများအပြားလာရောက်တာကြောင့် လူစုလူဝေးကို ရှောင်ရှားနိုင်ဖို့အတွက် ဘုရားဖူးဧည့်သည်တွေနဲ့ နိုင်ငံတကာခရီးသွားတွေကို ဆောင်းရာသီလိုအချိန်မျိုးမှာ လာရောက် လည်ပတ်ကြဖို့ လာဆာခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက တိုက်တွန်းခဲ့ရပါတယ်။

လာဆာမြို့ရဲ့ ဆောင်းရာသီဟာ နိုဝင်ဘာ ၁ ရက်နေ့ကနေ မတ်လ ၁၅ ရက်အထိဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီတုန်းကတော့ လာဆာမြို့ကို လာရောက်လည်ပတ်တဲ့ ဒေသခံနဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၂ ဒသမ ၄၆ သန်းရှိခဲ့ပါတယ်။

အခုဆိုရင် တိဗက်ရဲ့ မြို့တော် လာဆာဟာ ခရီးသွားတွေ စိတ်ဝင်စားတဲ့ ဒေသတစ်ခုဖြစ်နေပြီး နှစ်စဉ်လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားအရေအတွက်ဟာလည်း ယခင်ထက်ပိုများလာနေပြီဖြစ်ပါတယ်။

ခန့်မောင်