【 နိုင်ငံတကာဆောင်းပါး 】 ခေတ်အဆက်ဆက် ခမ်းနားထည်ဝါနေမည့် ကွန်ဖြူးရှပ်ပြတိုက်

【 နိုင်ငံတကာဆောင်းပါး 】 ခေတ်အဆက်ဆက် ခမ်းနားထည်ဝါနေမည့် ကွန်ဖြူးရှပ်ပြတိုက်

ယခုနှစ်ထဲတွင် တရုတ်ဒဿနိကပညာရှင် ကွန်ဖြူးရှပ်ပြတိုက်သို့ လာရောက်လေ့လာကြသူ များလာသည်။
 
တရုတ်နိုင်ငံတွင် ပြတိုက်ခရီးစဉ်များကို လေ့လာကြသူတွေ ယခင်နှစ်ထက် ပိုများလာသည်။
 
ဒဿနိကပညာရှင် ကွန်ဖြူးရှပ်၏ မွေးရပ်မြေဖြစ်သော တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ Qufu မြို့ရှိ ကွန်ဖြူးရှပ်ပြတိုက် သည် ကိုဗစ်ကာလပြီးနောက် လာရောက်လေ့လာသူများနှင့် တစ်ဖန်ပြန်စည်ကားနေပါသည်။
 
Qufu မြို့သည် ကွန်ဖြူးရှပ်၏ မွေးရပ်မြေအဖြစ် လူသိများပြီး တရုတ်ရိုးရာ ယဉ်ကျေးမှုနေရာများကို လေ့လာကြည့်ရှုမည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ မဖြစ်မနေ လာရောက်ကြည့်ရှုသည့် နေရာတစ်ခုဖြစ်လေသည်။ Qufu မြို့၌ ကွန်ဖြူးရှပ်ဘုရားကျောင်း၊ ကွန်ဖြူးရှပ်သုသာန်နှင့် ကွန်ဖြူးရှပ်မိသားစု စံအိမ်တို့ ပေါင်းစပ်ထားသည့် အထိမ်းအမှတ် အဆောက်အအုံများကို UNESCO World Heritage Site အဖြစ် ၁၉၉၄ ခုနှစ်ကတည်းက သတ်မှတ်ခံထားရသည်။
 
ပြတိုက်သို့ ရောက်လာကြသော ပရိသတ်များသည် ကွန်ဖြူးရှပ်၏ မိသားစုအကြောင်း၊ ရိုးရာဓလေ့များ၊ နေ့စဉ်ကျင့်ဝတ်များနှင့် ခမ်းနားထည်ဝါသော ပန်းချီကားများကို စိတ်ဝင်စားဖွယ် 
လေ့လာနိုင်မည်ဖြစ်သလို၊ ကွန်ဖြူးရှပ်ပြတိုက်သည် တရုတ်နိုင်ငံအတွက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရာတွင် ထင်ရှားသော နေရာတစ်ခုအဖြစ် ရပ်တည်နေသကဲ့သို့ တရုတ်ဒဿနပညာရှင် ကွန်ဖြူးရှပ်၏ အတွေးအခေါ်အယူအဆကောင်းများ ရှာဖွေသိရှိနိုင်သော နေရာတစ်ခုဖြစ်သည်။
 
ပြတိုက်တွင် စိတ်ကူးများ နစ်ဝင်သွားနိုင်မည့် ဒစ်ဂျစ်တယ်နည်းပညာမြင့် ပြကွက်များဖြင့် ပုံဖော်ထားသည်။အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာလမ်းကြောင်းသစ်များဖြင့် ဖွင့်လှစ်ထားသည်။ 
 
ပြတိုက်ကို ၂၀၁၈ နိုဝင်ဘာလအတွင်းက အများပြည်သူလေ့လာရန် တရားဝင်ဖွင့်လှစ်ခဲ့သည်။ခေတ်မီနည်းပညာများဖြင့် ကြီးမားသော acrylic နံရံပေါ်တွင် ပြသထားသော ပုံရိပ်များသည် လာရောက်လေ့လာသည့် ဧည့်သည်များကို ကွန်ဖြူးရှပ်၏ဘဝထဲသို့ ဝင်ရောက်သွားသကဲ့သို့ လေ့လာနိုင်သည်။ခေတ်မီနည်းပညာနှင့် မာလ်တီမီဒီယာများကြောင့် နိုင်ငံရပ်ခြား၌ရှိသူများပင် ကွန်ဖြူးရှပ်ပြတိုက်ကို လေ့လာနိုင်ပြီဖြစ်သည်။  
 
ပြတိုက်တွင် ကွန်ဖြူးရှပ်မိသားစုအကြောင်း ဖိုင်သုံးသိန်းကျော်နှင့် ဂန္တဝင်စာအုပ်ပေါင်း ၄၀,၀၀၀ ကျော်အပါအဝင် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ပေါင်း ခုနစ်သိန်းကျော်ရှိသည်။ထို့ပြင် ပညာရှင် ကွန်ဖြူးရှပ်ကို ဂုဏ်ပြုသော ရှေးခေတ်ဝတ်စုံ ၈၀၀၀ ကျော်နှင့် ကွန်ဖြူးရှပ်အား ဂုဏ်ပြုသောအားဖြင့် အသုံးပြုသည့် ဂီတတူရိယာများစွာ ခင်းကျင်းပြသထားသည်။
 
ဘီစီ ၅၅ဝ ကျော်က ပေါ်ပေါက်ခဲ့သော တရုတ်ဒဿနိကပညာရှင် ကွန်ဖြူးရှပ်၏ အတွေးအခေါ် လမ်းညွှန်ချက်များသည် ယနေ့ခေတ်အထိ လက်တွေ့ကျ အသုံးဝင်နေဆဲဖြစ်သည်။ 
 
ပညာရှင် ကွန်ဖြူးရှပ်ကို တရုတ်နိုင်ငံ အရှေ့မြောက်၊ ရှန်ဒေါင်းပြည်နယ်၊ Qufu  မြို့တွင် ဘီစီ ၅၅၁ က မွေးဖွားခဲ့ခြင်းဖြစ်သည်။ငယ်စဉ်ကတည်းကပင် ဖခင်ဆုံးပါးခဲ့သဖြင့် မိခင်နှင့်အတူ ရှင်သန်ကာ လူငယ်ဘဝတွင် အစိုးရဝန်ထမ်းအဖြစ်နှင့် တာဝန်များထမ်းဆောင်ခဲ့သည်။ပြီးနောက် အလုပ်မှထွက်ကာ အတွေးအမြင်များ စတင်ဟောပြော ပို့ချခဲ့သည်။
 
ကွန်ဖြူးရှပ်သည် ဘဝအလှည့်အပြောင်းများစွာဖြင့် ကျင်လည်ခဲ့သူဖြစ်သည်။၎င်းဒဿနအတွေး အခေါ်များကို လက်ခံကျင့်သုံးသော မင်းများရှိသော်လည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည့် မင်းများနှင့်လည်း တွေ့ဆုံခဲ့ရသည်။
 
ချင်မင်းဆက်နှင့် မော်စီတုန်းလက်ထက်တွင် ကွန်ဖြူးရှပ်၏ဝါဒများ နှိပ်ကွပ်ခံခဲ့ရပြီး ကျန်သည့်မင်းများလက်ထက်တွင် အကြီးအကျယ်မြှောက်စားခြင်းခံခဲ့ရသည်။
 
ကွန်ဖြူးရှပ်ဝါဒ၏ အဓိကအချက်မှာ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံအကျိုးနှင့် လူ့ဘောင်အကျိုးကို ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ကွန်ဖြူးရှပ်၏ နိုင်ငံရေးအယူအဆနှင့် အတွေးအခေါ်ဒဿနာများကို ဖော်ထုတ်ရာတွင် ကမ္ဘာတွင် ပထမဆုံးဖြစ်ပြီး မျက်မှောက်ခေတ်အထိ ၎င်း၏အယူအဆများကို လက်ခံကျင့်သုံးလျက်ရှိနေခြင်းဖြစ်သည်။
 
ကွန်ဖြူးရှပ်၏ ဝါဒများသည် အချို့သော အရှေ့အာရှနိုင်ငံတော်တော်များများဆီသို့ လွှမ်းမိုးမှုရှိသည်။တရုတ်၊ ထိုင်ဝမ်တို့အပြင် ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အထိ လွှမ်းမိုးမှုရှိသည်။ကွန်ဖြူးရှပ်သည် လူသားတို့ ကျင်လည်နေသော လူ့ဘောင်အဖွဲ့အစည်းကြောင်းကို အလေးထား တွေးခေါ်ခဲ့သူ ဖြစ်သည်။
 
ကွန်ဖြူးရှပ်ပြတိုက်တွင် မင်းအဆက်ဆက်အသုံးပြုသော ကြေးထည်ပစ္စည်းများ၊ အိုးခွက်များနှင့် ကျောက်စိမ်းထည်များ အပါအဝင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းပေါင်း ၁၀၀ ကျော်ကို ပြသထားသည်။ပြတိုက်အတွင်း ရာစုနှစ်များတစ်လျှောက် တရုတ်ယဉ်ကျေးမှုကို နက်ရှိုင်းစွာ လွှမ်းမိုးခဲ့သည့် ကွန်ဖြူးရှပ်နှင့် ကွန်ဖြူးရှပ်အယူဝါဒများကို ထင်ထင်ရှားရှား လေ့လာနိုင်သည်။ရာစုနှစ်များတစ်လျှောက် အမွေအနှစ်များ ခင်း ကျင်းပြသထားသည့် အိုးခွက်၊ ကျောက်စိမ်းများအပြင် ကြေးဝါပစ္စည်းများ၊ ရွှေငွေပစ္စည်းများ၊ စာအုပ်များ၊ မိသားစုမော်ကွန်းတိုက်များနှင့် မင် မင်းဆက်၏ ဝတ်စုံများကို မြင်တွေ့ရမည်ဖြစ်သည်။
 
သုတေသနယူကြလေ့ရှိသော တက္ကသိုလ်ကျောင်းသားများသည် ကွန်ဖြူးရှပ်ယဉ်ကျေးမှုပြတိုက်ဆီသို့ အဓိကသွားရောက်လေ့လာကြသည်။ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းကာလနှင့် ယဉ်ကျေးမှု အမွေအနှစ်များအတွက် အဖိုးမဖြတ်နိုင်သော တန်ဖိုးများဖြစ်သည်။ကျန်နေခဲ့သော ခေတ်သမိုင်းတစ်ခု၏ လူနေမှု ဘဝများကို နီးနီးကပ်ကပ် လေ့လာနိုင်သည်။  
 
ပြတိုက်များသည် အနာဂတ်မျိုးဆက်များအတွက် တက္ကသိုလ်ကျောင်းကြီးလည်းဖြစ်သည်ဟု တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့သည်များရှိသည်။ဒဿနိကပညာရှင်ကြီး ကွန်ဖြူးရှပ်၏ အတွေးအ ခေါ်များသည် ပြတိုက်နှင့် စံအိမ်ထဲတွင်သာ မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေခြင်းမဟုတ်ဘဲ ပြောင်းလဲလာမည့် ခေတ်အဆက်ဆက်တွင် စံနမူနာအတွေးအခေါ်များအဖြစ် ဆက်လက်လွှမ်းမိုးနေဦးမည်ဖြစ်ပါသည်။
 
အမွန်