【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် ၁၀ ခု (အပိုင်း-၂)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် ၁၀ ခု (အပိုင်း-၂)

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် (၁၀) ခုအကြောင်းကို ဖော်ပြရာမှာ အခုအခါမှာတော့ အပိုင်း (၂) ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ်တွေထဲ နံပတ် (၅) နေရာမှာရှိတဲ့ စီချွမ် (Sichuan) ပြည်နယ်အကြောင်းကနေ စတင်ဖော်ပြပေးသွားချင်ပါတယ်။

           (၅) စီချွမ် (Sichuan) ပြည်နယ်

အမှတ်စဉ် (၅) မှာရှိနေတဲ့ စီချွမ်ပြည်နယ်မှာဆိုရင် အမြဲတမ်းနေထိုင်သူဦးရေက  ၈၃,၄၁၀,၀၀၀ ဦးရှိတယ်လို့ (၂၀၂၀) ခုနှစ် စာရင်းမှာ တွေ့ရပါတယ်။ပြည်နယ် မြို့တော်ကတော့ ချန်ဒူး (Chengdu) မြို့ဖြစ်ပြီး စီချွမ်ပြည်နယ်နဲ့ တည်နေရာကတော့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ တည်ရှိနေတာပါ။အကျယ်အဝန်းဧရိယာ စတုရန်းကီလိုမီတာ ၄၈၅,၀၀၀ ရှိပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတည်ရှိရာ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် သမိုင်းဝင်နေရာတွေနဲ့အတူ စိတ်ဝင်စားဖွယ်ဖြစ်ပြီး သဘာဝအရင်းအမြစ်တွေလည်း ပေါများ တည်ရှိနေပါတယ်။

ပြည်နယ်အတွင်း ခရီးသွားဆွဲဆောင်မှုတစ်ခုအနေနဲ့ ထင်ရှားတာက လူသိများတဲ့ Giant Panda တွေလည်း တည်ရှိနေတာပါ။အခြားတစ်ဖက်မှာတော့ အလွန်ကောင်းမွန်တဲ့ ပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားပြီး ဒါဟာ တရုတ်နိုင်ငံအနောက်ပိုင်းရဲ့ အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုချက်အဖြစ်လည်း တည်ရှိနေပါတယ်။

           (၆) ဟေလောင်ချန် (Heilongjiang) ပြည်နယ်

ဒီပြည်နယ်မှာတော့ (၂၀၂၀) ခုနှစ်စာရင်းအရ အမြဲတမ်းနေထိုင်သူဦးရေက ၃၇,၇၃၁,၀၀၀ ဦးရှိပါတယ်။ပြည်နယ်ရဲ့ မြို့တော်က ဟာဘင် (Harbin) မြို့ဖြစ်ပြီး ဟေလောင်ချန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပါတယ်။ အကျယ်အဝန်းအနေနဲ့ ဧရိယာပေါင်း ၄၅၄,၈၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး စိုစွတ်တဲ့ ရာသီဥတုရှိတဲ့ ပြည်နယ်တစ်ခုပါ။ရှည်လျားတဲ့ ဆောင်းရာသီဥတုကြောင့် အလွန်အေးတတ်ပြီး နွေရာသီကတော့ တိုတောင်းတဲ့ဒေသဖြစ်ပါတယ်။ဒါကြောင့် ဒီဒေသဟာ နွေရာသီ အပူဒဏ်ကို ရှောင်ရှားလိုတဲ့သူတွေအတွက် နှင်းလျှောစီးတာနဲ့ အေးမြတဲ့ရာသီဥတုကို ခံစားရာမှာတော့ အကောင်းဆုံးဒေသဖြစ်ပါတယ်။

           (၇) ကန်စု (Gansu) ပြည်နယ်

ကန်စုပြည်နယ်မှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၂၆,၃၇၂,၆၀၀ ဦးရှိတယ်လို့ (၂၀၂၀) ခုနှစ် စာရင်းမှာ တွေ့ရပါတယ်။ပြည်နယ်ရဲ့ မြို့တော်ကတော့ Lanzhou မြို့ဖြစ်ပြီး ကန်စုပြည်နယ်ဟာဆိုရင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိနေပါတယ်။အကျယ်အဝန်းအနေနဲ့တော့ ဧရိယာ ၄၅၄,၄၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး (၇) ခုမြောက် အကြီးဆုံးပြည်နယ်ဖြစ်ပါတယ်။မြစ်ဝါမြစ်ဟာ ပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းပြီး ကန်စုပြည်နယ်ဟာ နှစ် ၂၀၀၀ ကျော်ခန့် သမိုင်းကြောင်းရှည်ကြာ တည်ရှိခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ပြည်နယ်ဟာ တောက်ပတဲ့ တရုတ်ယဉ်ကျေးမှုတွေ ထွန်းကားရာ ပြည်နယ်တစ်ခုဖြစ်တာကြောင့် သမိုင်းကြောင်းဆိုင်ရာ ဆွဲဆောင်မှုတွေလည်းရှိနေပါတယ်။ဒါ့အပြင် တွင်းထွက်၊ ရေနဲ့ စွမ်းအင်အရင်းအမြစ်တွေ ကြွယ်ဝတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

           (၈) ယူနန်ပြည်နယ်

နံပတ် (၈) ကတော့ ယူနန်ပြည်နယ်ဖြစ်ပါတယ်။ယူနန်မှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၄၈,၂၉၅,၀၀၀ ဦးရှိတယ်လို့  (၂၀၂၀) ခုနှစ် စာရင်းမှာ တွေ့ရပါတယ်။ယူနန်ပြည်နယ်ရဲ့ မြို့တော်က ကူမင်းမြို့ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသမှာ တည်ရှိပါတယ်။ယူနန်ပြည်နယ်ဟာ ခန့်မှန်းခြေ ဧရိယာ ၃၉၄,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ‘တောင်ပိုင်းရှိ ရောင်စုံတိမ်များ’ လို့ ကာလကြာရှည် တင်စားမှုနဲ့အတူ ကျော်ကြားခဲ့ပြီး ပြည်နယ်အတွင်းမှာဆိုရင် လှပတဲ့ သဘာဝရှုခင်းတွေ၊ တိုင်းရင်းသားဓလေ့ထုံးတမ်းတွေနဲ့အတူ နက်ရှိုင်းတဲ့ ယဉ်ကျေးမှုတွေကို တစ်ပေါင်းတစ်စည်းထဲ တည်ရှိရာ ဒေသအဖြစ် လူသိများတာလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ပြည်နယ်အတွင်း ဇီဝအရင်းအမြစ်တွေ ကြွယ်ဝပြီး အပင်မျိုးစိတ်တွေနဲ့ သဘာဝတိရိစ္ဆာန်တွေ တည်ရှိရာမြေအဖြစ်လည်း ထင်ရှားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ယူနန်ပြည်နယ်ဟာ သဘာဝရှုခင်းတွေအပြင် မတူကွဲပြားတဲ့ တိုင်းရင်းသားတွေရဲ့ မှီတင်းနေထိုင်မှုကြောင့် အရောင်အသွေးစုံလင်တဲ့ ခရီးသွားဆွဲဆောင်ရာ ဒေသတစ်ခုအဖြစ်လည်း တည်ရှိနေပါတယ်။

           (၉) Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ဒီပြည်နယ်မှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၄၉,၂၆၀,၀၀၀ ဦး နေထိုင်ကြတာကို (၂၀၂၀) ခုနှစ် စာရင်းမှာ တွေ့ရပါတယ်။ပြည်နယ်ရဲ့ မြို့တော်က နန်နင်း (Nanning) ဖြစ်ပြီး တရုတ်နိုင်ငံမှာ Green City အဖြစ် သတ်မှတ်ခံထားရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ဧရိယာအကျယ်အဝန်း ၂၃၆,၇၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။တည်နေရာအားဖြင့်တော့ တရုတ်နိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းကြား ဖြတ်သန်းသွားလာရေးအတွက် အချက်အချာနေရာလည်းဖြစ်ပါတယ်။ဒေသအနေနဲ့ဆိုရင် တွင်းထွက်၊ အဏ္ဏဝါနဲ့ သဘာဝသယံဇာတတွေ ပေါကြွယ်ဝရာ မြေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ဒီဒေသဟာ နိုင်ငံရပ်ခြား တရုတ်လူမျိုးတွေရဲ့ အကြီးဆုံးအခြေချနေထိုင်မှု (၃) ခုထဲက တစ်ခုအဖြစ်လည်း ရှိနေပါတယ်။နန်နင်း (Nanning) မြို့ ဟာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ Guilin မြို့ကတော့ ပြည်နယ်ရဲ့ အကျော်ကြားဆုံး ခရီးသွားမြို့ဖြစ်ပါတယ်။

           (၁၀) ဟူနန် (Hunan) ပြည်နယ်

နံပတ် (၁၀) အနေနဲ့ တည်ရှိနေတာကတော့ ဟူနန် (Hunan) ပြည်နယ်ပဲဖြစ်ပါတယ်။ဒီပြည်နယ်မှာတော့ အမြဲတမ်းနေထိုင်သူဦးရေ ၆၈,၉၈၈,၀၀၀ ဦးရှိတယ်လို့ (၂၀၂၀) ခုနှစ် စာရင်းမှာ ဖော်ပြထားပြီး ပြည်နယ်ရဲ့မြို့တော်ကတော့ Changsha မြို့ဖြစ်ပါတယ်။ဟူနန် (Hunan) ပြည်နယ်ဟာ ယန်ဇီမြစ်ရဲ့ တောင်ဘက်မှာ တည်ရှိပြီး အကျယ်အဝန်းအနေနဲ့ ဧရိယာ ၂၁၁,၈၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ ဒေသလည်းဖြစ်ပါတယ်။ Xiang မြစ်ဟာ ပြည်နယ်ကို ဖြတ်သန်းစီးဆင်းမှုနဲ့အတူ ဟူနန် (Hunan) ကို တစ်ခါတရံမှာ “Xiang” လို့လည်း အတိုကောက် ခေါ်ဝေါ်ကြပါတယ်။

ဟူနန် (Hunan) ဟာ ထင်ရှားတဲ့ သမိုင်းဝင်ပြည်နယ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ ခန့်မှာ ရှေးခေတ်လူတွေက အဲဒီမှာ အခြေချနေထိုင်ခဲ့တယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ယဉ်ကျေးမှုထွန်းကားပြီး ကမ္ဘာ့သဘာဝ အမွေအနှစ်နေရာ (၂) ခုလည်း တည်ရှိနေတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခုအဖြစ်လည်း တည်ရှိနေပါတော့တယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ် (၁၀) ခုအကြောင်း စုစည်းဖော်ပြမှုတွေဖြစ်ပါတယ်။

လာမယ့် ဆောင်းပါးကဏ္ဍတွေမှာလည်း စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဆက်လက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ဆိုတာ အသိပေးရင်းနဲ့ အခုအပိုင်းကိုတော့ ဒီမှာပဲရပ်နားလိုက်ပါတယ်။

မိုးသား