【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၁)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၁)

ကမ္ဘာ့နိုင်ငံတွေထဲ ဒုတိယအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ နယ်လှည့်ခရီးသွားတွေ၊ စူးစမ်းလေ့လာလိုသူတွေအတွက် သဘာဝ၊ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုတွေကို စုံလင်စွာ ပေးစွမ်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဆိုရရင် တိဗက်မှာရှိတဲ့ အမြင့်ဆုံးတောင်တွေကနေ ကမ္ဘာမြေကို မျှော်ကြည့်နိုင်သလို အနောက်ဘက် ရှင်းကျန်းပြည်နယ်၊ သဲကန္တာရတွေအထိကို တွေးကြည့်လိုက်မယ်ဆိုရင် ကွဲပြားပြီး လှပတဲ့ ရင်သပ်ရှုမောဖွယ်ရာတွေ အတိပဲဖြစ်ပါတယ်။

ဒါဟာ နိုင်ငံနယ်နိမိတ် ကြီးမားကျယ်ပြန့်တာနဲ့အညီ ဖြစ်ပေါ်တည်ရှိမှုတွေဖြစ်ပြီး နိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းကို ကြည့်မယ်ဆိုရင်လည်း မိုင် ၉၀၀၀ အရှည်နဲ့ မယုံနိုင်လောက်အောင် တွေ့ရမှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်း ကမ္ဘာပေါ်မှာ ဒုတိယနဲ့ ဆဋ္ဌမ အရှည်ဆုံးမြစ်တွေဖြစ်တဲ့ ယန်စီနဲ့ မြစ်ဝါမြစ်တို့ကို ပိုင်ဆိုင်ထားပြီး ဒါဟာ သဘာဝတရားတွေ အားလုံးပေါင်းစပ် တည်ရှိနေပြီး ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှုတွေနဲ့အတူ တရုတ်နိုင်ငံက အိမ်မက်နိုင်ငံတစ်ခုအဖြစ် တည်ရှိနေပါတယ်။ဒါကြောင့်မို့ အခုဆောင်းပါးဏ္ဍမှာတော့ တရုတ်နိုင်ငံထဲက အလှဆုံးဒေသ (၉) ခုကို ကောက်နှုတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

           (၁) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း

Inner Manchuria လို့ သမိုင်းကြောင်းအရ သိကြတဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဟာ ရုရှား၊ မြောက်ကိုရီးယားနဲ့ မွန်ဂိုလီးယားတို့နဲ့အတူ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။ဒီဒေသရဲ့ ဗဟိုချက်မှာတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လွင်ပြင်ဖြစ်ပြီး နိုင်ငံရဲ့ အကျယ်ပြန့်ဆုံး လွင်ပြင်ဖြစ်ကာ အမြင့် ၂၀၀ မီတာအောက် ကြီးမားတဲ့ လယ်မြေဧရိယာတွေရှိရာ စိုစွတ်တဲ့ဒေသဖြစ်ပါတယ်။ဒီဒေသရဲ့ အကြီးဆုံးမြို့ကတော့ အမြဲလိုလို အေးခဲနေတတ်တဲ့ နှင်းထုတွေရှိရာ Harbin မြို့ဖြစ်ပါတယ်။ Harbin ဟာ ရေခဲပွဲတော်ကြောင့် နာမည်ကြီးပြီး သက်တံ့ရောင်စုံမီးတွေနဲ့အတူ ရေခဲပန်းပုဖန်တီးမှုလက်ရာတွေကို အိမ်မက်ဆန်ဆန် ခင်းကျင်းပြသထားလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသဟာ စူးစမ်းဖို့ သဘာဝတရားတွေ အများကြီးရှိနေပြီး အထူးသဖြင့် လုံးဝအံ့သြစရာ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ အနီရောင်ကမ်းခြေ (Red Beach) တည်ရှိရာ ဒေသလည်းဖြစ်ပါတယ်။လူတွေက Panjin Red Beach လို့ သိကြပြီး Panjin မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာ Liaohe မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ရှိပါတယ်။တကယ်တော့ ဒီကမ်းခြေဟာ အဲဒီမှာရှိတဲ့ အသီးအရွက်မျိုးစိတ်ရဲ့ ထူးထူးခြားခြားအရောင်ကြောင့် လူတွေကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။အနီရောင်ကမ်းခြေ (Red Beach) က ကမ္ဘာပေါ်မှာလည်း အထူးခြားဆုံးကမ်းခြေတွေထဲကမှ တစ်ခုအဖြစ်ရှိနေပြီး ဒီဒေသဟာ ရှားပါးငှက်မျိုးစိတ်တွေနဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေရဲ့ နေထိုင်ရာလည်းဖြစ်ပါတယ်။

ဒါ့အပြင် Hailin မြို့ရှိ နှင်းအိမ် “home of snow” လို့ခေါ်တဲ့ လှပတဲ့ Xuexiang ရွာလေးမှာ ပျော်ရွှင်ဖွယ်ရာတွေကလည်း ဆီးကြိုနေမှာဖြစ်ပါတယ်။စွတ်ဖားစီး လည်ပတ်မှုနဲ့အတူ ဆောင်းရာသီကို ခံစားနိုင်ပြီး အခြားတစ်ဖက်မှာဆိုရင်တော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာပဲ ကျားနှင့် ကျားသစ် အမျိုးသားဥယျာဉ်ကလည်း Jilin နဲ့ Heilongjiang ပြည်နယ်တွေရဲ့ လမ်းဆုံမှာ တည်ရှိနေပါသေးတယ်။ဒီဥယျာဉ်ကို ၂၀၁၇ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ကြပြီး ထိမ်းသိမ်းကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ဒါကြောင့် စောင့်ရှောက်ခဲ့ပြီးကတည်းက ကျားကောင်ရေ ၂၇ ကောင်ကနေ အကောင် ၅၀ ကျော်အထိ တိုးလာခဲ့ပြီး ကျားသစ်အရေအတွက်ကလည်း ၄၂ ကောင်ကနေ ၆၀ ကျော်အထိ ရှိနေပါတယ်။ဒါ့အပြင် သဘာဝအလှတွေနဲ့အတူ ရင်သပ်ရှုမောဖွယ် ခံစားမှုကို ပေးစွမ်းနိုင်တဲ့ နေရာအဖြစ်လည်းရှိနေပါတယ်။

           (၂) တရုတ်နိုင်ငံ မြောက်ပိုင်း

တရုတ်နိုင်ငံ မြောက်ပိုင်းဒေသကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နှလုံးသားအချက်အချာအနေနဲ့ ဖော်ပြကြပါတယ်။လယ်ယာလုပ်ငန်းနဲ့အတူ ကွန်မြူနစ်နည်းလမ်းကို ကျင့်သုံးဆဲ ဒေသတစ်ခုဖြစ်ပြီး ပေကျင်းရဲ့ ပါဝါအာဏာစက် သက်ရောက်ရာ ဒေသဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံရဲ့ သြဇာကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေပြီး သမိုင်းကြောင်းအရဆိုရင်လည်း အရေးပါတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ဖော်ပြမှုတွေအရ ဒီဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ခန့်က စပါးစိုက်ပျိုးမှုတွေရှိခဲ့တယ်လို့ဆိုကြပြီး အခြားတစ်ဖက်မှာတော့ ဒီဒေသမှာ သဘာဝတောတွေနဲ့အတူ မယုံနိုင်လောက်အောင် များပြားပြီး လှပတဲ့ရှုခင်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြို့ပြရဲ့ ပင်ပန်းနွမ်းနယ်မှုကနေ အေးချမ်းစွာ အနားယူလိုသူတွေအတွက်တော့ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသမှာဆိုရင် လှပပြီး သဘာဝအလှတရားတွေရှိတဲ့ Longqing Gorge ရှုခင်းသာနေရာက နာမည်ကြီးပါတယ်။ရာသီအလိုက် သဘာဝရှုခင်းတွေနဲ့အတူ ရင်သပ်ရှုမောဖွယ် တောင်တန်းနောက်ခံနဲ့ ကြည်လင်တဲ့ ရေပြင်ပေါ်မှာ လှေစီးလည်ပတ်ပြီး သဘာဝကို ပြည့်ပြည့်ဝဝ ခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်။ရာသီအလိုက် ဆွဲဆောင်မှုအပြင် ဘူမိဗေဒဆိုင်ရာ အံ့ဖွယ်တွေလည်းရှိပြီး များပြားလှတဲ့ ဂူတွေနဲ့ ထူးခြားတဲ့ ဂေဟစနစ်တွေလည်းရှိပါတယ်။နှစ်သန်းပေါင်းများစွာ လေနဲ့ ရေ တိုက်စားမှုနဲ့အတူ ဖြစ်ပေါ်တည်ရှိနေတဲ့ ကျောက်တုံးတွေရှိနေပြီး လှပဆန်းကြယ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

           (၃) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း

ကျယ်ပြောတဲ့ နယ်မြေဖြစ်ပြီး စိတ်ဝင်စားဖွယ် နှစ်ရာနဲ့ချီ ဖြတ်သန်းခဲ့တဲ့ ပိုးလမ်းကြောင်းနဲ့အတူ လူသိများတဲ့ ဒေသကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသဖြစ်ပါတယ်။ဒီဒေသမှာတော့ တရုတ်နိုင်ငံ လူဦးရေရဲ့ လေးရာခိုင်နှုန်းလောက်ကပဲ သဲကန္တာရ၊ တောင်တွေနဲ့ ကျယ်ပြန့်တဲ့လွင်ပြင်တွေရှိတဲ့ ဒီနေရာမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။ဒါပေမဲ့လည်း သဘာဝဆန်ဆန် ရသကို ခံစားလိုသူတွေအတွက်တော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသ၊ Gansu ပြည်နယ်၊ ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်တဲ့ Dunhuang မြို့က နာမည်ကြီးပါတယ်။ Taklamakan သဲကန္တာရရဲ့ အစွန်းမှာ တည်ရှိတဲ့ ဒီအိုအေစစ်နေရာဟာဆိုရင် ဗုဒ္ဓဘာသာလိုဏ်ဂူတွေရှိပြီး အနုပညာလက်ရာတွေကြောင့် လူသိများတယ်လို့ ဆိုပါတယ်။ဒါ့အပြင် နာမည်ကြီးတဲ့ လခြမ်းရေကန်ကို လှမ်းမြင်နိုင်ပြီး သီချင်းဆို-သဲတောင်လို့ အဓိပ္ပာယ်ရတဲ့ Mingsha Shan တောင်လည်း တည်ရှိပါတယ်။သီချင်းဆိုသဲတောင်လို့ဆိုရာမှာ သဲခုံတွေပေါ်က လေတိုက်သံနဲ့အတူ ဖြစ်ပေါ်လာတဲ့ သီချင်းသံစဉ် ဖြစ်စဉ်ကို ရည်ညွှန်းကြတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ Dunhuang ဟာ ရှေးခေတ် တောင်ပိုင်းပိုးလမ်းကြောင်းရဲ့ လမ်းဆုံလမ်းခွမှာ တည်ရှိပြီး အိန္ဒိယ၊ Mongolia နဲ့ Siberia တောင်ပိုင်း လမ်းကြောင်းတွေနဲ့အတူ မြောက်ဘက်ရှိ တရုတ်လွင်ပြင်ဖြစ်တဲ့ Chang'an (ဒီနေ့ခေတ် Xi'an လို့ခေါ်တဲ့) နဲ့ Luoyang တို့ရဲ့ ရှေးဟောင်းမြို့တော်တွေနဲ့ ချိတ်ဆက်တည်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ဒါတင်မကသေးဘဲ Qinghai ပြည်နယ်က ကြေးမုံမျက်နှာပြင်နဲ့ ခိုင်းနှိုင်းကြတဲ့ Chaka Salt Lake ၊ တရုတ်နိုင်ငံ တောင်ကြီးငါးခုရဲ့ “အနောက်တောင်တန်း” ဖြစ်ပြီး ရှည်လျားတဲ့ ဘာသာရေးဆိုင်ရာ သမိုင်းကြောင်းတွေရှိတဲ့ Shaanxi ပြည်နယ်က နာမည်ကြီး Huashan တောင်၊ ဒါ့အပြင် Gansu ပြည်နယ်က တောင်တန်းတွေ၊ အဆုံးမရှိတဲ့ လွင်ပြင်တွေအပြင် မြောက်ဘက်စွန်းတွင် မဟာတံတိုင်းကြီးနဲ့လည်း ထိစပ်တည်ရှိရာ ဒေသဖြစ်ပါတယ်။

ဒီအထဲ အံ့သြဖွယ်အကောင်းဆုံး ရှုခင်းတစ်ခုအဖြစ် Zhangye Danxia National Geological Park မှာရှိတဲ့ သက်တံ့စင်းတောင်တွေကလည်း အနောက်မြောက်ပိုင်းဒေသမှာ လှပစွာတည်ရှိနေတဲ့အကြောင်း တင်ပြရင်း အခုတစ်ခေါက် ဆောင်းပါးကဏ္ဍ ဖော်ပြမှုကို တစ်ခန်းရပ်နားလိုက်ရပါတယ်။

မိုးသား