【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၃)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၃)

တရုတ်နိုင်ငံဟာ စွမ်းအင်ကို အလွန်အကျူးအသုံးချပြီး ကာဗွန်ထုတ်လွှတ်မှုများတဲ့ လုပ်ငန်းတွေကို မျက်ကွယ်ပြု တိုးတက်စေခြင်းအား ရပ်တန်ဖို့ ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဒီလိုမျိုးလုပ်ငန်းတွေအတွက် စိစစ်ခြင်းနဲ့ စောင့်ကြည့်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ဥပဒေနဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့ လုပ်ငန်း၊ စီမံကိန်းတွေကို စစ်ဆေးအပြစ်ပေးပါတယ်။ရေပြတ်လပ်မှု (သို့မဟုတ်) အလွန်အကျူးအသုံးပြုမှုရှိတဲ့ နေရာတွေမှာလည်း ကန့်သတ်ချက်တွေကို ချမှတ်ပေးပါတယ်။

           ၃။ သက်ဆိုင်ရာ နယ်ပယ်များ ဒေသတွင်း၌ ဖြန့်ဝေခြင်းကို အကောင်းဆုံးဖြစ်စေခြင်း

စွမ်းအင်အရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်စွမ်းရည်နှင့် ဈေးကွက်ဖြစ်နိုင်ခြေတို့ကို များစွာထည့်သွင်းစဉ်းစားတဲ့ တရုတ်နိုင်ငံဟာ ဒေသအချို့မှာ ပိုသင့်လျော်တဲ့ အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်နိုင်ခြေတို့ကိုလိုက်ပြီး အချို့နယ်ပယ်တွေရဲ့ လွှမ်းခြုံမှုကို အားပေးပါတယ်။

ကုန်ကြမ်းများကို မျှတစွာ ဖြန့်ဝေခြင်းကိုလည်း တရုတ်က အလေးပေးပါတယ်။ကျောက်မီးသွေးနဲ့ ရေကဲ့သို့သော အရင်းအမြစ်များကို မျှဝေရာမှာလည်း သဘာဝပတ်ဝန်းကျင်စွမ်းရည်ကို အလေးထားပါတယ်။တရုတ်နိုင်ငံဟာ ဒေသတိုင်းရဲ့ အားသာချက်များကို အသုံးချပြီး အကျိုးအမြတ်မျှဝေတဲ့ စနစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။အရှေ့၊ အလယ်ပိုင်းနဲ့ အနောက် ဒေသများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှု မူဘောင်နဲ့ အင်အားပေါင်းစပ်မှုတွေဟာ ဘုံတိုးတက်မှုကို ရရှိစေမှာဖြစ်ပါတယ်။ထို့အပြင် အရှေ့ပိုင်းဒေသတွေမှာ နည်းပညာအဆင့်မြင့် နယ်ပယ်များ ထွန်းကားလာပြီး အလယ်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာရှိနေတဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ စက်မှုခေတ်ဖြစ်တည်ရေးနဲ့ မြို့ပြတည်ဆောက်ရေးကို အားကောင်းစေကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမှာ ဟန်ချက်ညီလာပြီး ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာမှာဖြစ်ပါတယ်။

           အပိုင်း ၄ ။      ။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်နည်းလမ်းများ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး
တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စီးပွားရေးတည်ဆောက်မှုကို အရှိန်မြှင့်တင်လာပြီဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် အထောက်အကူပြုထုတ်လုပ်ရေး နည်းလမ်းများကို အသုံးပြုခြင်း၊ စွမ်းအင်လုံခြုံမှုမြှင့်တင်ခြင်း၊ အရင်းအမြစ်များကို မှန်ကန်စွာသုံးစွဲခြင်း၊ ပိုမိုသန့်ရှင်းသော ထုတ်လုပ်ရေးဖြစ်စေခြင်းနှင့် ညစ်ညမ်းမှုနှင့် ကာဗွန်လျှော့ချခြင်းတို့အတွက် လက်တွေ့ကျသော နည်းလမ်းများကို ကျင့်သုံးလျက်ရှိပါတယ်။

           ၁။ သမားရိုးကျ စက်မှုလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင် အထောက်အကူပြုစေရန် ကူးပြောင်းခြင်း

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှု အယူဝါဒကို စက်မှု၊ စိုက်ပျိုးရေးနဲ့ ဝန်ဆောင်မှုနယ်ပယ်တွေရဲ့ လည်ပတ်ပုံအားလုံးမှာ ပါဝင်လာစေရန် စတင်လုပ်ဆောင်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စက်မှုကွင်းဆက်များနဲ့ ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန်အတွက် တရုတ်ဟာ ထုတ်ကုန်များကို တီထွင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသောကိရိယာနဲ့ နည်းလမ်းများ အသုံးပြုခြင်းများအတွက် စီးပွားရေးလုပ်ငန်းများကို မက်လုံးများပေးခြင်း ပြုလုပ်လျက်ရှိပါတယ်။

တရုတ်ဟာ အဓိကစက်မှုလုပ်ငန်းကြီးများအား သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သန့်ရှင်းသော လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး သန့်ရှင်းသော ထုတ်လုပ်ရေးဖြစ်အောင်လည်း ကျယ်ပြန့်စွာ စောင့်ကြည့်သုံးသပ်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်အဆုံးမှာ တရုတ်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စက်ရုံပေါင်း ၂,၇၃၈ ခု၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စက်မှုပန်းခြံ ၂၂၃ ခုနဲ့ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲသော လုပ်ငန်း ၂၉၆ ခုရှိပြီဖြစ်ပါတယ်။  

တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးလုပ်ငန်းမှာလည်း သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးရေးဖြစ်စေရန် စနစ်သစ်များနဲ့ ယန္တရားသစ်များကို မိတ်ဆက်ပေးပြီး စိုက်ပျိုးရေးအရင်းအမြစ်များကို ကာကွယ်ရန်နဲ့ အကျိုးရှိစွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။အခြေခံကျတဲ့ အသီးအနှံများ စိုက်ပျိုးတဲ့မြေတွေကို အထူးကာကွယ်မှုပေးထားပြီး လယ်မြေတောင်ယာ ကျဆင်းလာမှုကို ကာကွယ်ထားပါတယ်။

နိုင်ငံတစ်ဝန်း လယ်ယာမြေအရည်အသွေးဟာလည်း တစ်ဖြည်းဖြည်း တိုးတက်လာပါတယ်။ထို့အပြင် စိုက်ပျိုးရေးမှာ ရေအရင်းအမြစ်ချွေတာရေးနဲ့ ဓာတုဓာတ်မြေသြဇာများ လျှော့ချရေးကိုလည်း တင်းကျပ်စွာ လုပ်ဆောင်နေပါတယ်။

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သဘာဝထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်များအတွက် စံနှုန်းများကို မြှင့်တင်ပေးခဲ့ပြီး ထိုအားထုတ်မှုတွေကြောင့် လယ်ယာစိုက်ပျိုးသူတွေအတွက် ဝင်ငွေတိုးစေခဲ့ပါတယ်။  

ဝန်ဆောင်မှုလုပ်ငန်းမှာဆိုရင်လည်း တရုတ်ဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဈေးဝယ်စင်တာများ တည်ဆောက်ခြင်းနဲ့ အမြန်ချောပို့လုပ်ငန်းများမှာ ထုတ်ပိုးမှုဟာ စနစ်ကျစေရေး တွန်းအားပေးလျက်ရှိပါတယ်။အွန်လိုင်းလုပ်ငန်းရှင်များအနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ထုတ်ပိုးမှုပုံစံများဖြစ်အောင် လမ်းညွှန်ချက်များ ချပေးထားပါတယ်။ထို့အပြင် ပြပွဲများနဲ့ ခန်းမများ ဝန်ဆောင်မှုပေးခြင်းမှာလည်း အဆောက်အအုံများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် စံနှုန်းတွေ သတ်မှတ်ပေးထားပါတယ်။နိုင်ငံတစ်ဝှမ်း လျှပ်စစ်ရထားလက်မှတ်များ မိတ်ဆက်ပေးခြင်းဖြင့် စက္ကူသုံးစွဲမှုကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။  

           ၂။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စွမ်းအင်ကို မြှင့်တင်ခြင်း

မြင့်မားလာတဲ့ စွမ်းအင်ထောက်ပံ့ခြင်းအတွက် တရုတ်ဟာ စွမ်းအင်သစ်စနစ်ကို တည်ဆောက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စွမ်းအင်ကူးပြောင်းမှုမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။  

တရုတ်ဟာ ကြီးမားသော လေအားနဲ့ နေရောင်ခြည်သုံး စွမ်းအင်ထုတ် စက်ရုံများကို တည်ဆောက်ပြီး မြို့ပြဒေသများမှာ နေရောင်ခြည်စွမ်းအင် မြှင့်တင်သုံးစွဲရန်နဲ့ ကျေးလက်ဒေသများမှာလည်း လေအားလျှပ်စစ်ကို ဖြန့်ချိနိုင်ရေး တွန်းအားပေးလျက်ရှိပါတယ်။ထို့အပြင် မြစ်ကြီးများရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာလည်း ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ထားပါတယ်။နျူကလီးယားစွမ်းအင်ကိုလည်း လုံခြုံစနစ်ကျစွာ ထုတ်လုပ်လျက်ရှိပါတယ်။ပြန်လည်ဖြည့်တင်းမြဲစွမ်းအင်ကနေ ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်အသုံးပြုခြင်းဆိုင်ရာ ပန်းတိုင်များလည်း ချမှတ်ထားပါတယ်။

၂၀၁၂ ခုနှစ်တုန်းက တရုတ်ရဲ့ သန့်ရှင်းသောစွမ်းအင်အရင်းအမြစ် အသုံးပြုမှုဟာ စုစုပေါင်း စွမ်းအင်အသုံးပြုမှုရဲ့ ၁၄.၅ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ၂၅.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတွင်လည်း အရင်းအမြစ်များကို ထိန်းသိမ်းရန်နဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် အဆင့်မြှင့်တင်ခဲ့ပြီး အသစ်တည်ဆောက်မယ့် စက်ရုံတွေအတွက်လည်း နိုင်ငံတကာအဆင့်မီတဲ့ စွမ်းအင်ချွေတာရေး စံနှုန်းများကို တင်းကျပ်စွာ ချမှတ်ထားပါတယ်။တချို့နေရာတွေမှာတော့ ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့၊ လျှပ်စစ်နဲ့ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်တွေနဲ့ အစားထိုးရေးလည်း တွန်းအားပေးနေပါတယ်။

           ၃။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သယ်ယူပို့ဆောင်ရေးကွန်ရက် တည်ဆောက်ခြင်း

သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ စွမ်းအင်ကို များစွာအသုံးပြုပြီး ညစ်ညမ်းမှုနဲ့ ကာဗွန်ထုတ်လွှတ်မှု များစွာဖြစ်စေတာကြောင့် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက်ရမယ့် ကဏ္ဍတစ်ခုဖြစ်ပါတယ်။တရုတ်ဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သယ်ယူပို့ဆောင်ရေးကွန်ရက်ကို တည်ထောင်ရေးအား အရှိန်မြှင့်တင်ပြီး သယ်ယူပို့ဆောင်ခြင်းမှာ ကာဗွန်ထုတ်လွှတ်မှု နည်းပါးစေရန် လုပ်ဆောင်လျက်ရှိပါတယ်။  

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ ခန်းမအားလုံးကို သဘာဝပတ်ဝန်းကျင် အထောက်အကူပြု လျှပ်စစ်စွမ်းအင်ပေးခဲ့ပါတယ်။

တရုတ်ဟာ ပေကျင်း၊ ကျန်းကျာကောင်းနဲ့ အခြားဒေသတွေမှာ ကြီးမားတဲ့ လေအားနဲ့ နေရောင်ခြည်အားသုံး စီမံကိန်းများတည်ဆောက်ပြီး ခန်းမများဆီ စွမ်းအင်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီစီမံကိန်းများဟာ အိုလံပစ်ပြိုင်ပွဲမှာ လိုအပ်တဲ့ စွမ်းအင်ကို အပြည့်အဝပေးနိုင်ခဲ့ရုံသာမက ပေကျင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ သန့်ရှင်းသော စွမ်းအင်အသုံးပြုမှု ဖြစ်တည်ရေးအတွက်လည်း အထောက်အကူဖြစ်ခဲ့ပါတယ်။ဒီအိုလံပစ်ကနေတစ်ဆင့် တရုတ်ဟာ ကာဗွန်ထုတ်လွှတ်မှုအမြင့်ဆုံး သတ်မှတ်နိုင်ရေးနဲ့ ကာဗွန်အသားတင်သုညဖြစ်နိုင်ရေး ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်လည်း ပိုမိုခိုင်မာလာတာဖြစ်ပါတယ်။

တရုတ်ဟာ အထူးရထားလမ်းများ တည်ဆောက်ရေးကို အရှိန်မြှင့်တင်ပြီး ကုန်သယ်ယူပို့ဆောင်ရေးကို ကုန်းလမ်းအစား မီးရထားလမ်းနဲ့ ရေလမ်းကို ကူးပြောင်းရန် ကြိုးပမ်းနေပါတယ်။ထို့အပြင် မြို့ပြအများပြည်သူပို့ဆောင်ရေးကိုလည်း ဦးစားပေးအဖြစ် ဆောင်ရွက်နေပါတယ်။

၂၀၂၁ ခုနှစ်မှာ မြို့ပေါင်း ၅၁ မြို့မှာ မြို့ပြရထားလမ်းပေါင်း ၂၇၅ ခု တည်ဆောက်ခဲ့ပြီး အထူးဘတ်စ်ကားလမ်းကြောင်း အရှည်ဟာလည်း ၁၈,၂၆၄ ကီလိုမီတာအထိ တိုးလာပြီဖြစ်ပါတယ်။  

အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး၊ တက္ကစီဝန်ဆောင်မှု၊ ကုန်သယ်ယူမှုနဲ့ လေကြောင်းလိုင်းတွေမှာ စွမ်းအင်အသစ်သုံးယာဉ်များကို အသုံးပြုရေး တိုက်တွန်းလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ တရုတ်ရဲ့ စွမ်းအင်အသစ်သုံးယာဉ်များအတွက် မှတ်ပုံတင်မှုဟာ ၇.၈၄ သန်းရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စုစုပေါင်းကိန်းဂဏန်းရဲ့ တစ်ဝက်ဖြစ်ပါတယ်။

ထို့အပြင် စွမ်းအင်အသစ်သုံး ဘတ်စ်ကားအစီးရေဟာလည်း တရုတ်မှာ ကမ္ဘာ့ကိန်းဂဏန်းရဲ့ ၇၁.၇ ရာခိုင်နှုန်းရှိပါတယ်။တရုတ်ဟာ မော်တော်ယာဉ်များမှ ညစ်ညမ်းမှုထုတ်လွှတ်ခြင်း စံနှုန်းကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီး သဘာဝဓာတ်ငွေ့သုံးယာဉ်များကို အားပေးလျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး ကာဗွန်ထုတ်လွှတ်မှု မြင့်မားသော ယာဉ် သန်း ၃၀ ကို အသုံးပြုမှု ရပ်တန့်နိုင်ခဲ့ပါတယ်။

တရုတ်ဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု အဝေးပြေးလမ်းမများ တည်ဆောက်ရေးနဲ့ လမ်းမျက်နှာပြင်သတ္တုစွန့်ပစ်အမှိုက်များအား ပြန်လည်အသုံးပြုရေးအတွက် အထူးအစီအစဉ်ကို အစပြုခဲ့ပါတယ်။ထို့အပြင် လမ်းများတစ်လျှောက် သစ်တောများ ပြန်လည်ဖြစ်တည်လာရေးလည်း မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။မီးရထားလမ်းများအား လျှပ်စစ်ဓာတ်အားပေးဖြစ်စေရန် တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားသုံး မီးရထားလမ်းပမာဏဟာ ၅၂.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်မှာ ၇၃.၃ ရာခိုင်နှုန်းအထိ ရောက်လာခဲ့ပါတယ်။

ဆိပ်ကမ်းနဲ့ လမ်း သယ်ယူပို့ဆောင်ရေး ထောက်ပံ့ရေး အဆောက်အအုံများကိုလည်း တည်ဆောက်ပေးပြီး အဝေးပြေးလမ်းမများတစ်လျှောက် လျှပ်စစ်ဓာတ်အားသွင်းစက် ၁၃,၃၇၄ ခု တည်ဆောက်ထားပြီး ကမ္ဘာ့အမြင့်ဆုံးပမာဏလည်းဖြစ်ပါတယ်။

စိုးနိုင်ထွန်း
Ref - China's Green Development in the New Era | Global-chinadaily