【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်ရဲ့မိခင် (သို့မဟုတ်) မြစ်ဝါမြစ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်ရဲ့မိခင် (သို့မဟုတ်) မြစ်ဝါမြစ်

ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်တဲ့ မြစ်ဝါမြစ်ဟာ တရုတ်ပြည်၊ အနောက်ပိုင်းဒေသ၊ ချင်းဟိုင်ပြည်နယ်၊ ဘာရန်ဟာတောင်တန်းတွင် မြစ်ဖျားခံကာ ပြည်နယ်ပေါင်း ၉ ပြည်နယ်ကို ဖြတ်သန်းပြီး ပင်လယ်ဝါအနီး ပေါ်ဟိုင်ပင်လယ်သို့ စီးဝင်တဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။

မြစ်ဝါမြစ်ဝှမ်းဒေသဟာ တရုတ်ယဉ်ကျေးမှု အစပျိုးရာ ဒေသဖြစ်ပြီး ခေတ်ဦးတရုတ်သမိုင်းတွင် စည်ပင်ထွန်းကားသည့် ဒေသတစ်ခုဖြစ်ပါတယ်။ မြစ်ရေတွင် အနည်များကာ ဝါကျင်ကျင်အရောင်ရှိတာကြောင့်လည်း မြစ်ဝါမြစ်ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။

ယန်စီမြစ်ပြီးရင် တရုတ်နိုင်ငံရဲ့ ဒုတိယအရှည်ဆုံးမြစ်ဖြစ်တဲ့ မြစ်ဝါမြစ်ရဲ့ အရှည်ကတော့ ကီလိုမီတာ ၅၅၀၀ ရှိပါတယ်။မြစ်ဝါမြစ်ဟာ တရုတ်လူမျိုးတို့၏ မိခင်မြစ်ဖြစ်ပြီး နှစ်ပေါင်း ၅၀၀၀ ကျော် သမိုင်းကြောင်း ယဉ်ကျေးမှုများ၊ တစ်မူထူးခြားသည့် သဘာဝရှုမြင်ကွင်းများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖြစ်တည်နေပါတယ်။

မြစ်ဝါမြစ်ဟာ ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် (Qinghai-Tibet Pleateau) ရှိ Bayan Har Mountains မှ မြစ်ဖျားခံပြီး မြက်ခင်းလွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းတောင်တန်းများ၊ မြေပြန့်လွင်ပြင်နှင့် ချိုင့်ဝှမ်းများကို ဖြတ်သန်းစီးဆင်းပါတယ်။

မဟာတံတိုင်းနှင့် ပြိုင်လျက်အနေအထားဖြင့် ဖြစ်တည်စီးဆင်းနေပြီး နောက်ဆုံးတွင် ပင်လယ်ထဲသို့ စီးဝင်သွားပါတယ်။မြစ်ဝါမြစ်ဝှမ်းဟာ စားကျက်မြေပေါများပြီး သတ္တုအရင်းအမြစ်ပေါကြွယ်ဝသလို သမိုင်းတစ်လျှောက် တရုတ်ယဉ်ကျေးမှုမြစ်ဖျားခံရာ နေရာတစ်ခုအဖြစ် အရေးပါလှပါတယ်။

မြစ်ဝါမြစ်ဟာ ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် (Qinghai-Tibet Plateau) မှ စတင်၍ တောက်လျှောက်ဖြတ်သန်း စီးဆင်းလာရာ ချင်-ကျင့်လျှိုစောက် (Qin-Jin Gorge) ၏ ရန်ချွမ်းအပိုင်း (Yanchuan) သို့ ရောက်သောအခါ “S” သဏ္ဍာန် (၅) ခုဆက်တိုက် ကွေ့ကောက်သွားပုံမှာ ဧရာမနဂါးကြီးတစ်ကောင် တစ်ဟုန်ထိုး ပြေးလွှားနေသဖွယ် ဖြစ်နေတယ်လို့ တင်စားကြပါတယ်။မြစ်ဝါမြစ် မြွေလိမ်မြွေကောက်သဏ္ဍာန် ဘူမိသွင်ပြင်ဟာလည်း ထင်ရှားကျော်ကြားသော ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။

မြစ်ဝါမြစ်ရဲ့ ချန်ခွန်းကွေ့ (Qiankun) အဝိုက်သည် (၃၂၀) ဒီဂရီရှိပြီး ပုံသဏ္ဍာန်မှာ ထိုက်ကျီပုံ (Tai Chi) အမှတ်အသားနှင့် ဆင်တူပါတယ်။၎င်းကို မြစ်ဝါမြစ်၏ ပထမအကွေ့ဟူ၍ သတ်မှတ်ကြပြီး ချန်ခွန်းကွေ့ရှုခင်းနေရာသည် ခရီးသွားအရင်းအမြစ်ကြွယ်ဝပြီး ဝိသေသလက္ခဏာများ ပေါ်လွင်ထင်ရှားလှပါတယ်။

ချန်ခွန်းကွေ့ (Qiankun) ၊ ချင်းဆွေကွေ့ (Qingshui) ၊ ဟွေ့ဖုန်းရွာ (Huifeng) နှင့် မြစ်ဝါမြစ်လျှိုစောက် အစရှိသည့် ခရီးသွားရှုခင်းနေရာများကလည်း လည်ပတ်လေ့လာသင့်တဲ့ နေရာတွေဖြစ်ပါတယ်။

ဒါ့အပြင် လျိုကျားစန်းရွာ (Liujiashan) ရှိ မော်စီတုန်း (Mao Zedong) ယခင်နေထိုင်ရာ အရပ်နှင့် နျန်ဖန့်ရှေးဟောင်းရွာ (Nianpan) အစရှိသည့် နေရာများတွင် တစ်မူထူးခြား၍ အဖိုးထိုက်လှသော သမိုင်းဝင်ယဉ်ကျေးမှုများ ရှိနေပါသေးတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း၊ ဆန်းရှီးပြည်နယ်နှင့် အနောက်မြောက်ပိုင်း၊ ဆန်ရှီးပြည်နယ်နယ်စပ်၊ မြစ်ဝါမြစ်ပေါ်တွင် တည်ရှိသော ဟူခိုရေတံခွန်၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကိုလည်း ခရီးသွားဧည့်သည်အများအပြား လာရောက်ကြည့်ရှုကြပါတယ်။

မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ထိုလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဍာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာရှိနေတာဖြစ်ပါတယ်။

မြစ်ဝါမြစ်ကြောင်းတစ်လျှောက်မှာ တရုတ်ယဉ်ကျေးမှု၏ မူလဇာစ်မြစ်နှင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ၊ ပိုးလမ်းမကြီးထက်ရှိ များပြားစုံလင်လှသော ယဉ်ကျေးမှုများ အပြန်အလှန် နှီးနှောဖလှယ်မှု၊ ရှေးဟောင်းမြို့ကြီးများ၏ စည်ပင်ဝပြောမှုနှင့် မြစ်ကိုအမှီပြုနေထိုင်သည့် လူမှုဘဝအကြောင်းများကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်