【 နိုင်ငံတကာဆောင်းပါး 】 တရုတ်အရှေ့မြောက်ဒေသ ပြန်လည်နိုးကြားစေမှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်အရှေ့မြောက်ဒေသ ပြန်လည်နိုးကြားစေမှု

လောင်နင်း၊ ကျီလင်းနဲ့ ဟေးလောင်ကျန်း ပြည်နယ်တွေ ပါဝင်တဲ့ တရုတ်ရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင် စက်မှုဆိုင်ရာ ကျောထောက်နောက်ခံ ဖြစ်ခဲ့ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ဒေသတွင်း စီးပွားရေး စိန်ခေါ်မှုတွေကို ကြုံတွေ့လာရတာကြောင့် ပြဿနာတွေကို ဖြေရှင်းပြီး စီးပွားရေးပြန်လည်ရှင်သန်ရေးအတွက် တရုတ်ဗဟိုအစိုးရဟာ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။   

တရုတ်ရဲ့ အရှေ့မြောက်ပိုင်းဒေသ ပြန်လည်ရှင်သန်ရေးဟာ အစိုးရအတွက် ဦးစားပေးဖြစ်ပြီး အသစ် အသစ်သော ပြန်လည်ပြုပြင်ရေးတွေက ဒီဦးစားပေးမှုကို ပိုအားကောင်းစေမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာဆိုရင် ဒေသရဲ့ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍပေါင်းစုံအတွက် ဖြေရှင်းချက်တွေကို ဖော်ပြထားပြီး အဓိကအစိတ်အပိုင်းတစ်ခုကတော့ စက်မှုကူးပြောင်းရေးဖြစ်ပါတယ်။  

သမိုင်းတစ်လျှောက်မှာ အရှေ့မြောက်ပိုင်းဒေသဟာ ကျောက်မီးသွေး၊ သံမဏိနဲ့ ထုတ်လုပ်ရေးတွေလိုမျိုး သမားရိုးကျ ကြီးမားတဲ့စက်မှုတွေပေါ်မှာ မှီခိုခဲ့ပါတယ်။ဒီကဏ္ဍတွေမှာ စွမ်းရည်ကျော်လွန်ခြင်းပြဿနာနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ ဒေသဟာ စက်မှုအခြေခံကို အဆင့်မြှင့်တင်ပြီး အဆင့်မြင့်နည်းပညာ စက်မှုနယ်ပယ်များ၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်လုပ်မှုများနဲ့ ဝန်ဆောင်မှုကဏ္ဍတွေဆီ ကူးပြောင်းမှာဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် စက်မှုလုပ်ငန်းတွေကြောင့် ညစ်ညမ်းမှုကို လျှော့ချပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။  

အစိုးရဟာ စက်မှုကူးပြောင်းရေးအတွက် စဉ်ဆက်မပြတ် အားပေးထောက်ပံ့လာခဲ့ပြီး ဘဏ္ဍာရေး မက်လုံးများ၊ နှစ်သက်ဖွယ် မူဝါဒများနဲ့ ရင်းနှီးမြှုပ်နှံမှုများကို ပေးဆောင်ပြီး စီးပွားရေးများနဲ့ တီထွင်ဆန်းသစ်မှုများကို ဆွဲဆောင်ခဲ့ပါတယ်။ဒီလိုနည်းလမ်းဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေတ်မီနည်းပညာနဲ့ တီထွင်မှုမှာ ခေါင်းဆောင်ဖြစ်လာနိုင်ရေး ပန်းတိုင်အတွက်လည်း အထောက်အကူဖြစ်နေပြီး အရှေ့မြောက်ပိုင်းဒေသဟာ ဒီရည်မှန်းချက်အတွက် အရေးပါတာဖြစ်ပါတယ်။  

ပြန်လည်ပြုပြင်ရေးအစီအစဉ်ရေးရဲ့ အရေးကြီးတဲ့ အခြားအစိတ်အပိုင်းကတော့ အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ဖို့ဖြစ်ပါတယ်။ဒေသနဲ့ တရုတ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ဆက်သွယ်ဖို့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေမှာ ငွေကြေးအမြောက်အမြား ရင်းနှီးမြှပ်နှံပြီး မြန်နှုန်းမြင့် ရထားလမ်းများ၊ အဆင့်မြင့် အဝေးပြေးလမ်းမများနဲ့ ဆိပ်ကမ်းနဲ့ လေဆိပ်များကို အဆင့်မြှင့် တည်ဆောက်နေတာဖြစ်ပါတယ်။ဒီလိုတိုးတက်မှုတွေဟာ ကုန်ပစ္စည်းစီးဆင်းမှုကို ချောမွေ့စေရုံသာမက သယ်ယူပို့ဆောင်ရေး အားကောင်းတဲ့ ဒေသကို ရှာဖွေနေတဲ့ စီးပွားရေးသမားတွေအတွက်လည်း ဆွဲဆောင်မှုဖြစ်လာပါတယ်။  

ထို့အပြင် အစီအစဉ်မှာဆိုရင် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုနဲ့ ရေရှည်တည်တံ့သော တိုးတက်မှုတို့ကိုလည်း အာရုံစိုက်ထားပါတယ်။အရှေ့မြောက်ပိုင်းဒေသမှာဆိုရင် ညစ်ညမ်းမှုပြဿနာက ကြီးမားပြီး ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ထို့အပြင် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စီမံကိန်းတွေနဲ့ နည်းပညာတွေကိုလည်း အားပေးထားတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အစိုးရဟာ နေထိုင်သူပြည်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။နည်းပညာအဆင့်မြင့် စက်မှုလုပ်ငန်းတွေနဲ့ တီထွင်ဆန်းသစ်မှု ဗဟိုပြု တိုးတက်မှုတွေမှာ အရည်အချင်းပြည့်မီတဲ့ လုပ်သားအင်အားလည်း လိုအပ်တာကြောင့် ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေပါတယ်။

အစီအစဉ်ရဲ့ အောင်မြင်မှုဟာ အရှေ့မြောက်ပိုင်းဒေသက ဒေသခံအစိုးရတွေနဲ့ စီးပွားရေးသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ များစွာ မှီခိုနေပါတယ်။ဒေသခံ အာဏာပိုင်တွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကြိုဆိုရမှာဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကလည်း စီးပွားရေးတိုးတက်မှုနဲ့ နည်းပညာအဆင့်မြှင့်တင်မှုကို များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကလည်း အရေးပါတာကြောင့် အစိုးရဟာ အထူးစီးပွားရေးဇုန်များနဲ့ ကုန်သွယ်ရေးစင်္ကြံများ တည်ဆောက်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ စီးပွားရေးဆက်ဆံရေးကို တိုးမြှင့်လျက်ရှိပါတယ်။  

အရှေ့မြောက်ပိုင်းဒေသ ပြန်လည်ရှင်သန်ရေးဟာ ဒေသခံပြည်သူတွေအတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အရေးပါ ပါတယ်။အရှေ့မြောက်ပိုင်းဒေသရဲ့ ကြွယ်ဝချမ်းသာမှုဟာ တရုတ်ရဲ့ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအတွက် အင်အားဖြစ်ပါတယ်။ဒေသရဲ့ စက်မှုအခြေခံကို အဆင့်မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု နည်းပညာများကို ကြိုဆိုခြင်းနဲ့ အရည်အသွေးပြည့် လုပ်သားအင်အား ထုတ်ဖော်ခြင်းတို့နဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုရဲ့ စံပြ ဖြစ်လာနိုင်ပါတယ်။  

သို့သော်လည်း စိန်ခေါ်မှုတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။သမားရိုးကျ စက်မှုလုပ်ငန်းကြီးတွေကို နည်းပညာအဆင့်မြင့် လုပ်ငန်းတွေအဖြစ် ပြောင်းလဲဖို့က အချိန်နဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဟာလည်း ထိခိုက်လွယ်တဲ့ တာဝန်ဖြစ်ပါတယ်။အသက်အရွယ်ကြီးလာကြတဲ့ လူဦးရေအတွက် အရည်အသွေးပြည့် လုပ်သားအင်အား မွေးထုတ်ဖို့ကလည်း မလွယ်ကူတာဖြစ်ပါတယ်။  

အရှေ့မြောက်ပိုင်းဒေသဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ စက်မှုနဲ့ စိုက်ပျိုးရေး အခြေစိုက်နေရာဖြစ်ပါတယ်။ဒီလို မဟာဗျူဟာကျ အရေးပါမှုကို ထိန်းသိမ်းခြင်းဟာ အမျိုးသားကာကွယ်ရေး၊ အစားအစာလုံခြုံရေး၊ ဂေဟစနစ်လုံခြုံရေး၊ စွမ်းအင်လုံခြုံရေးနဲ့ စက်မှုလုံခြုံရေးတို့အတွက် အရေးပါပြီး နိုင်ငံရဲ့ အလုံးစုံတိုးတက်မှုနဲ့လည်း ဆက်နွယ်နေပါတယ်။တရုတ်ရဲ့ အရှေ့မြောက်ပိုင်းဒေသကို ပစ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ စီးပွားရေးစိန်ခေါ်မှုများနဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှုတို့အတွက် အရေးပါတဲ့ ခြေလှမ်းအစဖြစ်ပါတယ်။ဒီလိုပြုပြင်ပြောင်းလဲရေးအစီအစဉ်ရဲ့ အောင်မြင်မှုဟာ ဒေသခံ အစိုးရများနဲ့ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေအနေပေါ်လိုက်ပြီး လိုက်လျောညီထွေမှုရှိခြင်းဖြင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။

ကောင်းမွန်စွာ အောင်မြင်သွားပါက အရှေ့မြောက်ပိုင်းဒေသရဲ့ ပြန်လည်ရှင်သန်ရေးဟာ အခြားသော ဒေသတွေအတွက် ဥပမာ ပြယုဂ်ဖြစ်လာပြီး တရုတ်နိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ပြည်သူများရဲ့ ဘဝနဲ့ စီးပွားရေးခေတ်မီတိုးတက်စေရေးအတွက် မည်သို့မည်ပုံ သန္နိဋ္ဌာန်ချ မှတ်ထားတယ်ဆိုတာကို ပြသရာလည်းရောက်မှာဖြစ်ပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Comprehensive reforms to support northeast China's revival