【 နိုင်ငံတကာဆောင်းပါး 】 တုန်းလျန်ဟွားကျေးရွာမှ သမိုင်းဝင်ဗိသုကာများ

【 နိုင်ငံတကာဆောင်းပါး 】 တုန်းလျန်ဟွားကျေးရွာမှ သမိုင်းဝင်ဗိသုကာများ

တရုတ်ပြည်၏ အနောက်တောင်ဘက်အရပ်တွင် တည်ရှိသော ယူနန်ပြည်နယ်သည် တိုင်းရင်းသားအစုံအလင်တို့၏ အသွင်သဏ္ဍာန်အမျိုးမျိုးတို့ဖြင့် ထင်ရှားနေသော ပြည်နယ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းဆိုင်ရာ ယဉ်ကျေးမှုတို့ ထုံမွှန်းနေလျက်ရှိသည်။  
 
ယူနန်ပြည်နယ် တာ့လီ (Dali) တောင်ဘက်ပိုင်းရှိ ဝေးရှန်းပါ့ဇီ (Weishan bazi) တွင် ရှေးဟောင်း အငွေ့ အသက်များ ထုံမွမ်းနေသော တုန်းလျန်ဟွားအမည်ရှိ ကျေးရွာတစ်ရွာရှိပါသည်။၎င်းကျေးရွာတွင် ဟွေတိုင်းရင်းသားဟုခေါ်သော အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးတို့ နေထိုင်ကြသည်။ဟွေတိုင်းရင်းသားတို့သည် ဆန်းပြား သည့် ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုများ ပေါင်းစပ်ထားသည်။
 
တုန်းလျန်ဟွားကျေးရွာသည် တစ်ချိန်က ရှေးဟောင်းလက်ဖက်ရည်-မြင်းလမ်းမကြီး (Tea Horse Road) ၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းနေရာတစ်ခုဖြစ်ခဲ့သလို ယနေ့ကာလတွင်လည်း တစ်ရွာလုံးသည် မြေပြန့်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေစွာဖြင့် သွားလာနိုင်ကြသည်။
 
တုန်းလျန်ဟွားကျေးရွာ၌ တည်ဆောက်ထားသော အဆောက်အအုံများသည် မင်မင်းဆက် အစောပိုင်းကာလကတည်းကဖြစ်သည်။အလွန်ရှေးကျသော ရွာတစ်ရွာဖြစ်ခဲ့၍ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များစွာရှိနေ ပါသည်။၎င်းကျေးရွာကို ၂၀၀၇ ခုနှစ်က ယူနန်ပြည်နယ်မှ ဂေဟစနစ် မူဆလင် ရိုးရာယဉ်ကျေးမှု ကာကွယ်ရေး နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ကျေးရွာထဲတွင် စိမ်းလန်းနေသော လယ်ကွင်းများဖြင့် လှပနေသည်။ခိုင်ခံ့သော မူဆလင်စတိုင် အိမ်များ၊ မူဆလင်ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုပုံစံမျိုးစုံကို ရောနှောပေါင်းစပ်ထားသည်။
 
ကျေးရွာထဲတွင် ရှေးဟောင်းအိမ် ၂၈ လုံးရှိပြီး မြေကြီးနှင့် ကျောက်တုံးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကြသည်။တံခါးများ၊ ပြတင်းပေါက်များ၊ အိမ်များ၊ နံရံများနှင့် အမိုးများကို နဂါးရုပ်ပုံများ ထွင်းထုထားသည်။ရွာသားများသည် ၎င်းတို့နေအိမ်ခြံဝန်းများထဲတွင် သစ်သားထွင်းခြင်းနှင့် ကျောက်ထွင်းခြင်း အနုပညာကို နှစ်သက်ကြသည်။
 
အဆောက်အဦများ၏ ထောင့်တိုင်းတွင် မတူညီသော အနုပညာများဖြင့် ဆွဲဆောင်ထားသဖြင့် ၎င်းသည် ရိုးရာ အစ္စလာမ်ယဉ်ကျေးမှုကို အခြားသော အမျိုးသားယဉ်ကျေးမှုများနှင့် သဟဇာတဖြစ်အောင် ပေါင်းစည်းမှုကို ဖော်ညွှန်း ထားခြင်းဖြစ်သည်။
 
ယွမ်မင်းဆက်လက်ထက်ကတည်း အစ္စလာမ်ဘာသာတရား ထွန်းကားခဲ့ပြီး မွတ်စလင်အမျိုးသားများက ဟန်အမျိုးသမီးများနှင့် လက်ထပ်ထိမ်းမြားရင်း တရုတ်လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းခဲ့သည်။ချင်းမင်းဆက် အစက တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော်တွင် တရုတ်ဗိသုကာလက်ရာများကို ခမ်းနားစွာဖြင့် ဖော်ပြခဲ့သည်။
 
တုန်းလျန်ဟွား ဗလီတံခါးထိပ်တွင် လခြမ်း၊ ကြယ်နှင့် တရုတ်ဘာသာစကား စာတမ်းဖြင့် ဖော်ပြထားပြီး ဗလီတွင် တရုတ်ဗိသုကာ လက်ရာများကို အံ့ဩဖွယ် တွေ့မြင်ရမည်ဖြစ်သည်။  
 
ဟွေအမျိုးသားများသည် ရှေးအခါက လက်ဖက်နှင့် မြင်းလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။မူဆလင် စစ်သားများသည် ကုန်သည်များဖြစ်လာပြီးနောက် တိဗက်နှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုများဖြင့် အကျိုး ဖြစ်ထွန်းခဲ့သည်။၎င်းတို့သည် လက်ဖက်ရည်၊ ပိုးထည်၊ သကြားနှင့် အခြားထုတ်ကုန်များကို တစ်နေ့လျှင် ပျမ်းမျှ မိုင် ၃၀ မျှ ပို့ဆောင်ခဲ့ကြသဖြင့် မြင်းကုန်သည်ရေးအဖွဲ့၏ ဂုဏ်သတင်းများ ကျော်ဇော်ခဲ့သည်။  
 
ထိုအချိန်က တုန်းလျန်ဟွားကျေးရွာတွင် ဟွေလူမျိုးဟုခေါ်ဝေါ်သော မူဆလင်များသည် ချမ်းသာခဲ့ကြပြီး ခမ်းနားသော အိမ်ရာများကို ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ ၂၀ ရာစုပြည့်နှစ်နောက်ပိုင်းတွင် ရွာအတွင်းက မြင်းကုန်သွယ် ရေးအဖွဲ့အချို့ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သွားခဲ့ကြပြီး ကျေးရွာအတွင်း၌ ယဉ်ကျေးမှုများစွာ ရောနှောပေါင်းစည်းထားသော နေအိမ်ခြံဝင်းများသာ ကျန်ရစ်ခဲ့သည်။ကျန်ရစ်သည့် ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများက အတိတ်က ကုန်သည်အများအပြား စုဝေးခဲ့ကြသည့် စည်ကားတိုးတက်မှုများကို တိတ်တဆိတ်ဖော်ပြနေသကဲ့သို့ပင်ရှိနေပါသည်။ဤသို့ဖြင့် တုန်းလျန်ဟွားကျေးရွာ၏ ခမ်းနားထည်ဝါသော ရှေးဟောင်းဗိသုကာလက်ရာများနှင့် သာယာဖွယ် အလှတရာများကြောင့် ယူနန်ပြည်နယ်၏ ခရီးသွားဒေသများကြားတွင် သွားလာလည်ပတ်သူများဖြင့် ထင်ရှားလာသော ကျေးရွာတစ်ရွာဖြစ်လာပါသည်။
 
တချို့က တုန်းလျန်းဟွားသည် တောင်တန်းများကြား ဝှက်ထားသည့် တစ်ချိန်က ရှန်ဂရီလာဟူ၍ပင် တင်စားကြသည်။ရွာ၏အမွေအနှစ် ဗိသုကာလက်ရာများ ပျောက်ကွယ်သွားမည်ဖြစ်၍ ရှေးဟောင်းအဆောက်အအုံများကို မွမ်းမံပြင်ဆင်ခြင်းမပြုဘဲ ယခင်ပုံစံအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရန်နှင့် ခေတ်မီနေ အိမ်များ မဆောက်ကြရန် ဒေသန္တရအစိုးရက ဒေသခံများအား တိုက်တွန်းထားသည်။
 
ယခုအခါ ကျေးရွာ၌ ခရီးသွားလုပ်ငန်းများ တိုးတက်လာခဲ့ပြီး ဒေသခံအများစုမှာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် တည်းခိုခန်းများကို ဖွင့်လှစ်ထားခြင်းဖြင့် ဝင်ငွေတိုးတက်လာကြသည်။
 
ထို့ကြောင့်ပင် တုန်းလျန်ဟွားကျေးရွာသည် အမွေအနှစ်ကာကွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းတို့ဖြင့်  ရွာ၏ ရှေးဟောင်းဗိသုကာ အဆောက်အအုံတို့သည် ပို၍အသက်ဝင်လာ‌ပေတော့သည်။
 
အမွန်