【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က ကောင်းရှုံ့ဆိပ်ကမ်း

【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က ကောင်းရှုံ့ဆိပ်ကမ်း

ထိုင်ဝမ်မှာ ကျွန်းပေါင်း ၈၀ ခန့်ရှိပြီး ကုန်းမြေဧရိယာ ၃၆,ဝဝဝ စတုရန်းကီလိုမီတာရှိပါတယ်။ထိုင်ဝမ်ကျွန်းပေါ်မှာ တောင်တွေနဲ့ တောင်ကုန်းတွေက သုံးပုံနှစ်ပုံလောက် နေရာယူထားပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့မြောက်ဘက်မှာ အရှေ့ပင်လယ်၊ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာ၊ တောက်ဘက်မှာ ဖိလစ်ပိုင်နဲ့ အနောက်ပိုင်းမှာ ထိုင်ဝမ်ရေလက်ကြားရှိပါတယ်။ထိုင်ဝမ်နှစ်ဖက်ကမ်းရေလက်ကြားဟာ တရုတ်ပြည်မကြီး ဖူကျန့်ပြည်နယ်နဲ့ ဆက်စပ်နေပြီး ပြည်နယ်တစ်ခုလုံးဟာ အနောက်ပစိဖိတ်သမုဒ္ဒရာပင်လယ်ရေကြောင်းရဲ့ အလယ်ဗဟိုမှာ ရှိနေပါတယ်။ထိုင်ဝမ်ကျွန်းရဲ့ ထူးခြားချက်က အလယ်ပိုင်းမြင့်မားပြီး ဘေးနှစ်ဖက်နိမ့်တာမို့ တောင်တန်းတွေပေါ်ကနေ စီးဆင်းလာတဲ့ ရေတွေက ရေဝေရေလဲဖြစ်ပေါ်ပြီး ပင်လယ်ကမ်းရိုးတန်းအထိ ပေါက်ပါတယ်။

၂၀ဝ၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ ထိုင်ဝမ်မှာ လူဦးရေ ၂၃ သန်းကျော်ရှိတဲ့အတွက် လူဦးရေများပြားတယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်ဝမ်မှာနေတဲ့ လူတွေဟာ တရုတ်ပြည် ဖူကျန့်ကလာသူများပြီး ဟန်လူမျိုး၊ မွန်ဂိုလူမျိုး၊ ဟွေလူမျိုး၊ မြောင်လူမျိုးနဲ့ ကောင်းရှန်းလူမျိုးအပါအဝင် တရုတ်တိုင်းရင်းသားလူမျိုး ၁၆ မျိုးတို့ စုစည်းနေထိုင်ကြတာဖြစ်ပါတယ်။ထိုင်ဝမ်မှာပြောတဲ့ စကားဟာ တရုတ်စကား မန်ဒရင်းနဲ့ ဖူကျန့်ဒေသစကားတို့ပဲဖြစ်ပြီး ရေးတဲ့စာဟာလည်း တရုတ်စာပဲဖြစ်ပါတယ်။

ထိုင်ဝမ်မှာ အဓိကမြို့ကြီး ၅ မြို့ ရှိပါတယ်။တိုင်ပေ၊ ထိုင်ကျုံး၊ ထိုင်နန်နဲ့ ကောင်းရှုံ့မြို့တို့ဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့ မြို့တော်ဟာ တိုင်ပေဖြစ်ပြီး အကြီးဆုံးစက်မှုလုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုင်ပေမှာရှိပါတယ်။တိုင်ပေမြို့ဟာ ထိုင်ဝမ်ရဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးအချက်အချာကျတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။တိုင်ပေမြို့မှာ ထိုင်ဝမ်ရဲ့ အဆင့်မြင့်တက္ကသိုလ် ၂၄ ကျောင်းရှိပါတယ်။

ဒုတိယမြို့ဖြစ်တဲ့ ကောင်းရှုံ့မြို့မှာတော့ စက်မှုဇုန်များရှိကာ ရေနံချက်စက်ရုံ၊ သံထည်စက်ရုံ၊ သင်္ဘောကျင်း၊ အီလက်ထရောနစ်စက်မှုလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ အလူမီနီယံနဲ့ သကြားထုတ်လုပ်ရေးလုပ်ငန်း စတဲ့ စက်မှုလုပ်ငန်းတွေရှိပါတယ်။

ကောင်းရှုံ့ဆိပ်ကမ်းဟာ အရှေ့တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာနဲ့ အရှေ့မြောက်ဘက်ဒေသရဲ့ ပင်လယ်ရေကြောင်းလမ်းဖြစ်တဲ့အတွက် ဒီဆိပ်ကမ်းဟာ ထိုင်ဝမ်ရဲ့ အကြီးဆုံး နိုင်ငံတကာကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှုံ့မြို့တွင်တည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်သလို နှစ်စဉ် ကုန်စည်သေတ္တာပေါင်း ၁၀ သန်းကျော် တင်ချပေးနိုင်သည့် ထိုင်ဝမ်ရဲ့ အကြီးမားဆုံး ဆိပ်ကမ်းလည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း ၁၅ ခုထဲမှာပါဝင်တဲ့ ကောင်းရှုံ့ဆိပ်ကမ်းဟာ ထိုင်ဝမ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ဒီဆိပ်ကမ်းကြီးမှာ သင်္ဘောသွားလာနိုင်သည့် ရေကြောင်းမှာ ၁၈ ကီလိုမီတာ ရှည်လျားပြီး ဆိပ်ကမ်းဧရိယာအတွင်းရှိ ရေအနက်မှာ ၁၁.၃ မှ ၁၆.၀ မီတာရှိ၍ တန် ၁၅၀,၀၀၀ ရှိ သင်္ဘောများ ဝင်ထွက်သွားလာနိုင်၊ ဆိုက်ကပ်နိုင်ပါတယ်။

ဆိပ်ခံဗောတံတား ၂၄ ခုရှိ၍ တန် ၁ သောင်းအထက် သင်္ဘော ၂၄ စင်း တပြိုင်နက်တည်း ဆိုက်ကပ်နိုင်သလို ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား ၂ ခုရှိပြီး တန် ၁၅၀,၀၀၀ နှင့် တန် ၂၅၀,၀၀၀ ရှိ ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပါတယ်။

ကောင်းရှုံ့ဆိပ်ကမ်းတွင် လက်ရှိအသုံးပြုနေသည့် ဆိပ်ခံတံတားပေါင်း ၁၁၆ ခုရှိကာ ၎င်းတို့အနက် ၃၀ မှာ ကုန်စုံတင်ချနိုင်သည့် ဆိပ်ခံတံတားဖြစ်ကာ ကုန်စည်သေတ္တာတင်ချသည့် ဆိပ်ခံတံတားမှာ ၂၄ ခုရှိပါတယ်။ထို့အပြင် ခရီးသည်တင်သင်္ဘော၊ စစ်သင်္ဘောနှင့် ဆိပ်ကမ်းအရေးကိစ္စများအတွက် ဆိပ်ခံတံတား ၂၄ ခုရှိပြီး ဂိုဒေါင် ၉၆ ခုရှိကာ ကုန်တန်ချိန် ၅.၇၆ သိန်း သိုလှောင်နိုင်ကာ ကုန်တင်ကုန်ချ ကရိန်းအရေအတွက်မှာ ၁၇၀ ရှိပါတယ်။

ဆိပ်ကမ်းရှိ အဆောက်အဦများကို အကောင်းဆုံးအဖြစ် အဆင့်မြှင့်တင်ထားရုံသာမက ဆိပ်ကမ်းတစ်လျှောက် ရှုခင်းမျိုးစုံကြောင့်လည်း ကောင်းရှုံ့မြို့ရဲ့ လှပမှုတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။

အပျော်စီးသင်္ဘောဖြင့် ပတ်ပြီး ဆိပ်ကမ်းရဲ့ ခေတ်မီမှုကို မြင်တွေ့နိုင်မှာဖြစ်သလို မြို့တော်ရဲ့အလှကို ခံစားနိုင်တာကြောင့် ခရီးသွားတွေ အကြိုက်တွေ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ခန့်မောင်