【 နိုင်ငံတကာဆောင်းပါး 】 ထူးခြားတဲ့ ခရီးသွားနေရာတွေရှိတဲ့ စစ်ဆောင်ပန်းနားဒေသ

【 နိုင်ငံတကာဆောင်းပါး 】 ထူးခြားတဲ့ ခရီးသွားနေရာတွေရှိတဲ့ စစ်ဆောင်ပန်းနားဒေသ

သဘာဝရှုခင်းတွေ အဆုံးမရှိ ဆွဲဆောင်မှုတွေနဲ့ ဒေသတစ်ခုကို ညွှန်ပါဆိုရင် မြန်မာနိုင်ငံ နယ်စပ်၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က စစ်ဆောင်ပန်းနားဒေသက ချန်ထားလို့မရတဲ့ နေရာလို့ ဆိုကြပါတယ်။
 
ဒီဒေသမှာဆိုရင် တိုင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးတွေလည်း နေထိုင်ကြတာကြောင့် အရောင်အသွေးစုံနဲ့ ရိုးရာစုံလင်တဲ့ ဒေသလို့ ဆိုရမှာဖြစ်ပါတယ်။
 
စစ်ဆောင်ပန်းနားဒေသအကြောင်း စတင်မိတ်ဆက်ဖော်ပြရရင်တော့ မြန်မာနဲ့တူတဲ့ အချက်ဖြစ်တဲ့ နှစ်သစ်ကူး သင်္ကြန်ရိုးရာနဲ့ မိတ်ဆက်ချင်ပါတယ်။ဒီဒေသရဲ့ တိုင်းရင်းသားတွေမှာ တိုင်လူမျိုးတွေက နှစ်သစ်ကူးပွဲတော်အဖြစ် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြပြီး ဒါဟာ ဒေသရဲ့ခရီးသွားဆွဲဆောင်ရာ ရိုးရာပွဲတွေအနက်ပါဝင်ပြီး ဒေသကို လူသိများ ထင်ရှားစေတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် အခုတစ်ခါမှာ တော့ ထူးခြားတဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတွေရှိတဲ့ စစ်ဆောင်ပန်းနားဒေသအကြောင်းကို လက်လှမ်းမီသလောက် စုစည်းတင်ပြပေးသွား မှာဖြစ်ပါတယ်။
 
စစ်ဆောင်ပန်းနားဒေသဆိုတာ
တိုင်ဘာသာစကားအရ “စပါးစိုက်ပျိုးသော ဆယ့်နှစ်ဒေသ” လို့ အကြမ်းဖျင်းအဓိပ္ပါတယ်ရတဲ့ ဒီဒေသဟာ ၁၉၅၃ ခုနှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုဖြစ်ခဲ့တာလို့ သိရပါတယ်။၎င်းရဲ့ မြို့တော်ကတော့ Jinghong ဖြစ်ပြီး ဒီဒေသမှာဆိုရင် အခြားတိုင်းရင်းသား ၁၂ ဖွဲ့ဖြစ်တဲ့ Blang ၊ Kino ၊ Yao ၊ နဲ့ Hani တို့ ခရိုင်အတွင်း အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။
 
          ကောက်ကွမ်းစစ်ဆောင် အလှပြကွင်း
 
ယူနန်ရဲ့ တောင်ဘက်မှာရှိတဲ့ စစ်ဆောင်ပန်းနားက ကောက်ကွမ်းစစ်ဆောင် အလှပြကွင်းဟာ ယူနန် ရဲ့ ခရီးသွားဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ဒီမှာနေရာမှာဆိုရင် လှပတဲ့ အဆောက်အဦတွေနဲ့ လည်ပတ်စရာနေရာတွေလည်း များပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာဓလေ့၊ အဝတ်အစားရက်လုပ်ပုံတွေအပြင် ရိုးရာအစားအသောက်တွေကိုပါ လေ့လာခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်။နွေးထွေးဖော်ရွေတဲ့ တိုင်းရင်းသားတွေရဲ့ အကလှကြိုဆိုမှုတွေ၊ ရိုးရာဗုံသံတွေ၊ ရိုးရာလက်မှုလုပ်ငန်း၊ အနုပညာနဲ့ စားသောက်ဖွယ်ရာတွေ အစုံအလင်ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
 
          Manting ဥယျာဉ်
 
ရှေးက တိုင်နိုင်ငံရဲ့ အင်ပါယာဥယျာဉ်တစ်ခုဖြစ်ပြီး အထဲမှာ Zongfo Si လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရှိပါတယ်။တိုင်ယဉ်ကျေးမှုပြပွဲနဲ့ မီးပုံပွဲကို ဒီနေရာမှာ ညနေတိုင်း ကျင်းပလေ့ရှိပြီး သဘာဝကျေးရွာပုံစံ ပန်းခြံဟာဆိုရင် ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပန်းနားဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ Jinghong မြို့ရဲ့ အရှေ့တောင်ဘက် ၂ ကီလိုမီတာ အကွာမှာရှိပါတယ်။
 
ဒီဥယျာဉ်မှာဆိုရင် ရှေးဟောင်း ကဆုဒ်ပင် ၅၀၀ ကျော်နဲ့ အခြားအပင်မျိုးစိတ်တွေ၊ တောင်တွေ၊ မြစ်တွေနဲ့ အတူ ဒေသဆိုင်ရာဒိုင်ဗိသုကာလက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင် ဘုရားကျောင်းတွေလည်းရှိပြီး အပူပိုင်းဒေသ သဘာဝနဲ့ တိုင်တော်ဝင်မိသားစုရဲ့ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာနဲ့ တိုင်ရိုးရာဓလေ့တွေကို လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။
 
          Menglun ရုက္ခဗေဒဥယျာဉ်
 
တစ်ဆက်တည်းမှာပဲ Jinghong ကနေ နှစ်နာရီကြာ ကားမောင်းပြီး Menglun ရုက္ခဗေဒဥယျာဉ်ကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ဒီမှာဆိုရင် ၈၆၆.၆ ဟက်တာ ကျယ်ဝန်းသော ဥယျာဉ်အတွင်း အပူ ပိုင်းဒေသ အကြီးဆုံး အပင်မျိုးစိတ်ကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီအထဲ ဥပမာအနေနဲ့ နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိတယ်လို့ ပညာရှင်တွေက ဆိုထားတဲ့ ၃၄ မီတာမြင့်တဲ့ ကမ္ဘာ့ရှေးအကျဆုံး လက်ဖက်ပင်ကိုလည်း  မြင်တွေ့ရမှာဖြစ်ပါတယ်။
 
          Ganlanba စျေး
 
ဒီစျေးမှာတော့ လက်မှုပစ္စည်းမျိုးစုံရောင်းတဲ့ စျေးသည်တွေ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေနဲ့ အိမ်သုံးပစ္စည်းတွေကို တွေ့နိုင်ပြီး ကြည်နူးစရာကောင်းတဲ့ တစ်ချက်က ဘုရားကျောင်း ခေါင်းလောင်းသံတွေ ပျံ့လွင့်နေတဲ့ နေရာလည်းဖြစ်ပါတယ်။တိုင်လူမျိုးတွေရဲ့ ဗုံသံတွေကို ကြားနေရပြီး ပန်းတွေနဲ့ အပူပိုင်း ဒေသ အငွေ့အသက်တွေကို ခံစားရတဲ့ နေရာလည်းဖြစ်ပါတယ်။
 
ဖော်ပြခဲ့တာတွေကတော့ မြန်မာနိုင်ငံ နယ်စပ်၊ တရုတ်နိုင်ငံ၊ စစ်ဆောင်ပန်းနားဒေသက ခရီးသွားဆွဲဆောင်ရာ နေရာတချို့ကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
 
စစ်ဆောင်ပန်းနားဒေသဟာ လာအို၊ မြန်မာနဲ့ ထိုင်းတို့နဲ့ နယ်နိမိတ်ထိစပ်မှုနဲ့အတူ စီးပွားရေး၊ယဉ်ကျေးမှုစုံလင်တဲ့ ဖြစ်ထွန်းတဲ့ နေရာလည်းဖြစ်ပါတယ်။ကမ္ဘာ့လှည့်ခရီးသွားတွေအနေနဲ့ အပူပိုင်းမိုးသစ်တောကြီးတွေရဲ့ မြင်ကွင်းတွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်သလို မြေပြင်အထက် မီတာ ၅၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ကြိုးတံတားအပြင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေကို မြင်တွေ့ခံစားနိုင်မှာလည်း ဖြစ်ပါတော့တယ်။
 
မိုးသား