【 နိုင်ငံတကာဆောင်းပါး 】 နဂါးလှေလှော်ပြိုင်ပွဲတော် သမိုင်းနဲ့ ခေတ်သစ်အလေ့အထ

【 နိုင်ငံတကာဆောင်းပါး 】 နဂါးလှေလှော်ပြိုင်ပွဲတော် သမိုင်းနဲ့ ခေတ်သစ်အလေ့အထ

တရုတ်နိုင်ငံမှာ တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ လမုန့်ပွဲတော်တို့နဲ့အတူ တရုတ်ရိုးရာ အခါကြီးရက်ကြီး ပွဲတော်တွေထဲ ပါဝင်နေတာကတော့ နဂါးလှေလှော်ပြိုင်ပွဲတော်ဖြစ်ပါတယ်။

ဒီပွဲတော်ဟာ ပွဲတော်ရက်စွဲကို သတ်မှတ်ဖို့တော့ ခက်ခဲပြီး လပြက္ခဒိန်ကို အသုံးပြုတာနဲ့အတူ နှစ်စဉ် နှစ်တိုင်း မတူညီတဲ့အချိန်တစ်ခုမှာ ကျင်းပကြတယ်လို့ ဆိုပါတယ်။

ယေဘုယျအနေနဲ့ ဒီပွဲတော်ကာလဟာ Gregorian ပြက္ခဒိန်အရဆိုရင် မေလကုန်ကနေ ဇွန်လကုန်အထိ အတောအတွင်း ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

          သမိုင်းကြောင်းက ဘယ်လိုလဲ ?

နဂါးလှေလှော်ပြိုင်ပွဲတော်နဲ့ပတ်သက်လို့ တရုတ်ရိုးရာ အားလပ်ရက်အဖြစ် နှစ်ထောင်ပေါင်းများစွာက ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေခဲ့တာဖြစ်ပြီး သမိုင်းရှည်ကြာတည်ရှိလာတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဒီပွဲတော်ဖြစ်ပေါ်ပုံ သမိုင်းကြောင်းကို ဖော်ပြရာမှာတော့ လူအများကြား ရေပန်းစားတဲ့ နောက်ခံဇာတ်ကြောင်း (၂) ခုရှိပါတယ်။

          (၁) Qu Yuan ရဲ့ အဆုံးစီရင်မှု

Qu Yuan ရဲ့ သေကြောင်းကြံစည်မှုဆိုတာ နဂါးလှေပွဲတော်ရဲ့ ဖြစ်တည်မှု သမိုင်းဇစ်မြစ်ကို ရှင်းပြဖို့ ရေပန်းစားတဲ့ နောက်ခံအကြောင်းအရာတစ်ပုဒ်ဖြစ်ပါတယ်။ Qu Yuan ဟာ ပညာရှိအမတ်တစ်ဦးဖြစ်ပြီး တရုတ်ပြည် စစ်မက်ထူပြောတဲ့ခေတ် တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲချိန်မှာ “ချူ” နိုင်ငံငယ်ရဲ့ ပညာရှိအဖြစ် အကြံပေးလုပ်နေခဲ့သူဖြစ်ပါတယ်။ပညာရှိအမတ်တစ်ဦးဖြစ်တဲ့ Qu Yuan ဟာ “ချူ”  နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ အင်အား ကြီး “ချင်” ပြည်ရဲ့ ရန်ကို ကာကွယ်ဖို့ နိုင်ငံငယ်တွေနဲ့အတူ ပူးပေါင်းသင့်တယ်လို့ “ချူ” ဘုရင်ကို အကြံပေးလျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ အကြံပေးမှု မအောင်မြင်တဲ့အပြင် အမတ်တချို့ရဲ့ ချောက်တွန်းမှုစကားတွေကြောင့် Qu Yuan ရာထူးချခံခဲ့ရပါတယ်။

တစ်ချိန်တည်းမှာ “ချူ” ဘုရင်က ပညာရှိ Qu Yuan ကို အယုံအကြည်မရှိတော့ဘဲ အခြားအမတ်တချို့ရဲ့ စကားနားယောင်လို့ ရန်သူ “ချင်” ပြည်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရာမှာတော့ ပညာရှိ Qu Yuan ဟာ စိတ်ပျက်ညှိုးငယ်စွာနဲ့ ရာထူးကနေ နုတ်ထွက်ပြီး ဇာတိမြေမှာ ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ချွတ်ခြုံကျလာခဲ့ပြီး “ချူ” နိုင်ငံငယ်ကိုလည်း “ချင်” ပြည်က အလွယ်တကူ သိမ်းပိုက်လိုက်ပါတော့တယ်။နိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရတဲ့ အမတ်ကြီး Qu Yuan ဟာ အရမ်းစိတ်ထိခိုက်ခဲ့ပြီး ဝမ်းနည်း စိတ်မကောင်းဖြစ်မှုတို့ကို မလွန်ဆန်နိုင်ဘဲ အဆုံးမှာတော့ ဟူနန်ပြည်နယ်၊ မီလူအိုမြစ်မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတော့တယ်။

အမတ်ကြီး Qu Yuan သူ့ကိုယ်သူ အဆုံးစီရင်တာကို ပြည်သူတွေသိချိန်မှာ ပညာရှိအမတ်ကြီးကို မြစ်ထဲမှာ ရှာဖွေကြပါတယ်။ဒီနေရာမှာ ပြည်သူတွေက ပညာရှိကြီးကို ငါးတွေစားသွားမှာကို စိုးရိမ်လို့ ဝါးကျည်ထောက်ထဲ ကောက်ညှင်းထည့်ပြီး မြစ်ထဲကို ငါးအစာကျွေးခဲ့ကြပါတယ်။အဲဒီလို ဝါးကျည်ထောက်ကနေ ဒီနေ့ခေတ်ကာလမှာတော့ ဖက်ရွက်နဲ့လုပ်ထားတဲ့ ကောက်ညင်းထုပ်တွေအဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ဖော်ပြကြပါတယ်။

          (၂) ပဉ္စမလမှာ ကံဆိုးခြင်းက ရှောင်ကြဉ်ခြင်း

ပွဲတော်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ကျရောက်တဲ့ ရက်စွဲနဲ့ပတ်သက်တဲ့ အယူအဆကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ပွဲတော်ကို တရုတ်ပြက္ခဒိန် ၅ လပိုင်း ၅ ရက်နေ့မှာ ပြုလုပ်ကြပြီး အဲဒီရက်လတို့ဟာ တရုတ်အယူအဆအရ ကူးစက်ရောဂါဖြစ်စေတဲ့ နတ်ဆိုး လူ့ပြည်ကို ဆင်းသက်လာချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် နတ်ဆိုးဟာ ရောဂါပိုးမွှားတွေ ပျံ့ပွားစေတယ်လို့ တရုတ်လူမျိုးတို့က ရိုးရာအစဉ်အဆက် ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ရေနတ်မင်း ပူဇော်ကန်တော့ပွဲ ပြုလုပ်လေ့ရှိပြီး ရာသီပေါ် ပိတ်စွယ်ရွက်ထဲကို ကောက်ပဲသီးနှံ (၅) မျိုးကို  ထည့်ထုပ်ပြီး မြစ်ထဲပစ် အန္တရာယ်ကင်းဘေးရှင်းဖို့ ဆုတောင်းလေ့ရှိကြပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်းရာထောင်ချီ ကြာပြီးနောက်မှာတော့ ဒီကောက်ညှင်းထုပ်အလေ့အထဟာ တရုတ်နိုင်ငံမှာ မတူကွဲပြားတဲ့ ဒေသ၊ ယဉ်ကျေးမှုအလိုက် ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့အတူ နဂါးလှေလှော်ပြိုင်ပွဲတော်ရဲ့ အထင်ကရအဖြစ်ဆုံး ကိုယ်စားပြု အစားအစာလည်း ဖြစ်လာခဲ့ပါတော့တယ်။ထို့အတူ ဒီကာလမှာ မြွေ၊ ကင်း စတဲ့ အဆိပ်ရှိ တွင်းအောင်းသတ္တဝါတွေလည်း ထွက်ပေါ်တတ်လို့ ဒီလိုဘေးဆိုးအန္တရာယ်တွေကို ကာကွယ်ဖို့ သစ်ဥသစ်ဖုတွေ၊ ဆေးဘက်ဝင် အရွက်တွေကို အစီအမံလုပ်ပြီး ဆောင်ထားတာတွေကို ပြုလုပ်ကြပါတယ်။

          ဘယ်လိုဆင်နွှဲကြလဲ ?

ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်နဲ့အတူ ဒီနေ့ခေတ်မှာ နဂါးလှေပွဲတော်ရဲ့ အထင်ရှားဆုံးလှုပ်ရှားမှုက နဂါးလှေပြိုင်ပွဲဖြစ်ပါတယ်။ပညာရှိ Qu Yuan ရဲ့ သေကြောင်းကြံစည်မှုဇာတ်လမ်းကို နဂါးလှေပြိုင်ပွဲ အစဉ်အလာအရ ရှင်းပြပြီး မကြာခဏပြုလုပ်ကြတာလည်း ခံစားချက်တစ်မျိုးကို ခံစားမိကြမှာဖြစ်ပါတယ်။ဒီရှင်းပြချက်နဲ့အညီ ပြိုင်နဂါးလှေတွေက ပညာရှိကြီးကို ကယ်တင်ဖို့ မြစ်ထဲကို လှေလှော်နေကြတဲ့ အတိတ်တစ်ချိန်က ပြည်သူတွေအကြောင်း လုပ်ရပ်ကို အမှတ်ရစရာလည်းဖြစ်ပါတယ်။

နဂါးလှေပြိုင်ပွဲဟာ နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းကြောင်းရှိပြီး အချို့ကတော့ ဒီအလေ့အထက နဂါးဘုရားသခင်ကို ကိုးကွယ်တဲ့ နည်းလမ်းအဖြစ် စတင်ခဲ့တာလို့ ယူဆကြပါတယ်။

အာရှတစ်ခွင်မှာဆိုရင်လည်း နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေကြား နဂါးလှေပြိုင်ပွဲက ရေပန်းစားခဲ့ကြတာဖြစ်ပါတယ်။နဂါးလှေကိုတော့ မူလက လှေကို ကျွန်းသားနဲ့ ပြုလုပ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ နဂါးလှေအများစုက ဖိုက်ဘာအသုံးပြု ခေတ်မီပစ္စည်းတွေနဲ့ ပြုလုပ်ထားလျက်ရှိကြပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းက လူတွေကြားမှာလည်း ရေပန်းစားလျက်ရှိနေပါတယ်။ New York နဲ့ Chicago လို မြို့ကြီးတွေမှာတောင် ပြိုင်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) က နဂါးလှေလှော်ပြိုင်ပွဲတော်ကို “ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” အနေနဲ့ သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး ကမ္ဘာ့အသိအမှတ်ပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပွဲတော်ရက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ Zòngzi လို့ခေါ်တဲ့ ကောက်ညှင်းထုပ်ကို ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ကောက်ညှင်းဆန်နဲ့ ပြုလုပ်ထားတဲ့ ပိရမစ်ပုံသဏ္ဍာန် ဖက်ထုပ်တစ်မျိုးဖြစ်ပြီး ချိုမြိန်ဖို့နဲ့ အရသာအတွက် ဖြည့်စွက်စာအမျိုးမျိုးကို ထည့်ပေါင်းလုပ်ကိုင်ကြပါတယ်။ဆားနယ်ထားတဲ့ ကြက်ဥအနှစ်၊ ဝက်သားနဲ့ မှိုတို့ကိုလည်း ထည့်ပြီး အရသာရှိရှိ ပြုလုပ်စားသောက်ကြပါတယ်။

ရှေးခေတ်က အဖြစ်အပျက်တွေ၊ ဆိုရိုးအကြောင်းအရာတွေကနေ နှစ်ပေါင်းထောင်ချီ ကြာမြင့်တဲ့အထိ ပြုလုပ်နေဆဲ နဂါးလှေလှော်ပြိုင်ပွဲတော်က အခုမျက်မှောက်ခေတ်မှာလည်း ဂုဏ်ယူဖွယ် တည်ရှိနေမြဲဖြစ်ပါတယ်။

သမိုင်းယဉ်ကျေးမှု ဓလေ့တွေကို လက်ဆင့်ကမ်းပြီး ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ဟာ တရုတ်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အရောင်အသွေးစုံလင်လှတဲ့ ပွဲတော်အဖြစ်လည်း ရှိလာနေပါတယ်။

မိုးသား